လူ့ ဘ၀ကိုတန်ဖိုးထားတတ်အောင် ၀န်ထမ်းတွေကို အခေါင်းထဲထည့်ပိတ်တဲ့ ‘အယောင်ဆောင်ဈာပန’ ဓလေ့
တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါ တောင်ကိုရီးယား ကုမ္ပဏီတွေဟာ ၀န်ထမ်းတွေကို သူတို့ ဘ၀ရပ်တည်မှုရဲ့ အဓိပ္ပါယ်ကို ဆင်ခြင်သိရှိနိုင်အောင်အတွက် ‘ဈာပနအတု’ တွေကို ပြုလုပ်လျက်ရှိပါတယ်။
အဆိုပါထူးဆန်းတဲ့အပြုအမူမှာ ကုမ္ပဏီကြီးတွေဟာ သူတို့ ရဲ့ ၀န်ထမ်းတွေကို သစ်သားအခေါင်းတွေထဲ ၀င်လှဲစေပြီး ‘ သေမင်းတမန်’ ပုံစံသရုပ်ဖော်ထားတဲ့ အနက်ရောင်ဝတ်စုံနဲ့  ဦးထုပ်ရှည်တစ်လုံးဆောင်းထားသူ အမျိုးသားတစ်ဦးက အခေါင်းဖုံးတွေကို ပိတ်ပစ်လိုက်ပါတယ်။ အခုလို သေချင်ယောင်ဆောင်ခြင်းဟာ ၁၀ မိနစ် ၀န်းကျင်ခန့် ကြာပြီး အမှောင်ထုထဲမှာ ပိတ်မိနေတဲ့လူတွေဟာ သူတို့ ဘ၀ရပ်တည်မှုရဲ့ အဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ကြရပါတယ်။
ဒီ အယောင်ဆောင်ဈာပနမှာ ပါဝင်တဲ့သူတွေဟာ အခေါင်းထဲမ၀င်ခင်မှာ၊ နောက်ဆုံးနေ့ ရက်တွေကို ကျော်ဖြတ်နေရတဲ့ ကင်ဆာဝေဒနာရှင်တစ်ဦးကို ရိုက်ထားတဲ့ဗီဒီယိုအပါအ၀င် အခက်အခဲ၊ ဘေးဒုက္ခတွေကြုံတွေ့ နေ ရတဲ့ လူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုအပိုင်းတွေကို ကြည့်သွားရပါတယ်။ Seoul မြို့ မှာ Hyowon ဆေးကုသစင်တာ ဖွင့်လှစ်ထားသူ Jeong Yong-mun က ဒီ အယောင်ဆောင်ဈာပန မှာ ပါဝင်သူတွေဟာ ဘ၀ရဲ့အဓိပ္ပါယ်ကို မိမိဘာသာသဘောပေါက်နားလည်သွားကြတယ်လို့ ဆိုပါတယ်။
“ အခေါင်းထဲဝင်ရတဲ့အတွေ့ အကြုံပြီးနောက်မှာတော့၊ ကျွန်တော့်ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင် သင့်ပြီလို့ သဘောပေါက်နားလည်မိသွားတယ်” လို့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Cho Yong-tae က အခေါင်းက ထွက်လာပြီးနောက်မှာ ပြောပြပါတယ်။ “ ကျွန်တော်အမှားတွေ အများကြီးလုပ်ခဲ့မိပါလားဆိုတာ မြင်မိသွားတယ်။ ကျွန်တော်လုပ်သမျှ အလုပ်တိုင်းမှာ ပို ကြိုးကြိုးစားလုပ်ဖို့ ရည်ရွယ်ထားပြီး မိသားစုနဲ့ လည်း အချိန်ပိုနေပေးရပါမယ်”
တောင်ကိုရီးယားနိုင်ငံက လူအယောက် တစ်သိန်းမှာ ပျှမ်းမျှ အားဖြင့် မိမိကိုယ်ကိုသေကြောင်းကြံစည်မှုပေါင်း ၂၉.၁ ခုရှိပြီး ၂၀၁၃ ခုနှစ်အတွင်း အသက် ၉ နှစ်ကနေ ၂၄ အတွင်း လူငယ်တွေသေဆုံးရမှုရဲ့ အဓိက အကြောင်းရင်းက မိမိကိုယ်ကိုသေကြောင်းကြံစည်မှုကြောင့် ဖြစ်ပါတယ်။ ဆိုးလ်မြို့ အာဏာပိုင်တွေဟာ ၀န်ထမ်း၊အလုပ်သမားတွေအနေနဲ့ စိတ်ဖိအားကိုလျှော့ချဖို့ အတွက် နေ့လယ်နေ့ ခင်း တစ်နာရီ အိပ်စက်ခွင့် တရားဝင်ပေးအပ်ထားပါတယ်။ ဒါပေမယ့် ဒီတစ်နာရီ အိပ်စက်ခွင့်ဟာ အလုပ်ကို တစ်နာရီ ပိုစောလာသူ ဒါမှမဟုတ် တစ်နာရီနောက်ကျပြန်သူတွေအတွက် ဖြစ်ပါတယ်။
Ref: Mirror
No comments