ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း မသိသေးသူများ နိပ်ကြည့်ရန်ဖတ်သင့်သည်


ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ် လူကုံထံ မျိုးရိုးမှ ဆင်းသက်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည် ထင်ရှား ကျော်ကြားသော မျိုးချုစ် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မီသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာများကိုယူကာ ဝိဇ္ဇာတန်းကို အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊ ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း တက္ဗသိုလ်သို့ ရောက်ရှိလာချိန်တွင်မှု တိုင်းပြည်တဝှမ်းလုံး၌ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် နိုင်ငံရေး စိတ်ထက်သန်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသားတို့၏ ရပိုင်ခွင်များ၊ မကျေနပ်ချက်များ အတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ ထုတ်ပစ်မည် ဟူ၍ နှစ်ကြိမ်တိုင်တိုင် ခြိမ်းချောက် ခံခဲ့ရသည်။ အကယ်အားဖြင့်လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့ ထုတ်ပယ်ခံရခြင်းသည် ၁၉၃၆ ခုနှစ် အစောပိုင်း၌ တပြည်လုံးနှံ့ ကျောင်းသား သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ် ဖြစ်သည်။ ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင် တဦး ဖြစ်ပေသည်။ ယင်းသပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာသင် နို့သောက်စို့ရင်း သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ဗဌနှင့် ဥက္ဗဌ အဖြစ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ထူထောင်သူ တဦးနှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသား အဖြစ်ဖြင့်ပင် ၁၉၁၈ ခုနှစ် အစောပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ၌ အခြား ကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြု ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအက်ဥပဒေကို ၁၉၂၀ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သည် ပြည်လုံးနှံ့ ကျောင်းသား လှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏ ရေသောက်မြစ်ပင် ဖြစ်ပေသည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် အင်္ဂလိပ် သတင်းစာ၊ မြန်မာ့ သတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင် သုံးကြိမ် ထုတ်ဝေသော အမျိုးသား စာစောင်ဖြစ်သည့် 'နယူးဘားမား' ဂျာနယ်၏ အယ်ဒီတာ အဖွဲ့တွင်လည်း အတန်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် သူသည် ဥပဒေတန်း တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့ ရပ်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက့်ကသည့်၊ အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေး ပါတီ ဖြစ်သော ဒို့ဗမာ အစည်းအရုံး (သခင်) ၌ ပါဝင်၍ အမျိုးသား လွတ်လပ်ရေးတည်း ဟူသော မျိုးချစ် လုပ်ငန်း အတွက် အလုပ်အကျွေး ပြုရန် ဖြစ်ပေသည်။ သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှ စ၍ ၁၉၄၀ ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် မြေလျှိုး သွားသည် အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင် ခေါင်းဆောင် တဦး အဖြစ် ၁၉၃၉ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်။ ထိုစဉ်က ထုတ်ပြန်သော အစိုးရ ကျေညာချက် အဆိုအရ 'အစိုးရအား အကြမ်းဖက်၍ တွန်းလှန် ဖြိုချရန် လုပ်ကြံမှု' ကို ခေါင်းဆောင်သူ တဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော် များမကြာခင်မှာပင် ပြန်၍ လွတ်လာခဲ့သည်။ သခင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုပေ ဟူ၍ လည်းကောင်း၊ ဒို့ဗမာ အစည်းအရုံး (သခင်ပါတီ၏ တရားဝင် အမည်) အား ယခု လုပ်နေသည့် အဖျက်အဆီး အနှောင့်အရှက် လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီးခဲ့သူ သုံးဦး အနက် တဦးဖြစ်ပြီး၊ ပါတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်း များစွာကို ဖော်ထုတ်ရေး အတွက် တဝန်ယူခဲ့သည် ဟူ၍ လည်းကောင်း၊ ထိုစဉ်က အစိုးရ မှတ်တမ်းများ၌ ရေးသား ထားလေသည်။ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် ကောင်မတီဝင် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုနှစ် အတွင်း ဒေါက်တာ ဗမော်နှင့် အတူ၊ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လိုကြသော ပါတီများ၊ အစိတ်အပိုင်များ စုစည်ထားသည့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဦးဆောင် ဖွဲ့စည်းရာတွင် အဓိက ပုဂ္ဂိုလ် တဦး ဖြစ်သည်။ သူသည် ဗမာ့ ထွက်ရပ်ဂိုဏ်၏ အတွင်းရေးမှူး အဖြစ် မြေလျှိုး သွားခဲ့ရချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ၏ ဖိတ်ကြားချက် အရ ယင်းပါတီ၏ ရမ်းဂါး ညီလာခံသို့ တက်ရောက်သည့် သခင် ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိ ဝါယာ၊ ဗာရာဏသီ၊ အလ႞ာဟာဘတ်၊ အဂ္ဂရာ၊ ဒေလီ၊ ပက်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာအို၊ အမ်ရစ်ဆာ အာမက်ဒဘတ်၊ ဘုံဘေနှင့် ကာလ်ကတ္တားမြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ ပြန်လာခဲ့ရပြီးနောက် မြန်မာပြည် အတွင်း၌ နယ်ချဲ့ ဆန်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ် အဖြစ်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင် အဖြစ် ကာလ အတန်ကြာ ဆောင်ရွက်ခဲ့သည်။ သူ့အား ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ရာတွင် သူသည် ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ ဝရမ်းထုတ်သည့် အတွက် လူငယ်တို့ အတွင်း၌ မငြိမ်မသက် ဖြစ်မှုများ ပေါ်ထွက် လာရသောကြောင့် နောင်အခါတွင် ဝရမ်းကို ပြန်လည် ရုပ်သိမ်း ခဲ့စေကာမူ သူသည် မြေလျှိုး၍ပင် ဆောင်ရွက် နေခဲ့သည်။ သူသည် တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ အတွက် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်နှင့် အကူအညီ ရရှိရန် ထွက်ခွာ သွားခဲ့ပြီး၊ ယင်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ ဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက် အရ၊ ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်တို့က လာရောက်၍ သူ့အား တိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။ တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်တို့ ပေးအပ်လိုက်သော စီမံကိန်းကို မြန်မာပြည်ရှိ ရဲဘော်များ သိရှိစေရန် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့ ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း၌ တော်လှန် ထ့ကရေးကို ခေါင်းဆောင်နိုင်ရေး အတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမ အသုတ် လူငယ်တစုကို သူနှင့် တပါတည်း ခေါ်ဆောင် သွားခဲ့သည်။ ၁၉၄၂ ခုနှစ် အစောပိုင်းတွင် သူသည် ဘန်ကောက်မြို့သို့ ရောက်ခဲ့ပြီး ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုမြို့၌ ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက်သည့် အခါတွင် သူသည် ဂျပန်တို့နှင့် အတူ မြန်မာပြည်သို့ ချီတက် လာခဲ့သည်။ ဂျပန်ပြည်၌ ရှိစဉ်ကပင် သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည် ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်တွင်းသို့ ချီတက် ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူတို့အား ပို၍ ပို၍ နှိပ်စက်ကလူ ပြုလာချိန်တွင်မူ ပဋိပက္ခ ဖြစ်မှုသည် ပိုမို ပြင်းထန် လာခဲ့လေသည်။ သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင်နှင့် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက် ပြီးချိန်တို့တွင် ဂျပန် ဆန့်ကျင်ရေး လုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ သို့သော် ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင်း၌ ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိ နေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လည်းကောင်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အ၏ အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော 'ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့' အချို့၏ အလွန်အကျွံ ပြုမှုတို့ကို ချက်ကောင်းယူကာ ဘီအိုင်အေ အပေါ် ဆန့်ကျင်သည့် နိုင်ငံရေး ရန်သူများ၏ မသမာသော အကြံအစည် ပြုမူချက်များကြောင့် လည်းကောင်း၊ ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တပ်အင်အားကိုလည်း လျော့ချခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ကြီးမှူး ကွပ်ကဲ ခဲ့လေသည်။ ၁၉၄၃ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဗမော်တို့သည် အခြားပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်) ဗိုလ်ချုပ်ကလေး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဂျပန်ဘုရင်နှင့် တွေ့ဆုံခဲ့ရပြီး၊ တတိယအဆင့် တက်နေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ တိုကျိုမြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့် ဧည့်ခံပွဲ တခုတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့် လွတ်လပ်ရေးသည် အနည်းနှင့် အများ အမည်ခံ လွတ်လပ်ရေး ဖြစ်လိမ့်မည် ဟူ၍ အရိပ်အ့မက်အားဖြင့် ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာပြည် ကာကွယ်ရေးနှင့် သူကိုယ်တိုင် သေနာပတိ အဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော ပြဿနာများကို တင်ပြရေး အတွက် လွတ်လပ်ရေး ပြင်ဆင်မှု ကော်မရှင်တွင် ပါဝင် ခန့်အပ်ခြင်း ခံရသည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည်ဆိုသော အခမ်းအနားတွင် သူသည် မေဂျာဂင်နရယ် (ဗိုလ်ချုပ်ကလေး) အဆင့်ဖြင့် စစ်ဝန်ကြီး ဖြစ်လာခဲ့ပြီး၊ လွတ်လပ်ရေး တနှစ်မြောက်သည့် နေ့တွင် ဂျပန်အစိုးရက အပ်နှင်းသော ပထမဆင့် ရတနာတံဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်အတူ ရရှိခဲ့လေသည်။ သို့သော် ဗမာ့ လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမည်ခံ ဗမာ့ လွတ်လပ်ရေးကို ဖွင့်ဟ တိုက်ခိုက်ရင်း၊ ဂျပန် ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရ ရပ်ကွက်၌ပင် ဂယက်ရိုက် စေခဲ့သည်ဟု အဆို ရှိပေသည်။ ၁၉၄၃ ခုနှစ်တွင် သူသည် ဂျပန် ဆန့်ကျင်ရေး၊ တော်လှန်ရေး လုပ်ငန်းကို စည်းရုံးရန် ထပ်မံ ကြံစည် အားထုတ်ခဲ့ရာ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့လေသည်။ ၁၉၄၄ ခုနှစ် အကုန်လောက်တွင် သူသည် မဟာမိတ် စစ်ဌာနချုပ်နှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သူသည် ဂျပန် စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။ တော်လှန်ရေး တိုက်ပွဲကို ရှေ့ဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ် ၁၀ ဦးသည် ကန္ဒီမြို့သို့ သွား၍ ဗြိတိသျှ ဦးစီးမှု အောက်ရှိ မြန်မာ စစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ် မျိုးချစ် ဗမာ့ တပ်မတော် (ထိုစဉ်ကဂျပန်ကို တော်လှန်သည့် မြန်မာတို့၏ တပ်မတော်အမည်) ကို ပူးပေါင်းရေး အတွက် သဘောတူ စာချုပ် ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒီလူဝီမောင် ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့ တပ်မတော် ဒုတိယ သေနာပတိချုပ် (ဒပျူတီ အင်စပက်တာ ဂျင်နရယ်) အဖြစ် ခန့်အပ်သည်။ သို့သော် သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ် တဦးအား ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းရန် တပ်မတော်မှ ထွက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် သူသည် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနောက် တဖန် ကိုယ်စားလှယ် ပေါင်း ၁,၃၀၀ နှင့် စတင် ဖွင့်လှစ်သော နေ့တွင် လူထုပရိသတ် တသိန်းနီးပါး တက်ရောက်ခဲ့သော ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသည့် ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်ပင် အရွေးခံရပြန်သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ပါဝင် ဆောင်ရွက်ရေး အတွက် ပုဂ္ဂိုလ် ၁၁ ဦး၏ အမည်ကို တင်သွင်းရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ သို့သော် ဘုရင်ခံထံမှ ကျေနပ်လောက်သော စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည် တင်သွင်းချက်ကို ပြန်လည် ရုပ်သိမ်း ခဲ့လေသည်။ သို့သော် ယင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းမှာ သူနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ ပြည်သူတို့၏ အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အစိုးရကပင်လျှင် ဖဆပလ အဖွဲ့ချုပ်၏ လူထု ထောက်ခံမှု ရရှိပုံကို ဗြိတိသျှ ပါလီမန် အတွင်း၌ မလွဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင်းသို့ ဝင်နိုင်စေရန် ဖဆပလ အတွက် တံခါးဖွင့်ထား နေသေးဆဲပင် ဖြစ်ပေသည်။ ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်မှ "နိဒါန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ လွှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ----------------------------------------------------------------- အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။ ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။ နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။ မငြင်းနိုင်သော အချက်တရပ် အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။ ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။ လွတ်လပ်ရေး လက်တလှမ်း သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေးတပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။ ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။ ကိုယ်တွေ့ (မျက်မြင်တခု) ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ်ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။ လခကို မမျှော်ရဟု ဆိုခြင်း စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။ အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။ စစ်သားကို နီပွန်တို့ ရိုသေပုံ နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။ ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု ။ ▪ - ¤ - ▪ ၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။” “လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။” “ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။” “တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။” “အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။” “ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။” “ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။” “နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။” “ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။” “ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။” “နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။” “အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။” “ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။” “သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။” http://zakawar.multiply.com/journal/item/111 ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသော မိန့်ခွန်း(သမိုင်း) ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘ၀ကိုစွန့်ကာ မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့ အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်အောင် ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ အမျိုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့ မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိနည်းတဲ့ မိန့်ခွန်းလေး ကို ကူးယူဖော်ပြလိုက်ပါတယ်။နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောလို့ နိုင်ငံရေးသမားလို့ ထင်တက်တဲ့ ခပ်ညံ့ညံ့ လူတွေထဲမှာ ညီကိုတို့ မပါဖူးလို့ ယုံကြည့်ထားပါ့မယ်။ သရက်ချောင်းရွာ မိန့်ခွန်း စစ်ဝန်ကြီးနှင့် စစ်သေနာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးသည် တိုင်းအမှတ် ရ နယ်မြေဖြစ်သော သရက်ခရိုင်အတွင်းတွင် ဖွင့်လှစ်ထားသည်။ ဗိုလ်ချုပ်သည်အဆိုပါ စစ်ဌာနချုပ်စခန်းမှ နေကာ မြန်မာတပြည်လုံးရှိ ဖတ်စစ်ဂျပန်စစ်ဆင်မှုများ ကို ဦးစီးကွပ်ကဲလျှက်ရှိသည်။မျိုးချစ်မြန်မာ့ တပ်မတော် ပြည်သူတို့ အကူအညီဖြင့် ဖတ်ဆစ်ဂျပန်တို့ ကို တွေ့ရာ သချိင်္ုင်း ဓားမဆိုင်း လိုက်လံတိုက်ခိုက်ခဲ့သည်။ အောင်ပွဲများလဲ တစ်ခုပြီးတစ်ခုရရှိခဲ့သည်။ထိုအတောအတွင်း မဟာမိတ် များ၏ ထိုးစစ်ကလဲ တဖြည်းဖြည်းမြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းအထိ ထိုးဝင်ရောက်ရှိလာခဲ့သည်။မျိုးချစ်မြန်မာတပ်မတော်နဲ့ အင်္ဂလိပ်တပ်များမှာ ပူုးတွဲစစ်ဆင်ရေးအတွက် နားလည်မှုယူထားပြီးဖြစ်သည်။အဂ်လိပ်တပ်များေ၇ာက်ရှိလာခြင်းကို မျိုးချစ်တပ်မတော် အတွင်းရှိ အချို့ အရာရှိများက မိမိတို့ ကိုယ်ရေး ကိုယ်တာ အတွက် ၀မ်းမြောက် စိတ်ကူးယဉ်လာကြသည်။တာဝန်မကြေဖြစ်ကြသည်။မျိုးချစ်တပ်မတော်၏ လုပ်ငန်းစဉ်းများကို မေ့လျှော့လာကြသည်။ ထို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့ အပိုင်၊ သရက်ချောင်းရွာတွင် တပ်စခန်းချနေသော ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဌာနချုပ်စခန်းရှိ အရာရှိ အကြပ်တပ်သားများကို ညနေ ၅နာရီတွင် တန်းစီစေကာ တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးသော မိန့်ခွန်း ကိုပြောကြားခဲ့ပေသည်။ ရဲဘော်တို့............ ဒီနေ့ရဲဘော်တို့ ကိုဘာလို့တန်းစီးခိုင်းရသလဲဆိုရင် အားလုံးရဲဘော်တွေရော ...ဗိုလ်ကြီးတွေ ...ဗိုလ်မှုးတွေဆိုတဲ့ ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့် ကိုပေါ့ဆဆ လုပ်နေကြတာကို တွေ့ရမြင်ရ ကြားရလို့ဘဲ။ ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေ ကိုရခဲ့ပြီး အဲ့ဒိအောင်ပွဲလေးတွေ ဆင်နွှဲခဲ့နိုင်တာလောက်ကို တကယ်အောင်ပြွဲ့ကီးတွေလို့ထင်ပြီးအဲ့ဒိအောင်ပွဲ အပေါ်တွေမှာ မိန်းမောနေတာ တွေ့ရတယ်။ ကိုယ်ကိုကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေတာ တွေ့ရတယ်။ရဲဘော်တို့ ......... ဒီလိုမိန်းမောနေရင် အမှားကြီးမှားမယ်လို့ တိတိကျကျပြောရဲတယ်။ တချို့ကလဲ ဒီတော်လှန်ရေးပြီးရင် ' ပြီးပြီး ' လို့ထင်တဲ့ လူတွေက ထင်ကြသေးတယ်။ဒါတင်မကဘူး။ အင်္ဂလိပ်စစ်တပ်တို့ ၊ အင်္ဂလိပ်အုပ်ချုပ်ရေးတို့ လာရင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှုး၊ ဗိုလ်မှုးတွေက ဗိုလ်မှုးကြီးတွေဖြစ်ပြီး ၊ရာထူးတွေ အဆင့်အတန်းတွေ တိုးလားတော့မယ် ထင်ပြီးတယောက်နဲ့တယောက် ခြေရာတိုင်းနေကြတယ်။ဒါတွေ ကိုကျုပ်သိတာ အတော်ကြာပြီ၊ဒါပေမဲ့ ကျုပ်မပြောချင်သေးလို့ မသိဟန်ဆောင်နေခဲ့တယ်။စောင့် ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ထင်သလို အရင်္ဂလိပ်လာရင် ရာထူးပဲတိုးကြမလား၊ သေနက်မောင်းပဲ ထပ်ချိုးကြရမလားဆိုတာ ဟိုအခါကျတော့ သိကြပါလိမ့်မယ်။ ဘယ်လောက်အထိတာဝန်မဲ့လုပ်နေကြသလဲဆိုရင် ဗိုလ်ဇေယျကိုကြည့ှ်၊ ကျုပ်က တာဝန်နဲ့ လွတ်လိုက်တယ်။ ခုအထိပြန်မလာသေးဖူး။သူ့မယားရှိတဲ့ ဆားတွင်းတက်သွားတယ်လို့ ကြားရတယ်။ အဲ့ဒါသာကြည့်တော့။ ဟိုတနေ့ကလဲ ဗိုလ်ဝင်းတယောက်ဟာ ရဲဘော် သုံးယောက်နဲ့ အမဲပစ်ထွက်တယ်။ သူတို့တွေဟာ ပျော်ပွဲစားထွက်လာတယ်လို့များ ထင်နေကြလား မသိဖူး။အဲ့ဒါလောက်ထိအောင် ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ ဖြစ်လာတာတွေ့ရတယ်။ရန်သူကို အထင်မကြီးသော်လဲ အထင်မသေးသင့်ဖူး ဆိုတာ အစဉ် သတိချပ်စေချင်တယ်။အင်္ဂလိပ်အုပ်ချုပ်ရေးကိုမြော်ပြီး အတွေးလွန်မနေကြနဲ့။ နားအလယ် အလွယ်ဆုံးပြောလိုက်မယ် ''''''' အခုဂျပန်က ကျုပ်တို့တွေနဲ့ တိုင်းရင်းသား အားလုံးကို (.......) သွားပေမဲ့ ဆီဆွတ်လို့ တော်သေးတယ်။ အင်္ဂလိပ်လာယင် ဆီမဆွတ်ဘဲ (......) လိမ့်မယ် '''''''' ဒါဘဲ ကျုပ်ပြောခဲ့မယ်။ ။ http://zakawar.multiply.com/journal/item/18 ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝ စရိုက် “ကြည် ပဲပြုတ်နဲ့ နံပြား စားချင်တယ် အောင်ဆန်း” ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း” ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။ တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ် နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။ “ ပူဆာ ” သည်ဟု ဆိုရခြင်းမှာ ‘ ဟေ့ ငါ ပဲပြုတ်နဲ့နံပြား စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ‘ ဟု စစ်သူကြီး တစ်ဦးက စစ်သည် ရဲဘော်ကလေး အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး ဖြစ်နေသောကြောင့် ပင်တည်း။ အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ သိကြပါသည်။ သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု၊အငြင်းပွားမှုများလည်း ရှိခဲ့ပါသည်။ သဘောထားကွဲလွဲမှု၊အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည်ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသန ဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။ ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှု အကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသော စာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည် မှန်သော်လည်းစာပါအကြောင်းအရာက နိုင်ငံရေး၊စစ်ရေး နှင့် ဘာမှမဆိုင်။သူ၏တွေးခေါ်မျှော်မြင်ရေး ဒဿနဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ထို့ကြောင့် သည်လိုကိုယ်ရေးကိုယ်တာ ကိစ္စမျိုး တွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း၊ဟောပြောခြင်းများမလုပ်သင့်၊နိုင်ငံရေး၊စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာသဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ဟောပြောသင့်သည်။ ဥပမာ ဇူလိုင်၊၉၄ထုတ် နွယ်နီမဂ္ဂဇင်းမှ ကျွန်တော်၏ “ ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား ဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။ ၀ါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။ “ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ၊ကိုယ်ရေးကိုယ်တာကိစ္စ အကေးအဖွဲလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ဒါမျိုးတွေက ကာယကံရှင် ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်သဘာဝ စရိုက် Character ကိုပေါ်လွင်စေတယ်။သူ့ရဲ့စိတ်ဓာတ် အတွေးအခေါ်တွေအမြှော်အမြင်၊အယူအဆတွေကို ခန့်မှန်းလို့ရတယ်။သူဟာ ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ကျုပ်သဘောထားကိုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ နောင်လာနောက်သားတွေ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သား နိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်” ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ရနိုင်မည့် ကျွန်တော်၏ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင်- * ………….*…………….*…………….* ၁၉၄၆ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင် ကျော်လမ်းရှိအတွင်းဝန်ရုံး(ယခု ၀န်ကြီးများရုံး)သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။ သူ၏ရာထူး (တရားဝင်အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။( ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမ တက်ပါ။ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ ဦးဆောင်စည်းဝေးရပါသည်။လွတ်လပ်ရေးမရသေးမီကာလဖြစ်၍ “ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ”ဟုခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့(ကတ်ဘိနက်)ပင်ဖြစ်ပါသည်။ဗိုလ်ချုပ်၏တာဝန်က ၀န်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရ သဖြင့် အလွန်အလုပ်များလှပါသည်။ တစ်နေ့သ၌ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ် ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ခြင်းပင် သူ၏ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွးလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများရှင်းနေပြီ ဖြစ်သည်။ “ ဘာများလဲ ဗိုလ်ချုပ် ” ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ(အပါးတော်မြဲ)ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေ ဘက်သူငယ်ချင်းကို ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့် “ ငါအခုဗိုက်ဆာလို့ တစ်ခုခု စားချင်တယ်ကွာ ”ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော် ချက်ချင်းရိပ်မိလိုက်ပါပြီ။ ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့် နှစ်ဦးအား နံနက်စာထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်ကဈေးအပေါဆုံး ဟင်း လျာတစ်ခုဖြစ်သည့်)ဘဲဥ ဟင်းနှင့် ကျွေးခဲ့ပါသည်။ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်၍ဘဲလားမသိ။ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကဗျာကယာ လက်ဆေး၍ ရုံးသွားရန်ပြင်ဆင်ခဲ့ရပါသည်။နံနက် ၁၀ နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ်လုပ်နေရချိန်တွင် ဘာမျှမစားမသောက်ရသောကြောင့် ဆာလောင်ပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ {မှတ်ချက်……ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကိုကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်ကူပါ။နေ့စဉ်နဲ့အမျှ လာရောက်သော ဧည့်သည်များ၊ရဲဘော်များအားလည်း ဧည်ံခံကျွေးမွေးရသောကြောင့် လကုန်ခါနီးရက်များ ဆိုလျှင် အထူးခြိုးခြံ ချွေတာရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူးခြိုးခြံချွေတာရပါသည်။ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည် ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။စာရေးသူ ) ကျွန်တော်သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါ သည်။ “ ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ” ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်သည်။ “ဘာလဲ ၊မင်းကငါ့ကို ၀ယ်ကျွေးမလို့လား၊၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိလို့လား ” သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။မှန်ရာကိုသာ ပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့ လူငယ်တွေကလည်း သူ့အားလိမ်မပြောဝံ့ကြပါ။သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာဘဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကို မပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ “ကျွန်တော့်မှာ ပိုက်ဆံပါ ပါတယ်၊ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ ” ကျွန်တော်က ခပ်တည်တည်နှင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ရင်း ပြောလိုက်ပါသည်။အမှန်က ကျွန်တော်၏ အကျ င်္ီအိတ်ထဲတွင် ငွေ ၅ ကျပ်တန် တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက် စုစုပေါင်း ငွေ ၇ ကျပ်သာ ရှိပါသည်။သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။ “ ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း( ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ” “ ဟုတ်ကဲ့၊ ဒါဆိုရင် ရပါတယ် ၊ကျွန်တော့်မှာ ပါတဲ့ငွေနဲ့လုံလောက်ပါတယ်၊ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း)သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့၊ကိုင်း လာပါ ဗိုလ်ချုပ် ” ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား “ ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ ၄ နာရီထိုးရင် တံခါးတွေပိတ်လိုက်တော့” ဟု ညွန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံး အောက်သို့ ဆင်းခဲ့ပါသည်။ ထိုနေ့က ဗိုလ်ချုပ်ကား မောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှရုံးသို့အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း( ရွှေဘုံသာလမ်း)၊ဒါလဟိုဇီလမ်း(မဟာဗန္ဒုလလမ်းထိပ်)အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက် မောင်းသွား လိုက်ပါသည်။ ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင် အကွက်ချပြီးဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း)ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင် ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာဖြင့် လာခဲ့ခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦး ကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ် ယောက်လျင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီနှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာ တွင် ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။ “ ဒီမယ် ခင်ဗျား ကျုပ်ကို သိတယ်မဟုတ်လား၊ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ၊ဟိုမှာထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့၊အခု သူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်၊ခက်တာက ကျုပ်မှာ ပိုက်ဆံအလုံအလောက် မပါဘူး။ဒါကြောင့် ကျုပ်တို့အခုစားလို့ ကျသင့်တဲ့ငွေကို နက်ဖြန်ကျ မှ ကျုပ်လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ၊ကျုပ်မှာ ပိုက်ဆံမပါတာကို သူမသိစေချင်ဘူး ” ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။ “ စိတ်ချပါ ဆပ်၊ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ၊ရပါတယ်၊ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပြီလို့ ဖြေပါ့မယ်” ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။ ပလာတာနှင့်ခပတ် နှစ်ပွဲ ရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ကျွန်တော်လည်း ကိုယ့် ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့ ၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက် အနေဖြင့် သနားစရာ ကောင်းလှပါသည်တကားဟု စိတ်ထဲမှ ကျိတ်၍မှတ်ချက်ချမိပါသည်။ သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော်စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည် “ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ် ” ဟုပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာဆလံပေး အလေးပြုရင်း “ပိုက်ဆံရှင်းပြီးပါပြီ” ဟု ပြုံး၍ ပြောပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။ “ဘယ့်နှယ့်လဲ ဗိုလ်ချုပ် စားလို့ ကောင်းပါရဲ့လား ” ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း “ အေးကွ၊ မစားရတာကြာလို့လားမသိဘူး၊အလွန်စားလို့ကောင်းတယ် ” ဟု ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။ ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း(နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့်ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။ *………………..* ………………………* ၁၉၄၆ခုနှစ်၊မတ်လက ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ဟင်္သာတ ဦးမြ၊ ဦးအောင်ဇံဝေစသော ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည် ဖော်ထုတ်တင်ပြလိုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့ အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊မီးရထား၊ မီးသဘောင်္ စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။သို့ သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းဆင်းရဲစွာ ခရီးသွားရသည်ကို လုံးဝမငြီးငြူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျုးဖွယ် ကောင်းလှပါသည်။စစ်အတွင်းဂပန် ခေတ်က သူသည် တပ်မတော် သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ် ၂၅ အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံ ၃ ခု ဆင့်လွှင့်လျက် ဒီးနင်းသွားလာခဲ့ရသည် ကိုလည်း ပြန်လည်သတိမရ၊မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ရခိုင်ဘက်တွင်လည်း နွားလှည်းတစ်လှည့်၊ခြေကျင် တစ်ခါသွားလာပြီး စည်းရုံး ဟောပြောရခြင်းကို လုံးဝ စိတ်ဓာတ်မကျဘဲ ပျော်ရွှင် ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။ ( မှတ်ချက်…အလံ၃ ဆင့် ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)အလံ၊တပ်မတော်သေနာပတိ အလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီးအလံဟူ၍ အလံ ၃ခု ဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။စာရေးသူ) ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ ပတ်ဝန်းကျင်တစ်ဝိုက် နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့ မပြန်မီ တောင်ဘက်သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။ သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြသည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများ ပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ ခေါ်၍ ခပ်တိုးတိုးမေးပါသည်။ “ဟေ့ကောင် ငါတို့အခုသွားရမယ့် ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား” ဟုတ်ကဲ့ဗိုလ်ချုပ်၊ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံး ရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ၊ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကို ဖြတ်သွားရပါ မယ်၊ဘေးအန္တရာယ်တော့မရှိပါဘူး၊ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ ကျွန်တော်ကခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကို ပြောလိုက်ပါသည်။ “ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူး ထင်တယ်ကွ ” “ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ” “ဘာဖြစ်ရမှာလဲ၊ ငါက ရေမကူးတတ်ဘူးကွ၊ မတော်တဆ လှေမှောက်ရင် ဘယ်နှယ့်လုပ်မလဲ ” ဗိုလ်ချုပ်က ခပ်တိုးတိုး ပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။ ရေမကူးတတ်သူများအနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည် မဆန်းပါ။အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်မည် ဆိုရင်လည်း စိုးရိမ်မိသည်မှာ သဘာဝကျပါသည်။ သို့သော် ခရီးက မသွား၍မဖြစ်။ဦးကျော်ရင်နှင့် ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေငြာထားပြီးနေပြီ။ ကျွန်တော် လည်း စဉ်းစားရင်း အကြံတစ်ခု ရမိသဖြင့် “ ဗိုလ်ချုပ် ဒီမှာဘဲ ခဏစောင့်ပါ၊ ခရီးစဉ်ပြောင်းလို့ရရင် ပြောင်းပြီးသွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ် ” ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဥိးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ကျွန်တော်ကသာ စိတ်ကူးရသည့် အကြံကို ခပ်တိုးတိုး ပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်ပြပါသည်။ ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်သည်။ ” ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာမရှိဘူး။ ကိုကျော်ရင်တို့အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ၊ သွားမယ့်ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။အတွင်းဘက် ချောင်းငယ်တစ်ခုက တဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာ မလိုတော့ဘူး ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါမယ်၊ကဲ လှေ တွေလည်း အသင့်ဖြစ်နေပြီ၊ သွားကြရအောင် ” ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေဟာ တံငါလှေဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး “ ပေါင်းမိုး” လှေဝမ်းအပေါ်တွင်အမိုးတပ်ဆင်ထားပါသည်။ ယင်းအစီအစဉ်ကြောင့် ပင်လျှင် ကျွန်တော်၏ အကြံအစည် ချောမော အစဉ်ပြေသွားပါ သည်။ လှေ၏ အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာ များရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထား လိုက်ပါသည်။ လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်—- ‘ ဗိုလ်ချုပ် အခု သွားရမယ့် ရေလမ်းက နည်းနည်း ပိုဝေးလို့ အတော်ကြာကြာသွးရမယ်၊ ဒီအတိုင်း ထိုင်လိုက် သွားရင်လည်း ပျင်းစရာကောင်း လိမ့်မယ်ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ညတုန်းကလဲ စကားပြောနေကြတာ ညဉ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ် မဟုတ်လား၊ အခု အချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တစ်ရေးလောက် အိပ်လိုက်ပါ၊အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ် ‘ ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင်အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့ စီစဉ်ပေးသလိုသာ လုပ်လေ့ရှိ ခြင်းပင် ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာ တွင် ဆိုလျှင်လည်း ဘယ်အခန်းနားမျိုးကျလျှင် ဘယ်လို ၀တ်စားရမည်ကိုပင် သူမသိသဖြင့်- “ ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ ” ဟုမေးလျင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော် ပေးသောအ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေးကိစ္စကလွဲလျင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေး သည့်အတိုင်း လိုက်လုပ်တတ်ပါသည်။ ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမော အိပ်ရင်းအနားယူပါဟု ပြောတော့လည်း သူသည်ဘာမှမပြောဘဲ လှအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ်၊ ချက်ချင်းကိုပင် အိပ်ပျော်သွားရှာပါသည်။ သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကို ဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။ ဗိုလ်ချုပ်ခမျာ ဘာမျှမသိ၊ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းလေးထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျက် စိတ်ချလက်ချ အိပ်ပျော် သွားရှာပါ သည်။မစ်ဝကျွန်းပေါ်လိုနေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာ ကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင် ရေရှား၊အင်းအိုင် မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။တက္ကသိုလ်ရောက် တော့ ရေကူးကန်၊ရေကူးအသင်း (Swimming Club)လည်းရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏ သို့ရာတွင် တက္ကသိုလ် သမဂ္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင် စားပြီး အချိန်ပြည့်လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်း အနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးရန် အချိန်မပေးနိုင်ခဲ့ပါချေ။ ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။ တပ်မတော်သေနာပတိ စစ်သူကြီးတစ်ဦး ဖြစ်ခြင်းကြောင့် ရေမကူးးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍ မရပါ။ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော် သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲ ပြောလေ့ရှိသော… “ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှုပဲဖြစ်တယ်၊အခြေအနေအချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိ ရှိရမယ်” ဟူသော သွန်သင်ဆုံးမချက်၊အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့်( Character and Love of Truth) ဟု ပြောခဲ့သည့် အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင် လက်တွေ့လုပ်ပြသွားခြင်း ဖြစ်သည်ပါတကား ဟူ၍ပင် ဖြစ်ပါသည်။ *……………………*…………………….* ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာ ၀စရိုက်ကို ပေါ်လွင်စေသည် ဟူသော အဆိုအမိန့်ကို ဤ ဆောင်းပါးဖြင့် အလေးအနက် ထောက်ခံလိုက်ရပါသည်။ ဗိုလ်ချုပ်မွေးနေ့ ...အမှတ်တရပါ...... အင်တာနက်ချစ်သူဝက်ဆိုဒ်(၀သုန်ဦးထံမှကူးယူတင်ပြသည်။) လရောင်ချို...

No comments

Powered by Blogger.