သမီးဦးလေးမွေးဖွားတဲ့ အထိမ်းအမှတ်အနေနဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်း (ပေါင် ဘီလီယံ ၃၀) ကို လှူဒါန်းသွားမှာဖြစ်ကြောင်း Mark Zuckerberg ကတိပေးပြောကြား
Facebook တည်ထောင်သူ၊ CEO Mark Zuckerberg ဟာ ဇနီးဖြစ်သူ Priscilla Chan နဲ့ မွေးကင်းစ သမီးလေး Max တို့ ရဲ့ ပုံကို Facebook မှာတင်ခဲ့ပြီးနောက် သူပိုင်ဆိုင်တဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်း သွားဖို့ ကတိက၀တ်ပြုလိုက်ပါတယ်။
Mark ဟာ သူ့ ဘ၀မှာ ပထမဆုံးအကြိမ် ကလေးအဖေဖြစ်ရပြီလို့ ကြေငြာခဲ့ပြီးနောက် သမီးလေးမွေးဖွားတဲ့ အထိမ်းအမှတ်အဖြစ် လူသားတွေရဲ့စွမ်းပကားတိုးတက်စေဖို့ နဲ့  လူအချင်းချင်း တန်းတူညီမျှရှိမှု ကို မြှင့်တင်ပေးနိုင်ဖို့ အတွက် ပေါင် ဘီလီယံ ၃၀ ကို ပေးအပ်လှူဒါန်း သွားမှာဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ Mark တို့ ဇနီးမောင်နှံက သမီးလေးအတွက်ရေးထားတဲ့စာကိုလည်း ဖော်ပြခဲ့ပြီး အဆိုပါ စာထဲမှာ သူပိုင်ဆိုင်ရဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကိုလည်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ရေးသား ခဲ့ပါတယ်။“ တခြားမိဘတိုင်းလိုပဲ အဖေတို့ အမေတို့ ရဲ့ကမ္ဘာကြီးထက် ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးမှာ သမီးလေးကို ကြီးပြင်းစေချင်ပါတယ်။ သတင်းခေါင်းစီးတွေက ဖောက်ပြန်မှုတွေကို ဦးစားပေးဖော်ပြလေ့ရှိပေမယ့်လည်း၊ ကမ္ဘာကြီးဟာ အဘက်ဘက်မှာ ပိုမိုကောင်းမွန်လာနေတယ်ကွဲ့ ။ ကျန်းမာရေးတွေ ပိုကောင်းလာတယ်။ ဆင်းရဲမွဲတေမှုတွေ လျော့ပါးလာတယ်။ အသိဥာဏ်ဗဟုသုတတွေကလည်း ပိုတိုးပွားလာတယ်။ လူတွေ ဟာလည်း တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်နေနိုင်ကြပြီ။ နယ်ပယ်တိုင်းမှာ နည်းပညာတိုးတက်လာမှုကြောင့်လည်း သမီးလေး ရဲ့ ဘ၀ဟာ အဖေတို့ အမေတို့ လက်ရှိဘ၀တွေထက် သိသိသာသာကြီးပိုကောင်းလာမှာပါ”
“ လူသားတွေတိုးတက်ဖို့ အတွက် ကနဦးအဓိကထားတဲ့နယ်ပယ်တွေကတော့ ပညာရေး၊ ရောဂါကုသရေး ၊ ဆက်သွယ်ရေး နဲ့  ခိုင်မာတဲ့လူအဖွဲ့ အစည်းကို တည်ဆောက်ရေး တို့ မှာ ဖြစ်တယ်။ အဖေတို့ ပိုင်ဆိုင်တဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်း၊ အခုတန်ကြေး ဒေါ်လာ ၄၅ ဘီလီယံကို အဖေတို့ သက်ရှိထင်ရှားရှိနေတုန်းမှာ ဒီမစ်ရှစ်တိုးတက် ဖို့ အတွက် ပေးအပ်သွားမယ်။ ဒါဟာ ဒီလိုအရေးကိစ္စတွေမှာ ဆောင်ရွက်နေနှင့်ပြီးသား လူတွေရဲ့ အရည်အချင်း၊ လူအင်အား၊ငွေအင်အားအရင်းအနှီးတွေနဲ့ စာရင် မပြောပလောက်သေးဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အဖေတို့ တတ်နိုင်သလောက်တော့၊ လုပ်ပေးသွားချင်တယ်” လို့ Mark က ရှည်လျားစွာ ရေးသားထားပါတယ်။
ကမ္ဘာ့ဆဌမမြောက်အချမ်းသာဆုံးသူဌေးဖြစ်တဲ့၊ အသက် ၃၁ နှစ်အရွယ် Mark Zuckerberg ဟာ ခန့် မှန်းခြေ ဒေါ်လာ ၄၇ ဘီလီယံ (ပေါင် ၃၁.၂ ဘီလီယံ) လောက်ချမ်းသာပြီး သူ့ စည်းစိမ်အကုန်နီးပါးကို လှူဒါန်း သွားမှာ ဖြစ်ပါတယ်။
Ref: Mirror
No comments