ဂျိမ်းစ်ဘွန်းစတန့်မင်းသား ဟယ်လီကော်ပတာပေါ်မှ ခုန်ဆင်းသည့်စွန့်စားခန်း ရိုက်ကူးစဉ် သေဆုံး
Special Air Service (SAS) သူရဲကောင်းနဲ့ ဂျိမ်းစ်ဘွန်းစတန့်မင်းသားဖြစ်သူဟာ ဟယ်လီကော်ပတာပေါ်က ကြိုးဆိုင်းပြီး ခုန်ချတဲ့ စွန့်စားခန်း ရိုက်ကူးရင်း သေဆုံးခဲ့ပါတယ်။ စတိဗ်ထရူဂလီရာ (အသက် ၅၄ နှစ်) ဟာ တရုတ်နိုင်ငံထဲမှာ နိုဝင်ဘာ ၁၇ ရက်နေ့က စွန့်စားခန်း သရုပ်ဆောင်မှုအတွင်း ပေ ၃၀၀ အမြင့်ကနေ ပြုတ်ကျခဲ့ပြီး သေဆုံးခဲ့တာပါ။ Steve Truglia, 54, fell 300ft in China during a helicopter stunt ဂျိမ်းစ်ဘွန်းရုပ်ရှင် Tomorrow Never Dies လို အောင်မြင်တဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ စတန့်မင်းသား စတိဗ်ဟာ ဟယ်လီကော်ပတာပေါ်မှာ ကြိုးဆိုင်း ခြေစုံကန်ပြီး ဆင်းဖို့ သရုပ်ဆောင်ရတာလို့ လုပ်ဖော်ကိုင်ဘက်တွေက ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ ပြုတ်ကျမသေဆုံးခင် နာရီပိုင်းလေးမှာ ဆိုင်းထားတဲ့ကြိုးတွေက သူတို့ အလေးချိန်တွေကို ခံနိုင်ဖို့ သိပ်သေးလွန်းတယ်ဆိုပြီး သူ့ရဲ့ကြောက်ရွံ့မှုကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ကင်းမြို့မှာလည်း ရာသီဥတု ဆိုးရွားနေခဲ့ပြီး သရုပ်ဆောင်ဖို့ အသုံးပြုမယ့် ကြိုးတွေကိုလည်း မိုးသည်းသည်းရွာချိန်မှာ တညလုံး အပြင်ဘက်မှာထားခဲ့လို့ ဒီလို အန္တရာယ်များတဲ့ကိစ္စမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြခဲ့တာပါ။ စတန့်မင်းသား စတိဗ်ဟာ တောင်ကမ်းပါးထိပ်မှာ ကြိုးဆိုင်းပြီး ဆိုင်းထားတဲ့ကြိုး ၂ ချောင်းနဲ့ ကမ်းပါးယံကို ခြေစုံကန်ပြီး လျှောဆင်းရာမှာ ၁၀၀ မီတာအထက်အမြင့်ကို ၈ ဒသမ ၉ စက္ကန့်နဲ့ အမြန်ဆုံး လျှောဆင်းနိုင်သူအဖြစ် ၂၀၀၄ ခုနှစ်မှာ ဂင်းနက်စ် စံတော်ချိန် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပြီး ဆုချီးမြှင့်ခံခဲ့ရပါတယ်။DVB