အင်တာနက်နှေးပြီး သုံးစွဲမှုအဆင်မပြေခြင်းမှာ အပိုဆုကြောင့်မဟုတ်ဟု MPT ပြော


အင်တာနက်လိုင်းနှေးကွေးခြင်းနှင့် သုံးစွဲရာတွင်အဆင်မပြေမှုများဖြစ်ပေါ်နေခြင်းမှာ အပိုဆု (Bonus) ပေးခြင်းနှင့် မသက်ဆိုင်ဘဲ နည်းပညာဆိုင်ရာအခက်အခဲဖြစ်ပေါ်နေမှုကြောင့် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အင်တာနက်လိုင်းအဆင်မပြေခြင်းမှာ နည်းပညာပိုင်းဆိုင်ရာ Transmission နှင့် ပတ်သက်သည့် အခက်အခဲသာဖြစ်ပြီး အပိုဆု (Bonus) ပေးခြင်းနှင့် 3G9+ကွန်ရက်တိုးချဲ့ခြင်းနှင့်လည်း သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။

MPT ၏ နည်းပညာဆိုင်ရာ အဖွဲ့သားများက အင်တာနက်ချိတ်ဆက်မှုပုံမှန်အနေအထား ပြန်ရစေရန် ကြိုးစားလုပ်ဆောင်နေသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

MPT နှင့် Telenor ဆက်သွယ်ရေးကုမ္ပဏီတို့က ဖုန်းဘေလ်ဖြည့် သွင်းရာတွင် အပိုဆု (Bonus)များပေးပြီး နောက်ပိုင်းတွင်အင်တာနက်သုံးစွဲရာ၌ အဆင်မပြေမှုနှင့် လိုင်းနှေးကွေးမှုများဖြစ်ပေါ်နေကြောင်း သုံးစွဲသူများအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ယင်းဝေဖန်မှုများအတွက် MPT က အထက်ပါအတိုင်း တုံ့ ပြန်ပြောကြားခဲ့သော်လည်း Telenorကုမ္ပဏီကမူ လက်ရှိအချိန်အထိ သုံးစွဲသူများ၏ အခက်အခဲနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။

ဖေဖော်ဝါရီ ၁ ရက်က အင်တာနက်လိုင်းနှေးကွေးနေမှုနှင့် ပတ်သက်၍ ရင်ဆိုင်နေသည့် မြို့နယ်အမည်များကို ဖော်ပြကာ Telenor မြန်မာရုံးချုပ်သို့ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ဖေဖော်ဝါရီ ၅ ရက်အထိ ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမတော်၊ဒဂုံ၊အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ တာမွေ၊ သင်္ဃန်းကျွန်းအစရှိသည့် မြို့နယ်များ၏ အချို့နေရာများတွင် မြန်မာ့ဆက်သွယ်ရေးနှင့် တယ်လီနောမိုဘိုင်းဆင်းမ်ကတ်အသုံးပြုသူများ အင်တာနက်သုံးစွဲရာ၌ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ကြောင်း သုံးစွဲသူများက ပြောသည်။


7daynews

No comments

Powered by Blogger.