ဆုံးရှုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြေထဲမြို့ဟောင်း


ချုံနွယ်ပိတ်ပေါင်းများနှင့်ပြည့်နေသည့် မြေထဲမြို့ဟောင်းတစ်နေရာ (ဓာတ်ပုံ-လင်းသက်နိုင်)
‘‘အရှင်မင်းကြီး ဧရာဝတီ မြစ်ကြောင်းဝယ် ရှိသော ချွန်း တောင်းမြို့၊ မြတောင်မြို့၊ တကောင်းမြို့၊ ငစဥ့်ကူးမြို့၊ စစ် ကိုင်းမြို့၊ ပခန်းကြီးမြို့၊ တလုပ် မြို့၊ ပုဂံမြို့၊ ရွာသာမြို့၊ စဥ့်ကူမြို့၊စလေမြို့၊ ပခန်းငယ်မြို့၊ ရေနံ ချောင်းမြို့၊ စလင်းမြို့၊ စကုမြို့၊ လယ်ကိုင်းမြို့၊ မြေထဲမြို့၊ သရက် မြို့၊ မင်းတုန်းမြို့၊ မင်းတပ်မြို့၊ ပြည်မြို့၊ သာယာဝတီမြို့တို့သည် မြို့ကြီးပြကြီးများလည်း ဖြစ်ပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်း ဆင်၊ မြင်းအများနှင့်ချည်း ဖြစ် သည်။ လုပ်ကြံတော်မူ၍ ဖြစ်နိုင် ခြိမ့်မည်မဟုတ်။ စိတ်တော်ရှိ သည့်အတိုင်း စီရင်တော်မူလျှင် မကောင်းမှု အကုသိုလ်သာပွား၍ ရန်ငြိုးကြီးစွာ ဖြစ်တော်မူကြမည် ဖြစ်သည်’’

ဦးကုလားမဟာရာဇဝင် တော်ကြီး ပထမတွဲတွင်ပါရှိသော မွန်ပြည့်ရှင် ရာဇာဓိရာဇ်အား စကြိုသူမြတ်က လျှောက်ထားခဲ့ သော စကားဖြစ်သည်။

အင်းဝ  နေပြည်တော်ကို  စစ်ပြုတော့မည့်အချိန်တွင် ရှုံးနိမ့်မည့်အခြေအနေကြောင့် စစ်မပြု သင့်ကြောင်း အင်းဝဘုရင်လက် အောက်ခံ စစ်အင်အား တောင့် တင်းခိုင်မာကြသော မြို့ကြီးပြကြီးများ၏အမည်ကို ရေရွတ်လျက် စကြိုသူမြတ်က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

စကြိုသူမြတ် မိန့်ကြားခဲ့ သော စကားအရ မြေထဲမြို့သည် အင်းဝခေတ်ကတည်းကပင် စစ် သည်အင်အား တောင့်တင်းခိုင်မာ စွာဖြင့် စည်ကားခဲ့သော မြို့ကြီး ပြကြီးတစ်ခုဖြစ်ကြောင်း တွေ့ရ သည်။

ထို့အပြင် ‘‘အင်းဝခေတ် မတိုင်မီ ပျူခေတ် သရေခေတ္တရာ မင်းဆက်၏ (၂၅)ဆက်မြောက် မင်းဖြစ်သော သမုဒ္ဒရီမင်းက သက္ကရာဇ် ၁၀၀၃ တွင် တည်ဆောက် ခဲ့သော ခံတပ်ကြီးကြောင့်မြေထဲ မြို့မှာ ထင်ရှားကျော်ကြားခဲ့သည်။ထို့နောက် နှစ်ပေါင်းလေးရာ ကျော်အကြာ အင်းဝပထမ မင်း ခေါင်၏ သားတော်ဖြစ်သော မင်းရဲကျော်စွာက အဆိုပါခံတပ်ကို ထပ်မံတည်ဆောက်ခဲ့သည်’’ ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် မြေထဲမြို့မှာ အင်းဝခေတ်သာမက ပျူခေတ် တွင်ပါ ထင်ရှားသော ခံတပ်မြို့ ဖြစ်ခဲ့ကြောင်း ဆိုနိုင်သည်။

ထိုကဲ့သို့ စာပေမှတ်တမ်း များထဲတွင် ပါဝင်ထင်ရှားခဲ့သော မြေထဲမြို့မှာ မကွေးတိုင်းဒေသ ကြီး အောင်လံမြို့၏ မြောက်ဘက်နှစ်မိုင်ခန့်အကွာ ကြေးနီချောင်း (မိုးကောင်းချောင်း)၏ မြောက်ဘက်၊ ဧရာဝတီမြစ်၏ အရှေ့ ဘက် ကမ်းနဖူး၌ စေတီ အဟောင်း အပျက်များ၊ အုတ်ရိုး အုတ်ပုံကြီးများ၊ ယာခင်းစိုက်ခင်း များဖြင့် ခြောက်သွေ့တိတ်ဆိတ် လျက် တည်ရှိနေသည်။

မြို့ဟောင်းကြီး   အရှေ့ ဘက်တွင် ယာခင်း၊ လယ်ခင်းပြင်ကြီးများ၊ တောင်ဘက်တွင် ကြေးနီချောင်း၊ အနောက်ဘက်တွင် မြစ်မင်းဧရာဝတီနှင့် မြောက်ဘက် တွင် မိုးဖုံးကျေးရွာတို့က ဝန်းရံထားသည်။

မြို့ဟောင်းအတွင်း စိုက်ခင်းများ၊ တောချုံကြီးများရှိနေပြီး ဖောက်ထွင်းခံရခြင်းကြောင့် ဟောင်းလောင်းပေါက်များ ဖြစ် ပေါ်ကာ ပြိုကျပျက်စီးနေခဲ့သော စေတီကြီးများသာ မြို့ဟောင်း တစ်ခု၏ ပြယုဂ်အဖြစ် ကျန်ရစ်နေ သည်။

‘‘အရင် ဆယ်နှစ်ကျော် လောက်ကအထိကို စေတီ အဟောင်းတွေ၊ အုတ်ကျိုးအုတ်ပုံ တွေက အခုထက် များများရှိသေး တယ်။ ယာခင်းချောင်းခင်းစိုက် တော့ တိုးချဲ့ ဖြိုဖျက်ဖယ်ကြရှားကြနဲ့ အခုသိပ်မကျန်တော့ဘူး။ နောက်ဆယ်နှစ်ဆိုရင် အခု အခြေအနေတောင် မြင်ရတော့မှာမဟုတ် ဘူး’’ဟု ဒေသခံ ဦးကံထွန်းက ပြောသည်။

စူဠာသမ္ဘဝနှင့် မဟာသမ္ဘာဝ ဆိုသည့် ပျူခေတ်တစ်ခေတ်ကို စတင်မည့် မင်းညီနောင်နှစ်ပါး ဧရာဝတီမြစ်အတွင်း မျောပါလာ ခဲ့ရာမှ စတင်လာခဲ့သည်ဟု ပါးစပ်ရာဇဝင်ဆိုကြသည့် မြေထဲမြို့သည်မြန်မာမင်းများ အဆက်ဆက် စစ်သည်အင်အား လေးရာအထိ ထောက်ပံ့ပေးပို့ခဲ့ရသော ရာပြု မြို့ ၂၂ မြို့ စာရင်းဝင် မြို့တစ်မြို့ ဖြစ်ခဲ့သည်။

အဆိုပါ သမိုင်းဝင် မြေထဲ မြို့ဟောင်းမှာ ပြည်မြို့မှ ပြည် လမ်းမကြီးအတိုင်း မိုင်လေးဆယ် ခန့်အကွာတွင် ရှိနေပြီး ယူနက် စကိုစာရင်းဝင်ဖြစ်သော သရေ ခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်း နှစ်ခုအကြား၌ တည်ရှိသည်။

ဧရာဝတီမြစ်ဘေးရှိ မြို့ ဟောင်းဖြစ်ပြီး သင်္ဘောကြီးများ ပင် လွယ်ကူစွာ ဆိုက်ကပ်နိုင် သော ဆိပ်ကမ်းရှိနေခြင်းကြောင့် လည်း ရေကြောင်းဖြင့် ဆက် သွယ် သွားလာရေး လွယ်ကူ သည်။

ထိုသို့ သမိုင်းဝင်ဖြစ်ခဲ့သည့် မြို့ဟောင်းကြီး မပျောက်မပျက်စေရန်နှင့် နောင်လာ နောက် သားများ လေ့လာနိုင်ကြစေရန် အောင်လံသား မြို့မိမြို့ဖ များက ကြိုးစားနေကြသည်။

‘‘အဘလည်း တတ်နိုင် သလောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဆီ သွားရောက်ပြီး မြေထဲမြို့ဟောင်းကို ပြုပြင်ထိန်း သိမ်းဖို့အစီအစဉ်ရှိ၊ မရှိ အစိုးရ တာဝန်ရှိသူတွေကို မေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုယ်စား လှယ်ကြီးက    လွှတ်တော်မှာမေးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရခဲ့တဲ့အဖြေက မြန်မာပြည်မှာ ထိန်းသိမ်းခြင်းလုပ်ရမယ့် ရှေးဟောင်းမြို့တွေက အများကြီးပဲတဲ့။ လက်ရှိတော့ မလုပ်နိုင်သေးဘူးတဲ့။ ဒေသခံ ပြည်သူတွေကပဲ ကိုယ်ထူကိုယ်ထ ထိန်းသိမ်းပါလို့ပဲ အဖြေရခဲ့တယ်’’ဟု အောင်လံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကံ ထွန်းက ပြောသည်။

မြို့ဝင်ပေါက်ဟု ဒေသခံများ ဆိုကြသည့် မြို့ဟောင်း၏ တောင်ဘက်အရပ် မြေသားလမ်းကလေး ၏ ဝဲယာဘက် ညောင်ပင်ကြီးများ အမြစ်များကြားဆီမှ တစ်စွန်း တစ်စ ထွက်ပေါ်နေသော အုတ်ရိုး တန်းကြီး၏ ထုထည်ကို မြင်ရုံဖြင့် ပင် မြို့ဟောင်း၏ ခံ့ညားထည်ဝါမှုကို  တွေ့မြင်ခန့်မှန်းနိုင်မည်ဖြစ် သည်။

ယခုအခါ မြေပြင်ထက် တစ်ပိုင်းတစ်စသာ တွေ့ရသည့် အဆို ပါမြို့ရိုးကြီးကို လွန်ခဲ့သည့် နှစ် ပေါင်းလေးဆယ်ခန့်က မြင့်မားစွာ တွေ့မြင်နိုင်သေးပြီး ထုထည်ကြီး မားလှသော သစ်သားတိုင်ကြီး များပင် ရှိခဲ့ကြောင်း မြေထဲမြို့ ဟောင်းအနီးရှိ မိုးဖုံးကျေးရွာအုပ် ချုပ်ရေးမှူး ဦးဌေးနိုင်က ပြော သည်။

ဝိသမလောဘသားအချို့က အုတ်ချပ်များ ခွာယူခဲ့ကြမှုနှင့် သဘာဝဘေးဒဏ် တို့ကြောင့် မြို့ ရိုး အကြွင်းအကျန်အနည်းငယ် သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြေထဲမြို့ဟောင်းတွင် ယခု အခါ တောင်ဘက်မြို့ရိုးတစ်ခုသာ ထုနှင့်ထည်နှင့် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ကြောင်း အသုံးချ ရှေးဟောင်းသုတေသန ပညာဒီပလိုမာအတွက် မြေထဲမြို့ဟောင်း စာ တမ်းငယ်ကို ပြုစုနေသူ မမြင့်မြင့်သူက ပြောသည်။

‘‘မြေထဲမြို့ဟောင်းမှာက ထူးထူးခြားခြား လက်ရှိအချိန်ထိ ကျန်ရှိနေသေးတာက ဒီမြို့ရိုးကြီး တွေပဲ။ အခိုင်အမာကို ရှိနေသေး တယ်’’ဟု ၎င်းက ပြောသည်။

မြေထဲမြို့ဟောင်းအတွင်း ယခုထိ တွေ့မြင်နိုင်သော အပြင် မြို့ရိုးနေရာ၊ အတွင်းမြို့ရိုးနေရာ နှင့် အပြင်ကျုံးနေရာ၊ အတွင်း ကျုံးနေရာ၊ အဆိုပါမြို့ရိုးများ အလယ်လောက်တွင် တည်ရှိနေ သော မြို့ဝန်မင်း၏အိမ်တော် နေရာဟု ယူဆရသည့် အုတ်ခုံ အကွင်းအကွက် ရှိနေသောနေရာ များက ရှေးမင်းများအဆက်ဆက် အထက်အောက် ကုန်သွယ်ကူး သန်းမှု စည်ကားဖြစ်ထွန်းရာ မြို့ တစ်မြို့ ဖြစ်ခဲ့သည်ဟု သက်သေ ပြုလျက်ရှိကြောင်း မမြင့်မြင့်သူက ပြောသည်။

မြို့ရိုးနှစ်ထပ်၊ ကျုံးနှစ်ထပ် ဖြင့် အဆင့်မြင့်စွာ တည်ဆောက် ထားခဲ့သော အခြေအနေများကို ယခုထက်တိုင် တွေ့မြင်နိုင်သေး ကြောင်း ၎င်းက ပြောသည်။

သို့သော် ခံတပ်ဟု ယူဆရ သောနေရာမှာမူ အုတ်သားချပ် များကိုသာ တွေ့ရှိပြီး မြို့ဝန်နေ အိမ်ဟု ယူဆနိုင်သော အဆောက်အအုံနေရာတွင်မူ အုတ်ကြွပ် အကျိုးအပဲ့များနှင့် အုတ်ခုံများ သာ ရှိတော့သည်။

မြို့ဟောင်းအတွင်း လက် ညှိုးထိုးမလွဲ တည်ရှိနေသော စေတီအပြိုအပျက်ကြီး များစွာက တစ်ချိန်တစ်ခါဆီက အဆိုပါနေ ရာတွင် နေထိုင်ခဲ့ကြသူ ရှေး မြန်မာကြီးများမှာ အလုပ်အကိုင် ကောင်းမွန်ပြီး စည်ကားဖြစ်ထွန်း ခဲ့ကြောင်း ပြဆို၍နေသည်။

လက်ရှိအချိန်အထိ စေတီ တော်ပေါင်း ဆယ်ဆူကျော် တွေ့ ရှိနေရသေးပြီး အများစုမှာ ထိန်း သိမ်းမှုမရှိသောကြောင့် ပြိုကျ ပျက်စီးနေသည်ကို တွေ့ရသည်။

စေတီတော်အများစုတွင် သမိုင်းအထောက်အထားများ ဖြစ်သော ရှေးခေတ်ယဉ်ကျေးမှု လက်ရာများ ရှိနေဆဲဖြစ်ပြီး အချို့မှာ သဘာဝဒဏ်၊ မသမာသူတို့၏ ဖျက်ဆီးမှုဒဏ်နှင့် အလှူရှင်များ က ခေတ်လက်ရာများဖြင့် ပြုပြင် ခဲ့မှုများကြောင့် သမိုင်းဆိုင်ရာ အထောက်အထားများ ရှာဖွေရ ခက်သွားခဲ့ပြီဖြစ်ကြောင်း မမြင့် မြင့်သူက ဆိုသည်။

ထို့အပြင်    ရှေးယခင်က ထွန်ယက်စိုက်ပျိုး လုပ်ကိုင်သူများ နှင့်  အနီးအနားဒေသခံများ အနက်အချို့မှာ မြို့ဟောင်းအတွင်းမှ ရွှေငွေဖြင့် ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့ကြောင်း မိုးဖုံးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

‘‘အရင်တုန်းက မိုးရွာရင် မြို့ဟောင်းတစ်လျှောက် လျှောက်ကြည့်၊ တစ်ခုမဟုတ် တစ်ခု တွေ့ တာပဲ။ မြေနဲ့လုပ်တဲ့ ဆေးတံလေး တွေ အများဆုံးတွေ့ကြတယ်’’ ဟု ၎င်းက ပြောသည်။

နောက်ပိုင်းတွင် မြို့ဟောင်း အတွင်း တကူးတက တူးဖော်ရှာ ဖွေသူများပင် ရှိလာခဲ့သော ကြောင့်  သက်ဆိုင်ရာသို့ တိုင်ကြား မှုများပင် ပြုလုပ်ခဲ့ရကြောင်း လည်း ၎င်းက ပြောသည်။

ဌာပနာတိုက် အဖောက်ခံ ထားရသည်ဟု ယူဆရသော လက်ရှိ ကျန်ရှိနေသေးသည့် ရှေးဟောင်း စေတီတော်ကြီးများနှင့် မြို့ရိုးခံတပ်နေရာများမှာ ညောင်ပင်ကဲ့သို့သော အပင်ကြီးများ၏ ဝါးမျိုမှုကို ခံထားရကာ ချုံနွယ်များ ဖုံးလွှမ်းလျက်ရှိနေသည်ကို တွေ့ရသည်။

‘‘ကျွန်တော်တို့တုန်းက မြို့မိ မြို့ဖအဖွဲ့တွေ၊ ဒေသအာဏာပိုင် အဖွဲ့က တာဝန်ရှိသူတွေနဲ့ မြို့ ဟောင်းကိုသွားပြီး   ရှေးအဆောက်အအုံတွေကို စာရင်းပြုစုတာ၊ လေ့လာတာတွေ လုပ်ခဲ့တယ်။ ရလာတဲ့ အချက်အလက်တွေကို ဒေသအာဏာပိုင်တွေက တစ် ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ဘူး’’ဟု မြို့ဟောင်းသို့ သွားရောက်လေ့လာခဲ့ပြီး အချိန်မီ ထိန်းသိမ်းရန် အစိုးရထံ စာရေးသား တောင်းဆိုခဲ့သည့် အောင်လံမြို့ခံ စာရေးဆရာ ညီမှူးအိမ်က ပြောသည်။

အစိုးရထံ တင်ပြချက်ကို ၂၀၀၀ ပြည့်နှစ်ခန့်က လုပ်ဆောင် ခဲ့ပြီး ယင်းအချိန်က မြို့ဟောင်း အခြေအနေမှာ ယခုလောက်ပျက် စီးမှု ဆိုးရွားစွာ မရှိသေးဟု ဆို သည်။

‘‘အဲဒီတုန်းက မြို့ဟောင်းရဲ့ မြောက်ဘက်ခြမ်းပေါ့။ မိုးဖုံးစ စာသင်ကျောင်းနားမှာ၊ ဒေသခံ တွေ ပြောတာကတော့ ဘဏ္ဍာ တိုက်နေရာတဲ့။ အဆောက်အအုံ အပျက် အုတ်ပုံကြီးရှိနေသေး တယ်။ မုခ်ပေါက်ကလေး သေး သေးတောင် တွေ့နိုင်သေးတယ်။ အခုက လုံးဝကို ပျောက်သွားခဲ့ ပြီ’’ဟု ၎င်းက ပြောသည်။

လက်ရှိ မြို့ဟောင်းအတွင်း တွေ့ရသော ရှေးဟောင်းပစ္စည်း များအနက် ထက်ပိုင်းကျိုးကာ အနားသတ် လက်ရာများ ပျောက်ပျက်လုနီးပါး ဖြစ်နေသော ကျောက်သား ခြေတော်ရာတစ်ဆူ မှာ အမြန်ဆုံး ထိန်းသိမ်းရန်လို အပ်လျက် ရှိနေကြောင်း ၎င်းက ပြောသည်။

အဆိုပါခြေတော်ရာတွင် ပါရှိသော ရှေးဟောင်းစာများအရ ညောင်ရမ်းခေတ်ဦး လက်ရာတစ် ခု ဖြစ်နိုင်ပြီး သမိုင်းတန်ဖိုး ကြီးမားကြောင်းလည်း စာတမ်းပြုစုခဲ့သူ မမြင့်မြင့်သူက ပြောသည်။

ယခုအခါ ခြေတော်ရာမှာ မြို့ဟောင်းအတွင်း ဘုရားတစ်ဆူ၏ ခြေတော်ရင်း မြေပြင်ပေါ်တွင် အမိုးအကာမဲ့စွာ တည်ရှိနေ သည်။ငွေကြေးအင်အား၊  ရှေး ဟောင်းလက်ရာ အဆောက်အအုံ များကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းနိုင်မည့် အတတ်ပညာ စသည်ဖြင့် အားနည်းချက်များစွာ ရှိနေသော ဒေသခံများအဖို့ အုတ်ပုံကြီးများပေါ်တွင် ပေါက်ရောက် နေသော သစ်ပင်များကို ခုတ်ထွင်ပေးခြင်းသာ တတ်နိုင်မည်ဖြစ် ကြောင်း ပြောကြားနေသည့် အဘဦးကံထွန်း၏ မျက်နှာထားနှင့်  လေသံများတွင် ဆွေးမြည့် နှမြော ဟန်တို့ကား အထင်အရှားပင်။

No comments

Powered by Blogger.