တရုတ်တိုင်ပေတွင် ငလျင်ကြောင့် တိုက်ပြိုကျမှုမှ သေဆုံးသူ ၁၄ ဦးနှင့် ပျောက်ဆုံးနေဆဲလူ ၁၃၀ ကျော် ရှိလာ


တရုတ်တိုင်ပေမှ တိုင်နန်မြို့တွင် သောကြာနေ့က အင်အားပြင်းထန်သည့် ငလျင်လှုပ်ခဲ့မှုကြောင့် ၁၇ ထပ်တိုက်ကြီးတစ်လုံး ပြိုကျခဲ့ရာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာခဲ့ပြီး လူ ၁၃၀ ကျော်မှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။

မီးသတ်သမားများ၊ ရဲနှင့်စစ်သားများမှာ အဆောက်အအုံ အပျက်အစီးများကြားတွင် စက်အား၊ လူအားဖြင့် တူးဖော်ရှာဖွေမှုများ လုပ်ခဲ့ပြီး ကျန်ရစ်သူ မိသားစုများလည်း စောင့်ဆိုင်းခဲ့ကြသည်။

အဆိုပါ ဝမ်ကွမ်ရွှေနဂါးတိုက်တွင် အပျက်အစီးများအောက် နစ်မြုပ်ပျောက်ဆုံးနေသည့် လူဦးရေမှာ ၁၃၂ ဦးအထိ ရှိပြီး ယင်းမှ ၃၀ ဦးခန့်မှာ အပျက်အစီးများအောက် အနက်ရှိုင်းဆုံး အောက်ခြေတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း တိုင်နန်မြို့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တိုက်၏ အောက်ထပ်များစွာမှာ ပြင်းအား ၆ ဒသမ ၄ ရှိသည့် ငလျင်ကြောင့် လုံးဝပြိုကျသွားခဲ့ပြီး အောက်တွင် ပိမိနေခဲ့ကာ ၉၀ နှစ်များအတွင်းက ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ၏ တည်ဆောက်ရေးအပိုင်းနှင့် သုံးထားသည့် ပစ္စည်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မြို့တော်ဝန်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများမှာ ပိကျနေသည့် အပျက်အစီးများစွာကြောင့် အလွန်ခက်ခဲနေကြောင်း၊ ၎င်းတို့ကို ရှင်းလင်းရန် အချိန်များစွာ ယူရမည်ဖြစ်ပြီး အချို့မှာ ပိတ်မိနေပြီး အသက်ရှင်ဆဲ ရှိဦးမည်ဟု ယူဆကြောင်း ပြောသည်။

အာဏာပိုင်များက အဆိုပါ တိုက်သည် အခန်းပေါင်း ၉၆ ခန်းရှိကာ နေထိုင်သူ ဦးရေ ၂၅၆ ဦး ရှိကြောင်း ဆိုသည်။
သို့သော် တိုက်ပြိုချိန်တွင် နှစ်သစ်ကူး အားလပ်ရက်ဖြစ်၍ လူများစွာမှာ အိမ်တွင်နေသည့်အချိန် ဖြစ်နေခဲ့ကြောင်း ဆိုသည်။

ကယ်ဆယ်ရေးသမားများသည် စနေနေ့အထိ ထိုတိုက်ပြိုကျမှုမှ လူပေါင်း ၂၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Reutres

No comments

Powered by Blogger.