ဂျာမနီတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိ


ဂျာမနီတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားရာ လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရထားနှစ်စီးသည် ဘာဗေးရီးယား ပြည်နယ်ရှိ ဘတ်ဒ်အိုင်ဘလင်း ရေပူစမ်းမြို့ အနီးတွင် ဖေဖော်ဝါရီ ၉ ရက်က တိုက်မိခဲ့ခြင်း ဖြစ်သည်။ ဘတ်ဒ်အိုင်ဘလင်းသည် ဩစတြီးယားနှင့် နယ်နိမိတ် အနီးတွင် တည်ရှိပြီး မြူးနစ်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၆၀ မျှ အဝေးတွင် ရှိနေသည်။ ရထားချင်းတိုက်သည့် အရှိန်ကြောင့် တစ်စီးမှာ လမ်းချော်ထွက်သွားပြီး ရထားတွဲများပါ တိမ်းမှောက်ကုန်ကြောင်း အာဏာပိုင်များက ဆိုသည်။

ရထားနှစ်စီးသည် ခေါင်းချင်းဆိုင် တိုက်မိကြသည်ဟု ယူဆရပြီး အဘယ်ကြောင့် ထိုကဲ့သို့ အမှားအယွင်း ဖြစ်ခဲ့သည်ကို အတိအကျ မသိရသေးချေ။ ကယ်ဆယ်ရေး ရဟတ်ယာဉ်များနှင့် အရေးပေါ် ဝန်ထမ်းများသည် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိနေပြီဟု သိရသည်။ ဘာဗေးရီးယား ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်ကြောင့် အသေအပျောက် ပမာဏကို Twitterတွင် လွှင့်တင်သော်လည်း အတည်ပြုနိုင်သည့် ကိန်းဂဏန်းမျိုး မရရှိသေးချေ။ အနည်းဆုံး လူ ၁၀၀ ခန့်မှာမူ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရထားချင်း တိုက်မိပြီးနောက် ပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ထားလိုက်ရသလို ဟော့ဇ်ကီချန်နှင့် ရိုဆန်ဟိမ်တို့ကြား ပြေးဆွဲသည့် ရထားခရီးစဉ်များကိုလည်း ယာယီ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရသည်။

Ref: BBC

No comments

Powered by Blogger.