Facebook တွင် လူမှား Tag သဖြင့် ခင်ပွန်းသည်၏ ရိုက်နှက်ခြင်းခံရသည့် မလေးရှားအမျိုးသမီး


Facebook ပေါ်တွင် လူမှား၍ Tag မိသဖြင့် မလေးရှားအမျိုးသမီးတစ်ဦးကို ခင်ပွန်းဖြစ်သူက ပြင်းပြင်းထန်ထန် ရန်ပြုရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ က ပီနန်းတွင် နေထိုင်သည့် စတယ်လာအွိုင်သည် သူမ၏ကလေးဓာတ်ပုံကို Facebook ပေါ်တင်ခဲ့ပြီး ဒိုတာလီအမည်ရှိ အမျိုးသားကို Tag တွဲလျက် ဖြစ်နေခဲ့သည်။ အမှန်အားဖြင့် စတယ်လာသည် ယင်းအမျိုးသားကို ပြင်ပတွင် လူချင်းလုံးဝ မသိကျွမ်းချေ။

သို့သော်လည်း ယင်းအခြေအနေက ကလေး၏ဖခင်မှာ အဆိုပါအမျိုးသားဖြစ်နေသည့်သဘောမျိုး သက်ရောက်သွားသောကြောင့် စတယ်လာ၏ခင်ပွန်းက သူမကိုရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ စတယ်လာက “Facebook ပေါ်မှာ ဘယ်သူမဆို Tag တွဲလို့ ရတာပဲ။ ဒါပေမဲ့ အခုကိစ္စကြောင့် ကျွန်မကို ယောက်ျားက ရိုက်တော့တာပဲ” ဟု ရေးသားခဲ့သည်။

သူမ၏ခင်ပွန်းက မိမိသည် ဒိုတာလီနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲကာရန်ပြုခဲ့ခြင်းဟုလည်း စတယ်လာက ဆိုသည်။ သူမ၏ဦးခွံတွင် ကွဲအက်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီး ညာဘက်နားမှာလည်း အတန်ငယ်လေးသွားခဲ့သည်။ ထို့အပြင် Facebook ပေါ်တင်ထားသည့် ဓာတ်ပုံများအရ သူမ၏မျက်နှာ၊ လက်မောင်းနှင့် ပေါင်တို့တွင်လည်း အညိုအမည်း ဒဏ်ရာဒဏ်ချက်များကို တွေ့ရသည်။

Facebook ပေါ်တွင် ထပ်တင်သည့် Post တစ်ခု၌ သူမက ခင်ပွန်းဖြစ်သူနှင့် မပေါင်းတော့ဟု ဆုံးဖြတ်ခဲ့သလို ယခုကိစ္စအတွက် ရဲတိုင်ထားကြောင်း ရေးသားထားသည်။ ဖေဖော်ဝါရီ ၄ ရက်တွင် အသစ်တင်သည့် Post ၌မူ သူမ၏ဒဏ်ရာ အတော်များများ လျော့ပါးသက်သာသွားပြီး အပြင်ထွက်လည်နိုင်တော့မည်ဟု စတယ်လာက ရေးသားထားသည်။

Ref: Straits Times

No comments

Powered by Blogger.