ကချင်ခေါင်းဆောင် ဖခင်ရဲ့ ခြေရာနင်းမယ့်သမီး

ကချင်ခေါင်းဆောင် ဖခင်ရဲ့ ခြေရာနင်းမယ့်သမီး
KIO ခေါင်းဆောင်ဟောင်း ဦးမရန်ဘရန်ဆန်ရဲ့ သမီးဖြစ်သူက ဖေဖော်ဝါရီလဆန်းမှာ ကချင်ပြည်နယ်လွှတ်တော်ကို စတင်တက်ရောက်ရတော့မှာဖြစ်ပြီး ဖခင်ကြိုးပမ်းခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံပေါ်ပေါက်ရေးကို ဆက်လက်လုပ်ဆောင်ပါတော့မယ်။

မကြာသေးမီက မြစ်ကြီးနားမြို့ နေအိမ်တွင် တွေ့ရသည့် ဒေါ်ဂျာဆိုင်းခေါန် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
ဒေါ်ဂျာဆိုင်းခေါန်ဟာ အသက်(၂၀)နှစ်အ ရွယ်အထိ  မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မှာနှစ်ဖက်ဘွားအေတွေရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့ရသူပါ။ မိဘတွေ၊ မွေးချင်းတွေ အနီးအနားမှာ မရှိတော့ဘဲ သူဟာစစ်ထောက်လှမ်းရေးတွေရဲ့   စောင့်ကြည့်မှု အောက်မှာ နေခဲ့ရပါတယ်။

သူ့အပြစ်ကတော့ အစိုးရကို တော်လှန်ခဲ့တဲ့ ကချင်မိသားစုက ပေါက်ဖွားသူတစ်ဦးဖြစ်နေတာ ကြောင့်မို့လို့ပါပဲ။

ကချင်လက်နက်ကိုင် တပ် ဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦးရဲ့ သမီးအသက် (၅၀)အရွယ် ဒေါ်ဂျာဆိုင်းခေါန်ဟာ ဖေဖော်ဝါရီလ အစောပိုင်းမှာ စတင်မယ့် ပြည်နယ်လွှတ်တော်ကို ရွေးကောက် ခံလွှတ်တော်ကိုယ်စားလှယ်တစ် ဦးအဖြစ် တက်ရောက်ခွင့်ရတော့ မှာပါ။ သူဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD) အပြတ်အသတ် အနိုင်ရခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ကချင်တိုင်းရင်း သားပါတီတွေထဲက ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်ငါးဦးအနက် တစ်ဦးဖြစ်ပါတယ်။

‘‘တရားဝင်လမ်းကြောင်းက ၀င်ပြီး လုပ်လို့ရတဲ့အတွက် ၀မ်းသာပါတယ်။ မျှော်လင့်သလောက် ဘယ်လိုလုပ်နိုင်မလဲဆိုတာက တော့ ရှင်းရှင်းလင်းလင်း မသိ သေးဘူးပေါ့။ ဒါပေမဲ့ တိုင်းရင်း သားတွေအပေါ် အခြေခံတဲ့၊ သူတို့လက်ခံနိုင်တဲ့၊ မျှတတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဖြစ်အောင် လုပ် မယ်။ အခွင့်အခါပေါ် မူတည်ပြီး လုပ်သွားမယ်’’လို့ ဒေါ်ဂျာဆိုင်း ခေါန်က ပြောပါတယ်။

ဖခင်ဖြစ်သူဟာ ဒေါ်ဂျာဆိုင်းခေါန် ခြောက်လသမီးအရွယ်က တည်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ နိုင်ငံရေးအ ဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ထဲကို ၀င် သွားခဲ့ပါတယ်။ သူ(၃)နှစ်သမီး အရွယ်မှာ မိခင်ဖြစ်သူဟာ သူ့ အစ်ကိုနဲ့အတူ ခင်ပွန်းသည်ထံ လိုက်ပါတောခိုသွားပြီး အဲဒီမှာပဲ ကလေးငါးယောက်ကို ထပ်မွေးပါ တယ်။

‘‘အဖေဘက်က အဘွား၊ အမေဘက်က အဘွားအိမ်တွေ မှာ ကျွန်မလှည့်ပတ်ပြီး ကြီးလာ တယ်။ ကျွန်မငယ်ငယ်ကတည်း က ကျွန်မမျက်စိထဲမှာ အဖေ၊ အမေဆိုတာ မမြင်ဖူးဘူး’’လို့ မြစ် ကြီးနားမြို့မှာရှိတဲ့ မြစ်ကမ်းနံ ဘေးက သူ့ရဲ့အိမ်မှာ တွေ့ဆုံစဉ် ပြောပြပါတယ်။

‘‘ကျွန်မတို့ ငယ်ငယ်တုန်းက ထောက်လှမ်းရေးတွေ မျက်စိ အောက်မှာ နေခဲ့ရတာ။ မြို့နဲ့ ဆက်မိုင်ပတ်ဝန်းကျင်(ကျော်ပြီး) ကျွန်မတို့သွားလို့ မရဘူး။ သတင်းပို့ရတယ်။ အမြဲတမ်းအစစ်ခံရ တာ။ ဒါပေမဲ့ မကြောက်တတ်ဘူး ပေါ့နော်။ ကိုယ့်မှာ သိမ်ငယ်ရတယ်လို့လည်း စိတ်ထဲမှာ မခံစားမိဘူး’’လို့ နိုင်ငံရေးခံစားချက်တွေပါတဲ့ လေသံနဲ့ သူကပြောပါတယ်။

ဒေါ်ဂျာဆိုင်းခေါန်ဟာ သူ့ မိသားစုနဲ့ တစ်ချိန်ချိန်မှာ ပြန်ဆုံ ရမယ်ဆိုတာ စိတ်ထဲကသိနေပြီး အသက်(၂၀)နှစ်အရွယ်မှာတော့ စာသင်တဲ့ အလုပ်ကိုစွန့်လွှတ်၊ ကချင်တိုင်းရင်းသားတွေရဲ့ လွတ် မြောက်ရေးအတွက် ဆောင်ရွက် ဖို့ KIO ထဲကို ၀င်လိုက်ပါတယ်။

သူ့ဖခင် ဦးမရန်ဘရန်ဆန် ၁၉၇၆ မှာ KIO ဥက္ကဋ္ဌအဖြစ် ရွေး ချယ်ခံရပြီးနောက်မှာ ကချင်ပြည် နယ် လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ချက်ကနေ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဦးတည်ခဲ့ပါတယ်။ ဂျာ ဆိုင်းခေါန်ဟာ ၁၉၈၆ က စတင် လို့ တော်လှန်ရေးသမားတွေအ ကြားမှာ နေထိုင်ခဲ့ပြီး ဖခင်နဲ့ အနီးကပ် အလုပ်လုပ်နေရင်း အပြောင်းအလဲတွေ ပေါ်ပေါက်လာမယ့်အ ချိန်ကို စောင့်ဆိုင်းခဲ့ပါတယ်။ မြန်မာ့တပ်မတော်နဲ့  တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက်မှာ ပါဂျောင်ဌာနချုပ်အပါအ၀င် KIA ရဲ့ ခြေကုပ်စခန်းအများအ ပြား ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ KIO အနေနဲ့ အနောက်နိုင်ငံတွေ ရဲ့ စာနာထောက်ထားမှုကို ရရှိခဲ့ ပါတယ်။

‘‘ဘရန်ဆန်ဟာ မျှတတဲ့အ တွေးအခေါ် အယူအဆရှိပြီး ပြည်ပနိုင်ငံတွေအထိ ပေါက် ရောက်မှုရှိတဲ့ ပထမဆုံး ကချင် ခေါင်းဆောင်တစ်ဦးပါ’’လို့ မြန်မာပြည် လက်နက်ကိုင်တပ်ဖွဲ့ များအကြောင်း စာအုပ်များ ရေး သားတဲ့ ဆွီဒင်စာနယ်ဇင်းသမား တစ်ဦးဖြစ်သူ ဘာတေးလ်လင့်တနာက Myanmar Now ကို ပြောပါတယ်။

တော်လှန်ရေးသမားဘ၀မှ တက် ကြွလှုပ်ရှားသူတစ်ဦးဖြစ်လာ

ဦးဘရန်ဆန်ဟာ ၁၉၉၃ အောက်တိုဘာမှာ လေသင်တုန်း ဖြတ်သွားချိန် သူ့လက်ထောက် က မြန်မာစစ်အစိုးရနဲ့ အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီး လအနည်းငယ် အကြာ ၁၉၉၄ မှာ ကွယ်လွန်သွား ခဲ့ပါတယ်။ ဒီစာချုပ်ဟာ ၁၇ နှစ် ကြာ အသက်ဝင်ခဲ့ပါတယ်။

ဒေါ်ဂျာဆိုင်းခေါန်ဟာ KIO မှာ နောက်ထပ် ၁၆ နှစ် ထပ်နေ ပြီး ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၀ ပြည့်နှစ်မှာ မြစ်ကြီးနားကို ပြန် လာခဲ့ပါတယ်။ ဒါပေမဲ့ KIO ဒု ဥက္ကဋ္ဌဟောင်း ဒေါက်တာမနမ်တူး ဂျာ တည်ထောင်ချင်တဲ့ ကချင် ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကို ရွေးကောက်ပွဲအတွက် မှတ်ပုံ တင်ခွင့် မပြုခဲ့ပါဘူး။

‘‘ကျွန်မ စစချင်းရောက်လာ တော့ အရမ်းအံ့သြတယ်။ အား လုံးက အကြောက်တရားတွေနဲ့ပဲ အုပ်စိုးနေတယ်ဆိုတော့ အချင်း ချင်း စကားတောင် မပြောရဲကြ ဘူး။ ကျွန်မတို့က ဟိုမှာနေလာ တဲ့အခါကျတော့ ဥက္ကဋ္ဌကစလို့ စစ်ဦးစီးချုပ် အကုန်လုံးက ကျွန်မ တို့မှာ ဘယ်သူ့မှကြောက်စရာ မလိုဘူး။ ပွင့်ပွင့်လင်းလင်းပြောလို့ ရတယ်။ အကြံပေးလို့ရတယ်ပေါ့ နော်။ ဒီကလူတွေကျတော့ ကျွန်မပြန်လာတော့ အဲဒီလိုမျိုး ဟုတ်မနေဘူး’’လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

သူက ကချင်တိုင်းရင်းသား တို့ရဲ့ အခွင့်အရေးအတွက် တခြားအမျိုးသမီးတွေကိုပါ တွဲ ခေါ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကကို စတင် ၀င်ရောက်ခဲ့ပါတယ်။

‘‘ဒီမှာလည်း စစ်ကလည်း ပြန်ဖြစ်လာ၊ ခုနကပြောတဲ့ ပါတီ ကလည်း ထွက်မလာတဲ့အခါကျ တော့ အမျိုးသမီးတွေကိုခေါ်ပြီး တော့ Awareness (အကြားအ မြင်) လေးတွေ လုပ်ရအောင်ဆို ပြီးတော့ နည်းနည်း Influence (သြဇာလွှမ်းမှု) ဖြစ်နိုင်မယ့် ရပ် ကွက်တိုင်းကနေ အမျိုးသမီးနှစ် ယောက်စီ နည်းနည်းစုပြီးတော့ ဒီမှာပဲ စခဲ့ကြတာ။ ကျွန်မတို့ရနိုင် တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသမီးရေးရာ စာတမ်းလေး တွေနဲ့ ၀င်ပြီးတော့ ကလေးတွေလို ပဲ ဖတ်ကြတာ’’လို့ ဒေါ်ဂျာဆိုင်း ခေါန်က ပြောပါတယ်။

သူတို့ရဲ့ အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်ဟာ ၂၀၁၁ ဇွန်လမှာ ပျက်စီးသွားခဲ့ ပြီး တိုက်ခိုက်မှုတွေ ပြန်လည်စတင် တာကြောင့် လူပေါင်းသောင်းနဲ့ ချီပြီး အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

‘‘အစိုးရကလည်း ပြောတာကတော့ National Reconciliation (အမျိုးသားရင်ကြားစေ့ရေး) ပြောတယ်။ လုပ်တာကတော့ စစ်တပ် အင်အားကလည်း တောက် လျှောက်ချဲ့ပြီးရင်း ချဲ့နေတယ်။ နောက်မြစ်ဆုံကိစ္စတွေ၊ မြေသိမ်း တာတွေ၊ အမျိုးသမီးနဲ့ပတ်သက် တဲ့ မုဒိမ်းကိစ္စတွေကလည်း တောက်လျှောက်ဖြစ်နေတယ်’’ လို့ ဒေါ်ဂျာဆိုင်းခေါန်က ဆိုတယ်။

‘‘ကချင်ဆရာမလေး နှစ် ယောက်ရဲ့ ကိစ္စကတော့ မီဒီယာ ကလည်း ပွင့်သွားတဲ့အခါကျ တော့ တစ်ကမ္ဘာလုံး မြန်မြန်ဆန် ဆန် သိသွားတာပေါ့။ ဒီလိုအ လားတူကိစ္စက ကျွန်မတို့ ဟိုဘက်မှာရှိနေကတည်းက တောက် လျှောက်ဖြစ်နေတာ။ ဒါပေမဲ့ ဘယ်သူမှမသိဘူး’’

သမ္မတဦးသိန်းစိန်က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆိုင်း ငံ့ထားဖို့ ၂၀၁၁ စက်တင်ဘာမှာ ကြေညာလိုက်တဲ့အခါ ဒေါ်ဂျာ ဆိုင်းခေါင်အပါအ၀င် ကချင်တိုင်းရင်းသားတွေဟာ အောင်ပွဲအ ထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဆီက အကူအညီ တောင်းခဲ့ပေမယ့် တုံ့ပြန်မှုတစ်စုံ တစ်ရာ မရခဲ့ပါဘူး။

အဲဒီလို အခမ်းအနားကျင်းပ တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို ကြားဖြတ်ရွေး ကောက်ပွဲမဲဆွယ်မှုအတွက် ရောက်ခဲ့ပေမယ့် အခမ်းအနား မတက်ခဲ့ပါဘူး။

‘‘အားလုံးစိတ်မကောင်းဘူး ပေါ့နော်။ နည်းနည်းတော့ Respect(လေးစားမှု) ပေးစေချင်တာပေါ့’’ လို့ ဒေါ်ဂျာဆိုင်းခေါန်က ဆိုတယ်။

ဒေါ်ဂျာဆိုင်းခေါန်တို့ဟာ  ပြည်သူတွေပါဝင်တဲ့ အခမ်းအ နားများ ကျင်းပပေးခဲ့ပြီး အရပ် ဘက်အဖွဲ့အစည်းတွေကို စိတ် ဓာတ်ခွန်အား ရစေခဲ့ပါတယ်။

NLD က အားသာနေတယ်

ကချင်ပြည်နယ် ကောင်းစား ရေးကို ကချင်လူမျိုးတွေ ကိုယ် တိုင်သာ အကောင်းဆုံးလုပ် ဆောင်မယ်ဆိုတာကို တခြားတိုင်းရင်းသားခေါင်းဆောင် အသီးသီး လိုပဲ ဒေါ်ဂျာဆိုင်းခေါန်ကလည်း ယုံကြည်ထားပါတယ်။

သူ့ရဲ့ အမြင်နဲ့ မဲဆန္ဒရှင်တွေ ရဲ့ အမြင်ကတော့ တူပုံမပေါ်ပါ ဘူး။ ကချင်ပြည်နယ်ထဲက မဲဆန္ဒ နယ် ၇၀ မှာ ကချင်ပါတီနှစ်ခုရဲ့ ကိုယ်စားလှယ်ငါးဦးသာ အနိုင်ရ ခဲ့ပါတယ်။  မဲတွေကွဲသွားတာ၊ မဲဆန္ဒရှင်တွေရဲ့ လိုလားချက်က စစ်တပ်ထောက်ခံထားတဲ့ အစိုးရ ကို ဖယ်ရှားချင်တာ အစရှိတာတွေကြောင့် အခုလို မဲရလဒ်ထွက်ရ တာလို့ သူကဆိုပါတယ်။

‘‘၂၀၁၀ တုန်းကနဲ့ နည်း နည်းလေး ပြောင်းပြန်ဖြစ်သွား တာက ဟိုတုန်းက ပါတီဖွဲ့ခွင့်မရ ဘူး။ အခု ၂၀၁၅ ကျတော့ သူ လုပ်မယ်ဆိုတာလည်း ကျွန်မ မသိဘူး။ ကျွန်မလုပ်မယ်ဆိုတာ လည်း သူမသိဘူးဆိုတော့ ကိုယ့် အစုလေးနဲ့ကိုယ် (ကချင်ပါတီ တွေ) အများကြီးဖွဲ့လာကြတယ်’’ လို့ သူကထောက်ပြပါတယ်။

ဖက်ဒရယ်စနစ်ကို လိုချင် တယ်ဆိုရင် ကချင်ပါတီအချင်း ချင်း ပူးပေါင်းဖို့လိုတယ်ဆိုတာ သိလို့ ကြိုးစားခဲ့ပေမယ့် ဖြစ်မလာ ခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင် အချိန်အထိ ကချင်ပါတီတွေက မိမိတို့ အနိုင်ရမယ်လို့ အပြည့်အ ၀ ယုံကြည်နေခဲ့ကြောင်း ဒေါ်ဂျာ ဆိုင်းခေါန်က ဆိုပါတယ်။

ဒေါ်ဂျာ ဆိုင်းခေါန်ဟာ ဒေါက်တာတူးဂျာ ထူထောင်ထား တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါ တီကနေ အင်ဂျန်းယန်မဲဆန္ဒနယ် မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ KIO အရာရှိဟောင်းတစ်ဦးဖြစ် တဲ့ သူ့ခင်ပွန်းဖြစ်သူကလည်း အခြားပါတီတစ်ခုကနေ ၀င်ပြိုင်ခဲ့ ပေမယ့် အနိုင်မရခဲ့ပါဘူး။

‘‘အင်ဂျန်းယန်က လုပ်ထား တာတွေ အများကြီးရှိတယ်။ လုပ် စရာတွေလည်း အများကြီးရှိ တယ်။ မြစ်ပဲခြားပေမယ့် လူတွေ ရဲ့ အသိအမြင်တွေက ကွာတယ်။ မနက်အစောကြီးဆို တောင်ယာ သွားပြီ။ ဒါပဲရှိတယ်။ ဒါပေမဲ့ သူ တို့အတွက် ၀မ်းရေး မဖူလုံဘူး’’ လို့ ဒေါ်ဂျာဆိုင်းခေါန်က ရှင်းပြ ပါတယ်။

‘‘မှတ်ပုံတင်ရမယ့်အချိန် အ ရမ်းနီးသွားတော့ ကွင်းဆင်းဖို့အ ချိန်ကလည်းမရတော့ အဲဒါနဲ့ အင်ဂျန်းယန်- ၂ (မဲဆန္ဒနယ်မြေ) ကို ရွေးဖြစ်သွားတာ။ ရှင်းရှင်း ပြောရရင် အဖော်ကောင်းတဲ့ ပါ တီနဲ့ပဲ တွဲလိုက်တာပါ’’

 လုံခြုံရေးအခြေအနေကြောင့် အင်ဂျန်းယန် မဲဆန္ဒနယ်မှာပါဝင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၅ ခုအနက်က တစ်ခုမှာသာ ရွေး ကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ဒေါ်ဂျာ ဆိုင်းခေါန်ဟာ စုစုပေါင်းမဲအရေ အတွက် ၃၈၆ မဲအနက် ထောက်ခံ မဲ ၂၀၃ မဲရခဲ့ပြီး ၅၀ ရာခိုင်နှုန်း သာသာနဲ့ အနိုင်ရခဲ့ပါတယ်။

‘‘ကိုယ့်မျက်စိအောက်မှာက လုပ်စရာတွေက အများကြီးရှိနေ တယ်။ ပြောရမယ်ဆိုရင်တော့ ဘာမှ သေချာပေါက်လုပ်လို့ မရဘဲနဲ့ လွှတ်တော်မှာ ငါးနှစ်လောက် သွားအိပ်ငိုက်နေတာမျိုးလည်း မဖြစ်ချင်ဘူးပေါ့နော်။ ပထမဦးဆုံးကတော့ ဒေသအတွက် ကိုယ် ရလာတဲ့ အခွင့်အရေးလေးအပေါ် မှာ တတ်နိုင်သလောက် လုပ်လို့ ရတယ်။ အပြင်မှာနေတာထက် စာရင်၊ အပြင်မှာ ပြောတာထက် စာရင် အထဲမှာနေတာ၊ ပြောတာ က ပိုပြီးခိုင်မာတယ်’’ဟု ဒေါ်ဂျာ ဆိုင်းခေါန်က ရှင်းပြပါတယ်။

သို့သော်လည်း လွှတ်တော် ထဲမှာ ပါတီတစ်ခုတည်းက လွှမ်းမိုးထားတာကိုတော့ သူက သဘောမကျပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ထဲ နေရာအများစုကို ယူခဲ့ပြီးတဲ့နောက်မှာ NLD က အလားတူ အစားထိုးဝင်ရောက်တဲ့အခြေအနေဟာ ‘‘မဖြစ်သင့်ဘူး’’လို့ သူကပြောပါတယ်။

 

အရည်အချင်းနှင့် ဘ၀မျိုးစုံ

ဒေါ်ဂျာဆိုင်းခေါန်ဟာ လူမှု ရေး၊ နိုင်ငံရေးနယ်ပယ်မှာ အင် တိုက်အားတိုက် လုပ်ဆောင်နေ တဲ့ ကချင်ပြည်နယ်က အမျိုးသမီး များထဲက တစ်ဦးပဲဖြစ်ပါတယ်။

ထင်ရှားတဲ့ ကချင်ပြည်နယ် က အမျိုးသမီးတွေထဲမှာဆိုရင် မေတ္တာဖောင်ဒေးရှင်းအဖွဲ့ကို ထူ ထောင်ခဲ့သူအမျိုးသမီး လဖိုင်ဆန်ရော်ပါဝင်ပြီး သူဟာ အာရှတိုက်ရဲ့ နိုဗယ်ဆုလို့ ပြောလို့ရတဲ့ Ra-mon Magsaysay Award ဆုကို ရရှိထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ အမျိုးသမီးရေး၊ လယ်မြေရေးရာ စသောနေရာတွေမှာ တက်ကြွလှုပ်ရှားတဲ့ ကချင်အမျိုးသမီးတွေ အများအပြားပါပဲ။

ရွေးကောက်ခံ ကိုယ်စား လှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာဆိုင်း ခေါန်ဟာ Kachin State Public Company Limited ရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တယ်။ သူ့ ကုမ္ပဏီဟာ ရေ၊ မီး တပ်ဆင်ပေး ရေးနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကို အစိုးရနဲ့ ပူးပေါင်းလုပ် ဆောင်နေတာပါ။ တစ်ချိန်က ရန်ဘက်ဖြစ်ခဲ့တဲ့သူတွေ ဒီလို ပူးပေါင်းလုပ်ဆောင်ထားတာကို The Economist မဂ္ဂဇင်းက ‘‘ထူးခြားတဲ့ ပုဂ္ဂလိကနှင့် နိုင်ငံပိုင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပုံစံ’’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

‘‘ကချင်ပြည်နယ်မှာ စီးပွား ရေးလုပ်တယ်ဆိုတာ သစ်လုံး တွေရောင်းတာ၊ ဖားကန့်မှာတူး တာတွေထက်စာရင် တခြားဟာ တွေ ရှိပါသေးတယ်ဆိုတာကို ကချင်တွေကိုလည်း ပြချင်တာ ပါ’’ လို့ သူကရှင်းပြပါတယ်။

သူက ဘေးကနေ ပြစ်တင် ဝေဖန်နေမယ့်အစား မြန်မာနိုင်ငံ မှာ ၀န်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်ပြီး အားနည်းချက်တွေ ရှိနေသေးတဲ့ ပုဂ္ဂလိကကဏ္ဍကို ပြုပြင်ပြောင်း လဲမှုတွေလုပ်ဖို့ ကိုယ်တိုင်ဝင်ပြီး ဆောင်ရွက်ချင်ခဲ့တာပါ။

ရေအားလျှပ်စစ်စက်ရုံ အ သေးစားနှစ်ခု လည်ပတ်ထုတ် လုပ်ရေး၊ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တွေမှာ လက်မှတ် နဲ့ တခြားဝန်ဆောင်မှုတွေ လုပ် ဆောင်ဖို့ သူ့ကုမ္ပဏီက ကချင် ပြည်နယ်အစိုးရနဲ့ လုပ်ငန်းစာချုပ် တွေ ချုပ်ဆိုထားပါတယ်။

ဧရာဝတီမြစ်ကို ရင်းမြစ်အ ဖြစ် အသုံးချမယ့် မြစ်ဆုံစီမံကိန်း ကို ပယ်ဖျက်ဖို့ ဆက်လက်တိုက် တွန်းကြိုးပမ်းဆောင်ရွက်မယ်လို့ သူကဆိုပါတယ်။ ဒေါ်ဂျာဆိုင်းခေါန်ဟာ ၂၀၁၃ အတွင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ သန်းပေါင်းများစွာ ချေးငွေ တွေ ပေးထားတဲ့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ်က အရာရှိကြီး တွေက တွေ့ဆုံပြီး ဒီစီမံကိန်းကြီးအကြောင်းပြောတဲ့ အစည်းအ ဝေးမှာ မပြေမလည်ဖြစ်ခဲ့ကြပါတယ်။

‘‘သူတို့ပြောလိုက်တာက ငါ တို့ကို မင်းတို့အပြစ်မတင်သင့်ဘူး။ မင်းတို့အစိုးရကိုပဲ အပြစ်သွားတင်၊ မင်းတို့ကို ပေးသင့်သမျှအားလုံးပေးခဲ့ပြီးပြီလို့ သူ ပြောတယ်။ ခင်ဗျားတို့ ဘယ်လောက်ပေးလဲဆိုတော့ ကျွန်မတို့ မသိပါဘူး။ အစိုးရကလည်း မကြေညာဘူးပေါ့နော်။ သူကလည်း သူတို့ဘယ်လိုဆက်လုပ်လို့ ရမလဲဆို တာကို ဆက်မေးတယ်။ ဒါက ကချင်ပြဿနာတင် မဟုတ်ဘူး။ ဧရာဝတီကို သတ်တာဟာ တစ် နိုင်ငံလုံးမှာရှိတဲ့ လူတွေကို သတ် တာပဲ။ No Way (လက်ခံနိုင်စရာ အကြောင်း မရှိဘူး)လို့ ပြောခဲ့ တယ်’’

ခရစ်ယာန်ဘာသာကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့ ဒေါ်ဂျာဆိုင်း ခေါန်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပျက်သွားပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်နေတဲ့အ ပေါ်မှာ စိတ်ပျက်မိတယ်လို့ ဆို ပါတယ်။

‘‘နှစ် ၅၀ လောက်ကြီး စစ် ဖြစ်တဲ့အထဲမှာ ဒီလောက်အကြာ ကြီး စစ်ရှောင်(ဒုက္ခသည်) တွေ ရှိတယ်ဆိုတာက မကြုံဖူးဘူး။ လက်နက်အင်အားကလည်း မတူ တော့ဘူး။ ခံရတဲ့သူတွေ ပိုပြီးခံရ တာပေါ့။ ကုစားရမယ့်ဟာတွေ အများကြီး ဒီရှေ့မှာရှိနေတယ်’’ လို့ သူကဆိုပါတယ်။

ဒီပြည်တွင်းစစ်ကို ရပ်ဆိုင်း နိုင်ရေးဟာ မြန်မာတိုင်းရင်းသား တွေရဲ့ အခွင့်အရေးကို မြှင့်တင် ပေးနိုင်မယ့် ဖက်ဒရယ်စနစ်ပေါ် မှာ မူတည်နေတယ်လို့ သူကမြင် ပါတယ်။

‘‘(ဖက်ဒရယ်ပြည်ထောင်စု စနစ် လှုပ်ရှားခဲ့တာကတော့) ကျွန်မအဖေရဲ့ အမွေတစ်ခုတည်း လို့တော့ မမြင်ပါဘူး။ အားလုံး စုပေါင်းတဲ့အမွေပါ။ အဖေက လူထုရဲ့ဆန္ဒကိုပဲ ဖော်(ဆောင်)တယ်လို့ မြင်ပါတယ်။ အားလုံးမျှော်မှန်းတဲ့အရာကိုရအောင် ဆက်ပြီးလုပ်ဆောင်သွားမှာပါ’’လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောလိုက်ပါ တယ် ။        ။
7daynews

No comments

Powered by Blogger.