လေးစားရန် တရုတ်ကို ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီး သမ္မတတောင်းဆို ထိုင်ဝမ်၏ ဒီမိုကရေစီ စံနှုန်းများကို လေးစားရန် တရုတ်ကို ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီး သမ္မတတောင်းဆို
တရုတ်အနေဖြင့် ထိုင်ဝမ်နိုင်ငံ၏ ဒီမိုကရေစီ စံနှုန်းများအပေါ် လေးစားရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်တည်ဆောက်ရန် ထိုင်ဝမ်၏ ပထမဆုံး အမျိုးသမီး သမ္မတသစ် ဖြစ်လာသူ ဆိုင်အင်ဝမ်က တောင်းဆိုလိုက်သည်။
ဆိုင်သည် အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)ကို ဦးဆောင်ကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ရလဒ် ပြတ်သားစွာဖြင့် အနိုင်ရခဲ့သည်။ အသက် ၅၉ နှစ်ရှိ ဆိုင်က ထိုင်ဝမ်ကို တရုတ်၏ အရိပ်အောက်မှ ကင်းလွတ်စွာ ရပ်တည်လိုသော်လည်း တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လိုလားကြောင်း ဆိုသည်။
သူမ၏ ရွေးကောက်ပွဲအောင်ပွဲ မိန့်ခွန်းတွင် ဆိုင်က တရုတ်အနေဖြင့် ထိုင်ဝမ်၏ ဒီမိုကရေစီ ကျင့်သုံးမှုကို လေးစားရန် တိုက်တွန်းခဲ့ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန် ရန်စသည့် အပြုအမူမျိုး မရှိအောင် ရှောင်လွှဲသင့်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
“ထိုင်ဝမ်ရေလက်ကြားကို ခြားနားတည်ရှိတဲ့ နှစ်နိုင်ငံစလုံး အပြန်အလှန် လက်ခံလေးစားမှုမျိုး ရှိနေဖို့ ကျွန်မ လိုလားပါတယ်။ ကိုယ်ပိုင် ဂုဏ်သိက္ခာ၊ ကိုယ်ပိုင် ရပ်တည်ချက်တွေကို အပြန်အလှန် နားလည် လက်ခံပေးဖို့ လိုပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ ရန်စမှုတွေ၊ ရည်ရွယ်ချက်မပါဘဲ မတော်တဆ ပြဿနာတွေ ဖြစ်မလာဖို့ အရေးကြီးပါတယ်။ ဒီလိုကိစ္စတွေ ရှိလာရင် ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ ထိုင်ဝမ်ရေလက်ကြားဒေသရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုအပေါ် ခြိမ်းခြောက်မှုတွေ ကြုံလာနိုင်တယ်”ဟု သူမက သတိပေးခဲ့သည်။
သူမက ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်ရေးကို ဖော်ဆောင်ရာတွင် ကူညီပေးနေသည့်အတွက် အမေရိကန်နှင့် ဂျပန်အစိုးရများကို ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် အာဏာရ ကူမင်တန် ပါတီနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိနေပြီး ဆိုင်ကို သံသယဖြင့် စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း ကူမင်တန်ပါတီ၏ သမ္မတလောင်း အဲရစ်ချူးမှာ ရွေးကောက်ပွဲတွင် ဆိုင်ကို ရှုံးနိမ့်သွားခဲ့သည်။
ချူးက ၎င်း၏ အရေးနိမ့်မှုကို ဝန်ခံကာ ဆိုင်ကို ဂုဏ်ပြုကြောင်း၊ ကူမင်တန်ပါတီ အကြီးအကဲ နေရာမှ မိမိနုတ်ထွက်ကြောင်း ကြေညာသည်။ ထိုင်ဝမ် ဝန်ကြီးချုပ် မော်ချီကူသည်လည်း ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာချိန်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ခါးသီးသော သမိုင်းကြောင်းများ ရှိနေသည့် နှစ်နိုင်ငံ ခေါင်းဆောင်များကြား သမိုင်းဝင် တွေ့ဆုံပြီး လပိုင်းမျှ အကြာတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကူမင်တန် ပါတီသည် လွန်ခဲ့သည့် နှစ်ပေါင်း(၇၀)မျှ ကာလအတွင်း ထိုင်ဝမ်နိုင်ငံရေးကို အဓိက လွှမ်းမိုး ချုပ်ကိုင်ထားပြီး ထိုအတောအတွင်း ဘေဂျင်းနှင့် ဆက်ဆံရေးကိုလည်း မြှင့်တင်လာနိုင်ခဲ့သည်။
ဆိုင်ဦးဆောင်နေသည့် DPPပါတီသည် သမိုင်းကြောင်းတလျှောက် ယခုတစ်ကြိမ် အပါအဝင် ရွေးကောက်ပွဲတွင် နှစ်ကြိမ်သာ အောင်ပွဲရရှိဖူးသည်။ ပထမအကြိမ်က သမ္မတ ရှူဘီယန် ဦးဆောင်သည့် အစိုးရအဖွဲ့ တက်လာပြီး ၎င်းလက်ထက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း တရုတ်နှင့် ဆက်ဆံရေး သိသိသာသာ တင်းမာအေးစက် သွားခဲ့သည်။
Ref: BBC
No comments