ကော်ဖီသောက်ခြင်းက အသက်ပိုရှည်စေပြီး၊ နှလုံးရောဂါ၊ ပါကင်ဆန်ရောဂါ နဲ့ တခြားရောဂါတွေ ရနိုင်ခြေကို နည်းပါးစေ
ကော်ဖီကို သင့်တင့်ရုံသောက်သုံးခြင်းဟာ နှလုံးရောဂါနဲ့ အာရုံကြောဆိုင်ရာရောဂါတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို နည်းပါးစေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ ရှိခဲ့ပါတယ်။ တစ်နေ့ ကို ကော်ဖီ သုံးခွက်ကနေ ငါးခွက် သောက်ပေးခြင်းဟာ အာရုံကြောအားနည်းမှု (ပါကင်ဆန်) ရောဂါ၊ ဆီးချိုအမျိုးအစား (၂) ရောဂါတို့ အပြင် မိမိကိုယ်ကိုသေကြောင်းကြံစည်နိုင်ခြေကိုလည်း နည်းပါးစေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကင်ဆာကြောင့်သေဆုံးမှုနဲ့ ပတ်သတ်ပြီးတော့ ဆက်စပ်မှုကိုတော့ မတွေ့ ရှိခဲ့ရပါဘူး။ ကဖိန်း ပါတဲ့ကော်ဖီသောက်တာ၊ ကဖိန်းဓာတ် မပါတာ သောက်တာနဲ့ မဆိုင်ဘဲ၊ ယခုကျန်းမာရေးရလဒ်တွေဟာ ကဖိန်း ဆိုတဲ့ စိတ်ကြွပစ္စည်း မဟုတ်ဘဲ တခြားအပင်ဒြပ်ပေါင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ၊ Harvard T H Chan School of Public Health က ဦးဆောင်သိပ္ပံပညာရှင် Ming Ding က “ ကော်ဖီမှာပါဝင်တဲ့ ဇီဝအကျိုးရှိဒြပ်ပေါင်းတွေက အင်ဆူလင်ခုခံမှုကို ကျဆင်းစေပြီး နာတာရှည်အဆစ်အမြစ်ရောင်ရောဂါကိုလည်း သက်သာစေပါတယ်။ ဒီ အကျိုးရလဒ်တွေကို ထုတ်ပေးနေတဲ့ ဇီဝဖြစ်ပျက်မှုသဘောတရားတွေကို စူးစမ်းမယ့် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုပါသေးတယ်” လို့  ဆိုပါတယ်။
ဒီ လေ့လာမှုရလဒ်ဟာ အမျိုးသား၊အမျိုးသမီးပေါင်း ၂၀၈၅၀၁ ကို လေ့လာနေဆဲဖြစ်တဲ့ ကြီးမားတဲ့ လေ့လာမှုကြီး သုံးခုကို ပူးပေါင်းစိစစ်ထားတာဖြစ်ပါတယ်။ ကော်ဖီလုံးဝ မသောက်သုံးတာ၊ နည်းနည်းသာ သောက်သုံးတာနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်၊ ကော်ဖီကို အသင့်အတင့်သောက်ပေးတာဟာ ရောဂါအမျိုးမျိုးကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျော့နည်း စေတာကို တွေ့ ရှိထားတာဖြစ်ပါတယ်။
Ref: Mirror
No comments