မြွေလူသားမိန်းကလေး ၂ လနီးပါးတခါ အရေခွံလဲ (ရုပ်သံ)


မြွေလူသားဆိုတဲ့ ဆက်စပ်ချက်အရ အရမ်းကိုဖြစ်ခဲလှတဲ့ အခြေအနေမျိုးတခုနဲ့ ဆယ်ကျော်သက်မိန်းကလေးတဦးဟာ ၂ လ တခါ သူမရဲ့အရေခွံတွေ ကွာကျနေတယ်လို့ မေရာရဲ့ ဇန်နဝါရီ ၂၈ ရက် သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၁၆ နှစ်အရွယ် ရှလီနီရာဒက်ဗ်လို့ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ စိတ်မချမ်းမြေ့စရာ ဒီဝေဒနာကို ရပ်တန့်ဖို့နဲ့ ပုံမှန်အတိုင်းဖြစ်နေဖို့ အသားအလှဆီတွေကို ခန္ဓာကိုယ်ပေါ်မှာ အဆက်မပြတ် လိမ်းနေရတယ်လို့ ဆိုပါတယ်။ ဝေဒနာခံစားနေရတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ မိသားစုဟာ အရမ်းဆင်းရဲပြီး ဝေဒနာကို ကုသဖို့ မတတ်နိုင်ဘဲ သူတို့ရဲ့ အဖိုးအဖွားတွေ အပါအဝင် မိသားစု ၈ ဦးအတွက် အစာစားဖို့ပဲ ငွေကုန်ကြေးကျခံနိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယလူမျိုး ဆယ်ကျော်သက်မိန်းကလေးဟာ သူမရဲ့ ထူးဆန်းတဲ့ရုပ်သွင်ပြင်ကြောင့် ကျောင်းကနေလည်း ထွက်ထားတယ်လို့ သိရပါတယ်။ “Red Man” ရောဂါလို့ခေါ်တဲ့ ဒီအရေပြားရောဂါက ခန္ဓာကိုယ် ရောင်ရမ်းနာကျင်တဲ့ ရောဂါတမျိုးဖြစ်ပြီး ဆရာဝန်တွေကလည်း အရီသရိုဒါးမား (Erythroderma) လို့ခေါ်တဲ့ ဆေးကို ပေးပေမယ့် သူမရဲ့ရောဂါကို ကုသလို့ မရဘူးလို့ ဆိုပါတယ်။ ဒီအရေပြားရောဂါက ခန္ဓာကိုယ်တခုလုံးက အရေပြားတွေကို အကြေးခွံတွေလို ဖြစ်သွားစေပြီး အရေပြားတွေ ကွာကျတာပါ။ ရှလီနီဟာ မွေးဖွားကတည်းက ၄၅ ရက်ကြာတိုင်း အရေပြားတွေ ကွာကျတယ်လို့ သိရပါတယ်။ သူမဟာ နေ့ရောညပါ တနာရီကြာတိုင်း သူမရဲ့ခန္ဓာကိုယ်ကို ရေစိမ်ထားရပြီး အရေပြားခြောက်နေတာကို ကာကွယ်ဖို့ ၃ နာရီကြာတိုင်း အသားအလှဆီတွေ လိမ်းပေးရတယ်လို့ ဆိုပါတယ်။ “ရှလီနီက ဒီရောဂါကို ကလေးဘဝကတည်းက ခံစားနေရတာ” လို့ သူမရဲ့မိခင်က ပြောပါတယ်။ “ကျမတို့လည်း ဆရာဝန်တော်တော်များများနဲ့ တွေ့ပြီးပါပြီ။ ဒါပေမယ့် ဘယ်ဆရာဝန်ကမှ သူမကို မကုသနိုင်ကြဘဲ သူမရဲ့အခြေအနေက ပိုပိုဆိုးလာတယ်။ သူ့ရဲ့အရေပြားတွေ ကွာကျလာပြီး မခံနိုင်လောက်အောင် ကျမကလေးက နာကျင်လာပြီဆို ကျမလေ တကယ်ကို အကူအညီမဲ့သလို ခံစားရတယ်။ ဒီရောဂါက သူ့ကိုတော့ မသေနိုင်ပါဘူး။ ဒါပေမယ့် သူမရဲ့ဘဝကို နည်းနည်း နည်းနည်းနဲ့ ယူဆောင်သွားတယ်။ ဘယ်ကိုသွားရမလဲ၊ ဘယ်သူနဲ့ ဆွေးနွေးတိုင်ပင်ရမယ် ဆိုတာလည်း ကျမတို့ မသိဘူး” လို့ ရှလီနီရဲ့မိခင်က ပြောပါတယ်။ “ဒီလို စိတ်မချမ်းမြေ့ မပျော်မရွှင်နဲ့ နေနေရတာထက်စာရင် သေသွားတာကတောင် ကောင်းဦးမယ်” လို့ ကလေးမရဲ့မိခင်က ပြောပါသေးတယ်။ ရှလီနီရဲ့ အသက် ၁၅ နှစ်နဲ့ ၈ နှစ်အရွယ် မောင်နှမ ၂ ဦးမှာတော့ ဒီလိုရောဂါမျိုးမရှိဘဲ ပုံမှန်ပဲလို့ ဆိုပါတယ်။ နေ့စားအလုပ် လုပ်တဲ့ သူမရဲ့ဖခင်ကလည်း “ကလေးက ပုံမှန်မမွေးဖွားလာပဲ အကြေးခွံလို အရေပြားတွေ သူမရဲ့ ခန္ဓာကိုယ်တခုလုံးပေါ်မှာ ရှိနေတာက တကယ့်ကို ဝမ်းနည်းစရာပါဗျာ။ သူမရဲ့ ခြေဖဝါးကနေ ခေါင်းထိက အပြင်းအထန် မီးလောင်ခံထားရတာနဲ့ တူတယ်” လို့ ဆိုပါတယ်။ “ကျမက ကျောင်းနေချင်ပါတယ်။ ဒါပေမယ့် တခြားကလေးတွေ ကျမမျက်နှာကိုမြင်ပြီး ကြောက်မှာဆိုးတာနဲ့ သူတို့က ကျမကို ကျောင်းထုတ်လိုက်တယ်။ ကျမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကျန်တဲ့မိသားစုဝင်တွေလည်း စိတ်ဆင်းရဲနေကြတယ်။ ဒါပေမယ့် ကျမက ဘာအပြစ်ရှိလို့လဲ၊ ဒီလိုရောဂါမျိုးရှိအောင် ကျိန်စာတိုက်ခံရဖို့က ကျမက ဘာအကုသိုလ်တွေများ လုပ်ခဲ့လဲ၊ ကျမ အသက်ရှင်ချင်ပါသေးတယ်၊ အကယ်၍ ရှင်တို့ ကူညီနိုင်မယ်ဆိုရင် ကျမကို ကူညီပေးပါ” လို့ ရှလီနီက ပြောပါတယ်။ credit;dvb

No comments

Powered by Blogger.