ဘောလုံးဘားတန်းကိုထိအောင် ၃ ကြိမ်တိုင်တိုင် ကန်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား မွန် ကလေးငယ် ထိုင်းအသင်းစိတ်ဝင်စား




အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ မွန်လူမျိုး ဘောလုံးပါရမီရှင် ကလေးငယ်တဦးဟာ ထိုင်းဘောလုံးကလပ်တွေရဲ့ အပြိုင်အဆိုင် ခေါ်ယူချင်စရာ ပစ်မှတ်တခု ဖြစ်လာနေပါတယ်။ သူ့ရဲ့ မယုံနိုင်လောက်ဖွယ် ဘောလုံးစွမ်းရည်တွေကို ရုပ်သံအစီအစဉ်တခုမှာ တင်ဆက်ခဲ့အပြီး ခုလို ကျော်ကြားလာခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ Workpoint ရုပ်သံဖျော်ဖြေရေးအစီအစဉ်တခုမှာ သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ပြသခဲ့တာ ဖြစ်ပြီး သူ့ရဲ့နာမည်ကို ဆူဝင်လို့ မိတ်ဆက်ခဲ့တာပါ။ သူဟာ မြန်မာနိုင်ငံသား မွန်လူမျိုးတဦးဖြစ်တယ်လို့ ထိုင်းဘာသာစကားနဲ့ မိတ်ဆက်ခဲ့သလို မွန်ဘာသာနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီရုပ်သံအစီအစဉ်မှာ ဆူဝင်ဟာ ဘောလုံးဘားတန်းကိုထိအောင် ၃ ကြိမ်တိုင်တိုင် ကန်နိုင်ခဲ့တာပါ။ ဒါဟာ တကယ့်ကို အံ့မခန်းစွမ်းရည်တခုဖြစ်ပြီး လက်ရှိကစားနေတဲ့ ဘောလုံးသမားတွေကိုတောင် အံ့သြစေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသမားဟောင်းတဦးဖြစ်တဲ့ ဆုတီး ဆပ်ဆွန်ကစ်ဟာ ဒီရုပ်သံအစီအစဉ်ကို ကြည့်ရှုခဲ့ပြီး “ဘားတန်းကို ထိအောင်ကန်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး” လို့ ပြောခဲ့တာပါ။ ရုပ်သံအစီအစဉ်မှာ တင်ဆက်ကြတဲ့ ဒိုင်တွေရော ကြည့်ရှုနေကြတဲ့ ပရိသတ်တွေပါ သူ့ရဲ့ ဘောလုံးစွမ်းရည်ပြကွက်မှာ အံ့အားတသင့်နဲ့ ချီးကျူးခဲ့ကြတာပါ။ နွန်ပီးလို့လည်းခေါ်တဲ့ ဒီကလေးငယ် အားကျအတုယူတဲ့ ဘောလုံးသမားက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဖြစ်တယ်လို့ ဆိုပါတယ်။ထိုင်းပြည်တွင်းဘောလုံးအကယ်ဒမီမှ ဆွန်ဘတ် လီကူမာ့ထိုင်းကတော့ နွန်ပီးကို ငှားရမ်းလေ့ကျင့်ပေးဖို့ ငယ်လွန်းသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို Workpoint ရုပ်သံဖျော်ဖြေရေးအစီအစဉ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ပရိသတ်ပေါင်း ၅ သန်းနီးပါး ဝင်ရောက်ကြည့်ရှုခဲ့ကြကာ ၁ သိန်း ၆ သောင်း ၅ ထောင်လောက်က ပြန်လည်မျှဝေခဲ့ကြတာပါ။ ခုလို စွမ်းရည်ပြသနိုင်တဲ့ ဘောလုံးပါရမီရှင် ကလေးငယ်ဟာ အနာဂတ်ကာလကျရင် ဘယ်နေရာမှာ ရှိနေမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။credit;burmese.dvb
Powered by Blogger.