ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group နာရီတလုံးကြောင့် တရားစွဲခံရ

BREAKING NEWS: Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို ပုဒ်မ ၆၆(ဃ)နဲ့ တာမွေရဲစခန်းမှာ ဒီကနေ့ (နိုဝင်ဘာ ၉ရက်)နေ့လည် တစ်နာရီမှာ အမှုဖွင့်တရားစွဲဆိုလိုက်ပြီလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာတွေနဲ့ ဒီကနေ့ညနေ တွေ့ဆုံရှင်းလင်းရာမှာ တရားဝင်ထုတ်ပြောလိုက်ပါတယ်။ တာမွေရဲစခန်းမှာ (ပ) ၈၉၃/၂ဝ၁၆နဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး မောင်ဝိတ်ဆီကနေ ဒေါ်လာတစ်သိန်းတန် Patek Phillipe လက်ပတ်နာရီကို ရခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒေါက်တာသန်းထွဋ်အောင်က သူ့ရဲ့ထင်မြင်ချက်ဆောင်းပါးမှာ ရေးသားခဲ့ရာက အခုလို တရားစွဲဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းဟာ သူပတ်တဲ့နာရီဟာ Rolex သာဖြစ်တဲ့အကြောင်း၊ နာရီကိစ္စအပါအဝင် သူ့အပေါ်ထိုးနှက်ချက်တွေမှန်သမျှ ဥပဒေကြောင်းအရ ဆောင်ရွက်နေပြီး သူ့ကိုတိုက်ခိုက်လိုလျင် သေသေချာချာလေ့လာပြီးမှာ လုပ်ပါလို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ပုဒ်မ ၆၆(ဃ)ဟာ အာမခံပေးလို့မရတဲ့အမှုဖြစ်ပြီး အချုပ်ကနေတစ်ဆင့် အမှုကို တရားရုံးမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။



Powered by Blogger.