မောင်တောခရိုင် အတွင်း ကျေးရွာအချို့ မှ နေအိမ် အချို့ အား မီးရှို့ ထွက်ပြေး ပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံ ဝါဒဖြန့်လျက်ရှိ


မောင်တောခရိုင် အတွင်း ကျေးရွာအချို့ မှ နေအိမ် အချို့ အား မီးရှို့ ထွက်ပြေး ပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံ ဝါဒဖြန့်လျက်ရှိ =================================================== ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့ကြသည့် အပြင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေပိတ်ဆို့ ရှင်းလင်းရေးနှင့် လုံခြုံရေး ဆောင်ရွက်စဉ် တပ်မတော်သားငါးဦး ကျဆုံးခဲ့ရပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည့် မသင်္ကာသူများကို ဖမ်းဆီးရမိခဲ့ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးလျက်ရှိသည်။ ထိုသို့နယ်မြေ လုံခြုံရေး ဆောင်ရွက်နေမှု များအပေါ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနှင့် ပါဝင်ပတ်သက်သူများ၊ မလိုလားသူများက ကျေးရွာအချို့မှ နေအိမ်အချို့ကို မီးရှို့ထွက်ပြေးပြီး ရွာသူရွာသားများ နေရပ်စွန့်ခွာထွက်ပြေးစေရန်၊ လုံခြုံရေး ဆောင်ရွက်သူများအပေါ် ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် အခြေအနေရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်စေရန် လုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိကြသည်။ ကျီးကန်းပြင်၊ ဝက်ဘိတ်၊ စံပယ်ကုန်း၊ပြောင်ပိုက်၊ ငါးစာကြူးနှင့် ငါးခူရကျေးရွာများရှိ အစွန်ပိုင်းနှင့် လမ်းနံဘေး မှ နေအိမ်အချို့ မီးလောင်မှုများဖြစ်ပွားခဲ့ရာ ၎င်းနေအိမ် အများစုမှာ အိမ်နှင့်တဲငယ်များ ဖြစ်ပြီး အတွင်း၌အသုံးအဆောင် ပစ္စည်းများ ကြိုတင်ရွှေ့ပြောင်း ထားသည်ကို တွေ့ရှိခဲ့ရသည်။ အိမ်ကြီးအိမ်ကောင်းများ အပါအဝင် ခိုင်ခံ့သည့် အိမ်ကြီးများနှင့် အနီးဝန်းကျင် နေအိမ်များကိုမူ မီးရှို့မှုမရှိကြောင်း နှိုင်းယှဉ်တွေ့ရှိရသည်။ မီးရှို့ခံရသည့် နေအိမ်များကို တပ်မတော်သားများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့သော်လည်း အဆိုပါ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များမှာ ဝိုင်းဝန်းငြှိမ်းသတ်ခြင်း မရှိဘဲ မလှမ်းမကမ်းမှသာ ရပ်ကြည့်နေခဲ့ကြသည်။ နိုဝင်ဘာ ၂ ရက်တွင် မောင်တောခရိုင် အတွင်း ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် သံတမန်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသစဉ် နေအိမ်စွန့်ခွာ တိမ်းရှောင်နေသူများမှာ ပြန်လည်စုရုံး ရောက်ရှိလာကြပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်လျက် ရှိကြောင်း လုပ်ကြံပြောဆိုခြင်း၊ ကြိုတင်ရေးသားထားသော စာများ လက်ကမ်းပေးအပ်ခြင်း တို့ကို အစီအမံရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ မဖြစ်ပွားမီ၊ ဖြစ်ပွား ချိန်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ဆောင်ချက်များမှာ ဘက်ပေါင်းစုံမှ ကြိုတင်အကွက်ချ စီမံဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို တာဝန်ရှိသူများက တာဝန် သိပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
credit;
myanmar daily star
Powered by Blogger.