တစ်ညထားခဲ့သည့်ကလေးအလောင်း မီးသင်္ဂြုလ်ခါနီး အသက်ပြန်ရှင်လာသည့် ထူးဆန်းသည့်ဖြစ်ရပ်။
တစ်ညထားခဲ့သည့်ကလေးအလောင်း မီးသင်္ဂြုလ်ခါနီး အသက်ပြန်ရှင်လာသည့် ထူးဆန်းသည့်ဖြစ်ရပ်။ တရုတ်နိုင်ငံတွင် သေပြီဆိုကာ ရင်ခွဲရုံပို့ပြီး တစ်ညထားခဲ့သည့် ကလေးအလောင်းတစ်လောင်းသည် မီးသဂြိုဟ်ခါနီးလေး၌ အသက်ရှင်လာပြီး ပြန်လည်နိုးထလာခဲ့သည့် ဖြစ်ရပ်ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ခဲ့သည်။ ရှီကျန်းပြည်နယ်ရှိ ပန်အန်းဒေသက မီးသဂြိုဟ်စက်တွင် ဖေဖော်ဝါရီ ၅ ရက်က ယင်းကလေးအလောင်းကို အလုပ်သမားများက မီးသဂြိုဟ်ဖို့ လုပ်စဉ် ကလေးအလောင်းက ထငိုခြင်းဖြစ်ကြောင်း ရုပ်မြင်သံကြားချန်နယ်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြသသည်။ ကလေးငယ်မှာ ယောက်ကျားလေးဖြစ်ပြီး ညပိုင်းက သေပြီဆိုကာ အပူချိန် ၁၂ ဒီဂရီစင်တီဂရိတ်ရှိ ရင်ခွဲရုံအတွင်း ၁၅ နာရီကြာထားရှိခဲ့ခြင်းဖြစ်သည်။ ကလေးမှာ ပြန်လည်အသက်ရှင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် မီးသဂြိုဟ်စက်ဝန်ထမ်းများက ကလေး၏ ဖခင်ထံ အကြောင်းကြားပြီး ဆေးရုံ အထူးကြပ်မတ်ဆောင်သို့ ပြန်လည်ပို့ဆောင်ကုသမှုပေးခဲ့ရသည်။ "ဒါက ကျွန်တော်တစ်သက်တာမှာ ပထမဆုံး ကြုံလိုက်ရတာပဲ။ တကယ် အံ့သြစရာကောင်းပါတယ်။"ဟု ဇန်နဝါရီလအတွင်းကမှ ယင်းကလေးငယ်မွေးဖွားခဲ့သည့် ပန်အန်းဆေးရုံက ဆရာဝန် တစ်ဦးက ပြောကြားသည်။ ကလေးငယ်၏ ဖခင်ဖြစ်သူက ဖေဖော်ဝါရီ ၈ ရက်တွင် စတင်မည့် နှစ်သစ်ကူးပွဲအတွက် ၎င်းတို့နှင့် အတူရှိနေရန် ယင်းဆေးရုံတွင် ဇန်နဝါရီလအတွင်းကမှ မွေးဖွားသည့် ယင်းကလေးငယ်ကို ကလေးများကို ထားရှိသည့် အနွေးသေတ္တာအတွင်း ၂၃ ရက်ကြာထားရှိပြီး အိမ်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကလေး၏ အခြေအနေမှာ အိမ်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်လာခဲ့ခြင်းကြောင့် ဆေးရုံပြန်တင်ရကာ ဖေဖော်ဝါရီ ၄ ရက်တွင် ကလေးငယ် နှလုံးခုန် ရပ်တန့် သွားပြီဟု ဆရာဝန်များက သေဆုံးကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းသေဆုံးသည့် ညတွင် ရင်ခွဲရုံ၌ ကလေးကို ထားရှိခဲ့ပြီးနောက် နောက်တစ်နေ့ နံနက် မီးသဂြိုဟ်ခါနီးတွင် ယခုကဲ့သို့ ကလေးငယ်မှာ အသက်ရှင်လျက်ရှိပြီး ပြန်လည်နိုးထမှု ဖြစ်ပွားခြင်းပဲဖြစ်သည်။