fb အမှုဆောင်အရာရှိတဦးကို ဘရာဇီးရဲ ဖမ်းဆီး


ဘရာဇီးရဲတွေက ဖေ့စ်ဘွတ်ခ် နိုင်ငံတကာ ကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိ တဦးကို မတ်လ ၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်ကုန်ကူးမှုဆိုင်ရာ လျှို့ဝှက် စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ ဖေ့စ်ဘွတ်ခ်ရဲ့ WhatsApp မက်ဆေ့ခ်ျ သတင်းစကား ဝန်ဆောင်မှုက သတင်းအချက်အလက်တွေကို ပေးဖို့ တရားရုံးက တောင်းဆိုရာမှ အငြင်းပွားမှုကြောင့် ခုလို ဖမ်းခဲ့တာပါ။

လက်တင်အမေရိကဆိုင်ရာ ဖေ့စ်ဘွတ်ခ် ဒု-ဥက္ကဋ္ဌ ဒီယေဂို ဇိုဒန်ကို ထောင်ချဖို့ တရားသူကြီးက အမိန့်ထုတ်ခဲ့ကြောင်း တရားရုံး အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

ဘရာဇီး ဥပဒေ အာဏာတည်စေရေး အရာရှိတွေက ဖေ့စ်ဘွတ်ခ်ရဲ့ မက်ဆေ့ခ်ျ ဝန်ဆောင်မှုကနေ ဘယ်လို အချင်းအရာတွေကို တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်ကိုတော့ မပြောပါဘူး။

သူတို့တောင်းတဲ့ အချက်အလက်ဟာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတွေကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

တရားရုံးက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲနဲ့ညီတဲ့ ဘရာဇီးငွေ တသန်းပေးဆောင်ဖို့ အမိန့်ချပြီးမှ ဖမ်းမိန့်ပါ ထုတ်ခဲ့တာပါ။

ခုလို ဖမ်းဆီးမှုဟာ အစွန်းရောက်တဲ့ မသင့်လျော်တဲ့ လုပ်ဆောင်ချက်အဖြစ် ဖေ့စ်ဘွတ်ခ်က ခေါ်ဝေါ် သုံးနှုံးပါတယ်။

ဘရာဇီးနိုင်ငံအတွင်း ဒစ်ဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပက်ထရစ်ရှာ ပတ်ခ်က တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ဟာ နှုတ်လုံယုံကြည်ရမှုမှာ ဖုန်းအခွန် ဒါမှမဟုတ် နည်းပညာဆိုင်ရာ နှုတ်လုံ ယုံကြည်ရမှုတွေနဲ့ တန်ဖိုးတူသင့်တယ်၊ ဒီလို တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာတာဟာ ဒီအဖွဲ့အစည်းရဲ့ အခွင့်အာဏာနဲ့ ကျင့်ဝတ်ပေါ် မူတည်တယ်လို့ ပြောပါတယ်။

လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီတွေက အရာရှိတွေ အဖမ်းခံရမှုဟာ အလွန်အမင်း ရှားပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အလားတူ အခြေအနေမှာ အိုင်ဖုန်းရဲ့ သတင်းအချက်လက်တွေကို ထုတ်ပေးဖို့ အက်ပဲလ် (Apple) နိုင်ငံတကာ ကော်ပိုရေးရှင်းကို အမေရိကန် အစိုးရက တောင်းဆိုခဲ့ပါတယ်။

အမေရိကန် တရားသူကြီးကတော့ အဲလိုအမိန့်ထုတ်ပေးဖို့ အခွင့်မပိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.