ခိုးချမှာစိုးသည့်အတွက် အတွင်းခံ ဘောင်းဘီဖြင့် အိန္ဒိယ စစ်တပ်ဝင်ခွင့် စာမေးပွဲဖြေ


အိန္ဒိယနိုင်ငံမှာ ခိုးချမှာ စိုးတဲ့အတွက် စစ်တပ်ထဲကို ၀င်ရောက်မယ့်သူ ၁၀၀၀ နီးပါးဟာ ကွင်းပြင်မှာ အတွင်းခံ ဘောင်းဘီကိုသာ ၀တ်ဆင် စာမေးပွဲဖြေဆိုခဲ့ပါတယ်။

ဘီဟာပြည်နယ် အရှေ့ပိုင်းမှာ ဒီသီတင်းပတ်အတွင်း ကျင်းပနေတဲ့ စာမေးပွဲမှာ ပါဝင် ဖြေဆိုသူတွေ အားလုံးဟာ အခုလို စာမေးပွဲဖြေဆိုနေရတဲ့ ဓာတ်ပုံတွေကို အိန္ဒိယ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အတွင်းခံဘောင်းဘီနဲ့ စာမေးပွဲဖြေစေတာဟာ သိက္ခာမဲ့စေတယ်လို့ အမည်မဖော်လိုတဲ့ စာမေးပွဲဖြေဆိုသူတဦးကို ကိုးကားပြီး အိန္ဒိယန်း အိပ်ခ်ျပရက်စ်က ရေးပါတယ်။

ကြောင်တောင်တောင်နိုင်ပေမယ့် လိုက်နာရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးလို့လည်း တခြား စားမေးပွဲဖြေဆိုတဲ့သူက ပြောပါတယ်။

အမည်မဖော်တဲ့ အိန္ဒိယ စစ်တပ်အကြီးအကဲတဦးကတော့ ဒါဟာ အုပ်ချုပ်ရေးရဲ့ လစ်ဟာချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

အိန္ဒိယက စာမေးပွဲဖြေတဲ့သူတွေက သေးငယ်တဲ့ နားကြပ်တွေ ကင်မရာတွေကို စာမေးပွဲဖြေဆိုရင် ယူလာလေ့ရှိသလို အပြင်ကလူတွေနဲ့ ဆက်သွယ်ပြီး အဖြေတွေကို မေးလေ့ရှိတဲ့အတွက် အတွင်းခံဘောင်းဘီနဲ့သာ စာမေးပွဲဖြေဆိုစေတာ ဖြစ်ပါတယ်။

အရင်နှစ်ကလည်း ဘီဟာက ကျောင်းတကျောင်းမှာ စာမေးပွဲ ကျင်းပနေစဉ် စာမေးပွဲ ဖြေဆိုသူ မိဘနဲ့ သူငယ်ချင်းတွေက ကျောင်းနံရံကို တွယ်ကပ်ကာ အဖြေတွေနဲ့ စာရွက်တွေ ဖြန့်ဝေနေတဲ့ပုံ အင်တာနက်မှာ ပျံ့နှံခဲ့ပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.