လူတစ်ယောက်ရဲ့ အကြောက်တရားကို မျက်လှည့်ဆန်ဆန် ပြောင်းလဲပေးနိုင်တဲ့ မှော်စကားလုံးများ
မိုးရာသီရောက်ပြီဆိုရင် ကျွန်မပူပင်ခဲ့ရပါတယ်။ ကျွန်မရဲ့ ၃ နှစ်အရွယ်သမီးလေးက မိုးတွေရွာ လေတွေတိုက်ပြီဆိုတာနဲ့ မိုးကိုကြောက်တယ်လို့ပြောပြီးစူးစူးရှရှကို ငိုတော့တာပါပဲ။ ကျွန်မကို ကြည့်ပြီး မိုးတိတ်အောင်လုပ်ပေးဖို့ ပြောတတ်သလို မျက်စိကို စုံမှိတ်ပြီး အော်ငိုတာကို မြင်နေရတာ ကျွန်မရင်ထဲ အရမ်းခံစားရပါတယ်။ကျွန်မသူ့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားလို့မရခဲ့ပါဘူး။အမေတစ်ယောက် အနေနဲ့ သမီးလေးရဲ့ အကြောက်တရားကို ၁နှစ်သမီးလောက်မှာကတည်းက စပြီးတွေ့ခဲ့ရပါတယ်။ စကားမပြောတတ်သေးပေမဲ့ မိုးရွာပြီဆိုရင်ကျွန်မလက်မောင်းတွေကြားမှာ ခေါင်းကို အတင်းတိုးဝင်တတ်ပါတယ်။ စကားပြောတတ်တဲ့ အရွယ်ရောက်တော့ မိုးရိပ်မြင်တာနဲ့ ပြတင်းပေါက်တွေကို လိုက်ပိတ်တတ်ပါတယ်။ သမီးမှာ ဒီလို မိုးကိုကြောက်တတ်တာက လွဲရင်ကျန်တာတွေအားလုံးက ပုံမှန်ကလေးတွေလိုပါပဲ။ ဥာဏ်လည်းကောင်းပါတယ်။
ကျွန်မအတွေးကတော့ ကျောင်းတက်တဲ့အရွယ်ရောက်ရင် သူ့ဘာသာ ကြောက်စိတ်ပျောက်သွားမယ်လို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့ ၄ နှစ်အရွယ်မူကြိုတက်တဲ့ အချိန်မှာလည်း ကြောက်တတ်နေတုန်းပါပဲ။ တစ်နေ့မှာတော့ ကျွန်မနဲ့သမီးလေးနဲ့ မီးဖိုချောင်ထဲမှာ အတူရှိနေခဲ့ပါတယ်။ လျှပ်စီးတွေလက်ပြီး မိုးတွေခြိမ်းလာတော့ သမီးက ပြတင်းပေါက်ကို ပိတ်ဖို့ပြောတဲ့အချိန် ထမင်းချက်အဒေါ်ကြီးက ပိုကျယ်သွားအောင် ဖွင့်ခိုင်းတယ်ထင်ပြီး ဖွင့်လိုက်တဲ့အခါ သမီးက အကြောက်လွန်ပြီး ခွက်နဲ့ ပစ်ပေါက်လိုက်မိပါတယ်။ အဒေါ်ကြီးခေါင်းမှာ ဒဏ်ရာရတဲ့အထိဖြစ်သွားပါတယ်။သမီးကတော့ ဒူးနှစ်လုံးကြားမှာ ခေါင်းဝှက်ပြီး ဘုရားက ဘာလို့သမီးကို နားတွေ မျက်စိတွေ ပေးထားတာလဲ။ ဒီမိုးသံတွေ လျှပ်စီးတွေကို မမြင်ချင်ဘူး မကြားချင်ဘူးဆိုပြီး တအားငိုနေခဲ့ပါတယ်။ ကျွန်မလည်း ဘာလုပ်ပေးရမှန်းမသိဘဲ သမီးလေးနဲ့ အတူ ရောပြီး ငိုနေမိပါတယ်။
တစ်နေ့မှာတော့ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး သမီးလေးအကြောင်းပြောဖြစ်တဲ့အခါမှာ သူ့ညီမလေးတုန်းက အသုံးပြုခဲ့တဲ့ နည်းလေးတစ်ခုကို ပြောပြပါတယ်။ သူ့ညီမက ကျောင်းတက်တဲ့အချိန်မှာ ဘယ်သူ့စကားမှ နားမထောင်သလို စာလည်းမကျက်ဘဲ ပျက်စီးလုနီးပါးဖြစ်နေတဲ့အတွက် သူ့အမေက မသိစိတ်ကို နှိုးဆွတဲ့နည်းကို သုံးခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်က မသိစိတ်ရဲ့ စေခိုင်းမှုကို လိုက်နာတတ်ပါတယ်။ လူတစ်ယောက်ရဲ့ မသိစိတ်က နံနက် ၂ နာရီနဲ့ ၃နာရီကြားမှာ နိုးထနေတတ်ပါတယ်။ အဲ့ဒီအချိန်က မိနစ်ပိုင်းပဲ ကြာတတ်ပေမဲ့ အဲ့ဒီအချိန်မှာ ထပ်ကာထပ်ကာ ကောင်းတဲ့အတွေးတွေကို လှုံ့ဆော်ပေးနိုင်ရင် ရိုက်ခတ်တဲ့ အကြောင်းအရာတွေက ထာဝရ တည်မြဲသွားနိုင်ပါတယ်တဲ့။ အဲ့ဒီအချိန်ကို သူ့အမေက အသုံးချနိုင်ခဲ့တဲ့အတွက် သူ့ညီမရဲ့ အပြုအမူတွေ တစတစ ပြောင်းလဲလာပြီး အခုတော့ ပညာရေးမှာ ထူးချွန်ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်နေပြီလို့ ပြောပြခဲ့ပါတယ်။
ကျွန်မလည်းဒီနည်းကို စမ်းသုံးကြည့်ဖို့အတွက် မနက် ၂ နာရီမှာ နှိုးစက်ပေးထားပြီး သမီးလေးအနားမှာ “မိုးရာသီက အရမ်းလှတာပဲ။ မိုးရေနဲ့ထိရတဲ့ အရသာလေးက ကောင်းလိုက်တာ။ မိုးကိုချစ်တယ်။ မိုးဆိုတာ လူသားတွေအတွက် ဘုရားပေးတဲ့ လက်ဆောင်ပဲ။ မိုးရွာပေးလို့ စားစရာတွေ ၊သောက်ဖို့ ရေနဲ့ လှပတဲ့ ပန်းပွင့်လေးတွေ ရနိုင်ကြတာ “လို့ ဂါထာရွတ်သလို တတွတ်တွတ်နဲ့ ပြောနေခဲ့ပါတယ်။ ။သမီးလေးအတွက် ဒီနည်းလေး အဆင်ပြေပါစေ။
ကျွန်မရဲ့ကြိုးပမ်းမှုက ၁လ လောက်အကြာမှာ အရာထင်လာခဲ့ပါတယ်။ မိုးတွေ အုံ့ဆိုင်းပြီးရွာချလာတဲ့ ညနေခင်းမှာ သမီးလေးက “ မိုးရာသီက အရမ်းလှတာပဲ။ မိုးက ချစ်ဖို့ကောင်းတယ်နော် သမီး မိုးရေချိုးလို့ရမလား“ လို့ ပြောလာတဲ့အခါမှာတော့ ကျွန်မသမီးလေးရဲ့စိတ်ကို ပြောင်းလဲပေးလိုက်နိုင်ပြီဆိုတာ သိခဲ့ရပါတယ်။ သူ့ဘ၀ရဲ့ အကြောက်တရားကို ပထမဆုံး မိုးရေနဲ့ အတူဖယ်ရှားနိုင်ခဲ့ပါပြီ။ နည်းလမ်းကောင်းပေးခဲ့တဲ့ သူငယ်ချင်းကို ကျေးဇူးတင်ရင်း သမီးလေးအတွက် အတားအဆီးကို ဖယ်ရှားပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ကြည်နူးမိပါတယ်။
Ref:timesofindia.indiatimes
No comments