ကိုယ်ဝန်ဆောင်များ အိုလံပစ်ပွဲသို့ မသွားရန် ဘရာဇီး အစိုးရ သတိပေး


ရီယိုဒီဂျနေရိုးတွင် ခြင်ဆေးလိုက်ဖြန်းနေသည့် မြူနီစီပယ် လုပ်သားများ။
ဘရာဇီးအစိုးရတာဝန်ရှိသူများက ဇီကာဗိုင်းရပ်စ်ကူးစက်မှုကို စိုးရိမ်ရသည့် အခြေအနေကြောင့် ရီယိုဒီဂျနေရိုး အိုလံပစ်ပြိုင်ပွဲကို ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရှောင်ရှားကြရန် တိုက်တွန်းဆော်ဩခဲ့သည်။

ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဇီကာဗိုင်းရပ်စ်သည် သန္ဓေသားကို ထိခိုက်သက်ရောက်စေပြီး မွေးရာပါ ဦးခေါင်းသေးငယ်သည့် အခြေအနေဖြင့် မွေးဖွားလာနိုင်ခြေ မြင့်တက်လာစေကြောင်း ပညာရှင်များက ယုံကြည်နေသည်။

ဘရာဇီးသမ္မတ ဒယ်လ်မာရူးဆက်ဖ်၏ အစိုးရအဖွဲ့အကြီးအကဲ ယာကွက်စ် ဝက်ဂ်နာက “အခု ကျွန်တော်တို့ပြောတာက အလေးအနက် သတိပေးတာပါ။ အန္တရာယ် ရှိပါတယ်။ ဒါမျိုးကို မစွန့်စားချင်ပါနဲ့”ဟု အိုလံပစ်ပြိုင်ပွဲသို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ရီယိုဒီဂျနေရိုး အိုလံပစ်သည် ပြိုင်ပွဲစတင်ဖွင့်လှစ်ရန် ၆ လမျှသာ အချိန်လိုတော့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ဇီကာဗိုင်းရပ်စ် အန္တရာယ်နှင့် ပတ်သက်၍ အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ဘရာဇီးအစိုးရက ယခုလိုသတိပေးခဲ့ခြင်း ဖြစ်သည်။ ဝက်ဂ်နာက သမ္မတ ရူးဆက်ဖ်သည် WHO ၏ လုပ်ဆောင်မှုအပေါ် အပေါင်းလက္ခဏာဆန်ဆန် ရှုမြင်ကြိုဆိုကြောင်းလည်း ဆိုသည်။ “တစ်ကမ္ဘာလုံးကို သတိပေးသင့်ပါတယ်။ ဗိုင်းရပ်စ်အသစ်ရဲ့ အန္တရာယ်အပေါ် အားလုံး အာရုံစိုက်ထားသင့်တယ်” ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

ဇီကာကို ၁၉၄၇ ခုနှစ်တွင် အာဖရိက၌ စတင်တွေ့ရှိသော်လည်း နောက်ပိုင်းကာလများတွင် ကလေးများ မွေးရာပါ ဦးခေါင်းသေးသည့် Microcephaly ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိကြောင်း အထောက်အထားများ တွေ့ရှိလာခြင်း ဖြစ်သည်။ အီကွေတာမျဉ်းကြောင့် အနီးတဝိုက် အပူပိုင်းဒေသများတွင် အဓိကပေါက်ပွားသည့် အေးဒီးစ်မျိုးစိတ် ခြင်များကြောင့် ကူးစက်ပျံ့နှံ့သည့် ဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင်မဟုတ်သူများထံ ရောက်ရှိပါကမူ အပျော့စား တုပ်ကွေး ဝေဒနာမျိုးမျှသာ ဖြစ်ပွားစေကြောင်းလည်း သိရသည်။

Ref: Reuters

No comments

Powered by Blogger.