ကမ္ဘာ့ကျန်းမာရေးကို စိန်ခေါ်လာသည့် ဇီကာဗိုင်းရပ်စ်


ဒိုမီနီကန်လေတပ်တပ်ဖွဲ့ဝင်များက ဆန်တာဒိုမင်ဂိုးမြို့ နေရာအများအပြားတွင် ခြင်နှိမ်နင်းရန် ဆေးဖျန်းနေကြစဉ် (ERIKA SANTELICES/AFP)
‘‘ကျွန်တော်တို့က ခြင်တွေနဲ့ စစ်ဖြစ်နေတာ။ ဒါပေမဲ့ အဲဒီစစ်ပွဲမှာ လောလောဆယ် ကျွန်တော်တို့ အရေးနိမ့်နေတယ်’’

ဇီကာဗိုင်းရပ်စ် ရောဂါပိုး၏ တရိပ်ရိပ် ကြီးထွားလာသည့် ခြိမ်း ခြောက်မှုနှင့်ပတ်သက်၍ ဘရာဇီး ကျန်းမာရေးဝန်ကြီး မာဆယ်လ် ကက်စထရိုက ယခုကဲ့သို့ မှတ် ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၅နှစ်ကုန်ပိုင်းမှစ၍ လက်တင်အမေရိကဒေသတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားခဲ့ရာ ဘရာဇီးသည် အထိအနာဆုံးနိုင်ငံအဖြစ် စာရင်းဝင်ခဲ့သည်။ တုပ်ကွေးဆန်သည့် ဇီကာရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ခြင်မှတစ်ဆင့် ကူးစက်လေ့ရှိရာ ခြင်များကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းကသာ ရောဂါကို အမှန် တကယ် တိုက်ဖျက်နိုင်မည့် ဖြေရှင်းချက်ဖြစ်ဖွယ်ရှိသည်။

‘‘ဘရာဇီးဟာ ခြင်တွေနဲ့ပတ် သက်ပြီး ဆိုးကျိုးတွေ ခံစားနေရ တာ မနည်းတော့ဘူး။ မနှစ်က ကျွန်တော်တို့ဆီမှာ သွေးလွန်တုပ် ကွေးရောဂါတွေ စံချိန်တင်အရေ အတွက်လောက် ဖြစ်ခဲ့တယ်။အခု ဇီကာဗိုင်းရပ်စ်က ဒုက္ခပေးနေပြန် ပြီ။ ကျွန်တော်တို့ ဒီစစ်ပွဲမှာ လော လောလတ်လတ်တော့ ရှုံးနေဆဲ ပဲ’’ဟု ကက်စထရိုက ပြောကြားခဲ့သည်။ ဇီကာဗိုင်းရပ်စ်သည် ယခု နှစ်ဆန်းပိုင်းတွင်မှ တစ်ကမ္ဘာလုံး အတိုင်းအတာထိ သိရှိလာသော် လည်း ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက အီကွေတာမျဉ်းကြောင်းတစ်လျှောက် အာဖရိက၊ အာရှနှင့် အလယ်အမေရိကဒေသများတွင် ကူးစက်မှုများရှိနေခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင်မူ ဇီ ကာသည် နိုင်ငံတကာအဆင့်ထိ နယ်ပယ်ကျယ်ပြန့်စွာ ဆိုးကျိုး များ ဖြစ်ပေါ်လာစေနိုင်သည့် ကျန်းမာရေးပြဿနာတစ်ရပ်အ နေဖြင့် စိုးရိမ်လာရပြီဖြစ်သည်။

ဇီကာနှင့် Microcephaly

အေဒီးစ်မျိုးစိတ်ခြင်များမှ ကူးစက်တတ်သည့် ရောဂါကြောင့် အသေးစားတုပ်ကွေးရောဂါလက္ခဏာများ ခံစားရတတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရမှုမျိုးမရှိချေ။ သို့သော်လည်း ၂၀၁၆ နှစ်ဆန်း ပိုင်းမှစ၍ ဇီကာဗိုင်းရပ်စ်အပေါ် လူအများ စိုးရိမ်မှုမြင့်တက်လာခြင်းသည် Microcephaly ခေါ် မွေးရာပါ ချို့ယွင်းမှုတစ်ခုနှင့် ဆက်နွှယ်နေနိုင်၍ဖြစ်သည်။ Mi-crocephaly ဆိုသည်မှာ ကလေး ငယ်များ မွေးဖွားလာချိန်တွင် ဦးခေါင်းအရွယ်အစား သေးငယ် လွန်းနေပြီး ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသည့် ချို့ယွင်းဖောက် ပြန်မှုကို ဆိုလိုသည်။ ဘရာဇီးနှင့် အိမ်နီးချင်း လက်တင်အမေရိက နိုင်ငံများတွင် ဇီကာဗိုင်းရပ်စ်ခေါင်း ထောင်လာချိန်၌ Microcephaly ချို့ယွင်းချက်ဖြင့် မွေးဖွားလာ သည့် ကလေးငယ်အတော်များ များကို တွေ့မြင်လာရခြင်းသည် ယင်းအခြေအနေနှစ်ခုကြား တိုက် ရိုက်ဆက်နွှယ်မှုရှိမည်ဟု သုတေ သီများက ယူဆလာကြသည်။

ဇီကာကြောင့် ကလေးများ မွေးရာပါ ခေါင်းသေးရောဂါ ဖြစ် ပွားနိုင်သည်ဟု သီအိုရီအရ အတိ အကျ သက်သေပြနိုင်မှုမရှိသေး သော်လည်း ရောဂါဖြစ်ပွားရာ နိုင်ငံများသို့ ကိုယ်ဝန်သည်များ သွားရောက်မှုကို အလေးအနက် စဉ်းစားရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က သတိပေးထား သည်။ ထို့အပြင် ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပိုမိုဖော်ထုတ်သိရှိမလာမီ အမျိုး သမီးများ ကလေးမယူသင့်သေး ကြောင်း တိုက်တွန်းထားသည်။ ဇီကာဗိုင်းရပ်စ်ကို ကုသနိုင်၊ ကာကွယ်နိုင်သော ဆေးဝါးမျိုး မရှိသေးဘဲ အချိန်တန်လျှင် ပျောက်ကင်းသွားနိုင်သည်။ သို့သော် သန္ဓေသားကို ထိခိုက်နိုင်သည့်အတွက် ဇီကာဗိုင်းရပ်စ်အန္တရာယ် ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမည့် လူတန်းစားသည် ကိုယ် ဝန်ဆောင် အမျိုးသမီးများ ဖြစ် လာသည်။

ဇီကာ၏ လက္ခဏာများ

ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ် ပွားသည့် ဇီကာအဖျားရောဂါ သည် တုပ်ကွေးနှင့် ဆင်တူပြီး ရက်ပိုင်းမျှ အနားယူခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ ထိုရောဂါ ကို တားဆီးခြင်း၊ ကုသခြင်း မပြု လုပ်နိုင်ချေ။ လက်ရှိအချိန်ထိ ဇီ ကာ၏ နောက်ဆက်တွဲဆိုးကျိုး အဖြစ် ကိုယ်ဝန်ဆောင်မိခင်များ တွင် ကလေးကို ကူးစက်ကာ Mi-crocephaly ဖြစ်စေနိုင်ကြောင်း ယူဆထားပြီး အရွယ်ရောက်ပြီး သူများတွင် အဖျားဝေဒနာ ပြင်း ထန်ပါက အာရုံကြောများကို ထိခိုက် သက်ရောက်စေနိုင်သည့် ဖြစ်နိုင်ခြေ အနည်းအကျဉ်းရှိ သည်။

WHO က ၁၂ လတာအတွင်း အမေရိကနိုင်ငံများတွင် လူဦးရေ သုံးသန်းမှ လေးသန်းမျှထိ ဇီကာ အဖျားရောဂါကူးစက်မှု ဖြစ်ပွား နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအသွင် ဆောင်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ‘‘ဇီကာနဲ့ ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုက အမြင့်ဆုံး မှာ ရှိနေတယ်။ ဒါပေမဲ့ ရောဂါရဲ့ သက်ရောက်မှု ဘယ်အတိုင်းအ တာထိ ကြီးထွားနိုင်သလဲဆိုတာ ကိုတော့ အသေအချာမပြောနိုင် ဘူး’’ဟု WHO အကြီးအကဲ မာဂ ရက်ချန်က ဝန်ခံခဲ့သည်။အာဖရိက တွင် အီဘိုလာရောဂါပိုး စတင် ကူးစက်စဉ်က WHO ၏ တုံ့ပြန်ပုံ နောက်ကျခဲ့သဖြင့် အခြေအနေ များ ပိုမိုဆိုးရွားခဲ့ခြင်းကို သင်ခန်း စာယူကာ ဇီကာနှင့်ပတ်သက်၍ နိုးနိုးကြားကြား စောင့်ကြည့်မှုများ လည်းရှိနေသည်။

ဇီကာရောဂါ ပျံ့နှံ့မှုများ

၂၀၁၅ ဧပြီမှစ၍ တစ်ကျော့ ပြန် ဖြစ်ပွားလာသည့် ဇီကာ အ ဖျားရောဂါ ကူးစက်ရောက်ရှိ သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံထိ ရှိ နေပြီဟု WHO က ကြေညာသည်။ ဘရာဇီးတွင် အခြေအနေအဆိုး ဆုံးဟု ယူဆရပြီး လူပေါင်း ၂၅၀ ခန့်မျှ ကူးစက်ခဲ့သည်ဟု ယုံကြည် ရသည်။ ထို့အပြင် ကိုလံဘီယာ၌ ၉၈ ဦး၊ အမေရိကန်တွင် ၃၁ ဦး ထိ ရောဂါကူးစက်ကြောင်း အတည်ပြုထားသည်။ ဘရာဇီးတွင် ယခုနှစ်အတွင်း အိုလံပစ်ပွဲတော် ကျင်းပမည်ဖြစ်ရာ နိုင်ငံတကာမှ အားကစားပရိသတ်များ ဆိုက် ရောက်လာရာမှ ရောဂါကူးစက် မှုအရှိန်အဟုန် ပိုမိုမြန်ဆန်လာ မည်ကို စိုးရိမ်မှုများလည်း ရှိနေ ပါသည်။

လတ်တလောတွင် နိုင်ငံအ များအပြားက ရောဂါအဓိကဖြစ် ပွားနေရာ လက်တင်အမေရိက နိုင်ငံများသို့ ကိုယ်ဝန်သည်များ ခရီးမသွားသင့်ကြောင်း အကြံပြု ချက်များ ထုတ်ပြန်ထားသည်။ အမေရိကန်မှ ပညာရှင်အဖွဲ့တစ်ခု သည် ဘရာဇီးသို့သွားရောက်ကာ ရောဂါပိုးနှင့်ပတ်သက်၍ အချက် အလက် စစ်တမ်းများ ကောက်ယူ ပြီး ကာကွယ်ဆေးတီထွင်နိုင်ရန် စတင်ကြိုးပမ်းလျက်ရှိသည်။ ဇီ ကာ ကာကွယ်ဆေးသည် ၂ နှစ် မျှ အချိန်ယူတီထွင်ရဖွယ်ရှိသော် လည်း ယင်းမတိုင်မီကနဦးအဆင့် ကွင်းဆင်းစမ်းသပ်မှုများ ပြုလုပ် နိုင်ရန် မျှော်လင့်နေကြသည်။ ဘ ရာဇီးတွင် သမ္မတ ဒယ်လ်မာရူး ဆက်ဖ်၏ အထူးညွှန်ကြားချက် အရ စစ်သားများကပါ ခြင်နှိမ်နင်း ရေး၊ ရောဂါတိုက်ဖျက်ရေး လုပ် ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည်။

ဇီကာ၏ ဆိုးကျိုးများ

၂၀၁၄ က ဘရာဇီးတစ်နိုင်ငံ လုံးတွင် မွေးရာပါ ခေါင်းသေး သည့် Microcephaly အခြေအနေ ဖြင့် မွေးဖွားလာသည့် ကလေး ငယ် ၁၄၇ ဦး ရှိသော်လည်း၂၀၁၅ တွင် ၁၆၇ ဦးထိရှိလာသည်။ ထို့ အပြင် စာရင်းတွက်ချက်ခြင်း မပြု နိုင်သေးသည့် နောက်ထပ်ကလေး ငယ် ၂,၀၀၀ မျှသည်လည်း အဆို ပါ ချို့ယွင်းချက်ဖြင့် မွေးဖွားလာ မည်ဟု ပညာရှင်များက ခန့်မှန်း ထားသည်။

ဘရာဇီးတွင် ဇီကာအဖျား ရောဂါ ခံစားခဲ့ရကြောင်း အတည် ပြုနိုင်ခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဆန္ဒရှိ လျှင် ကိုယ်ဝန်ဖျက်ချခွင့်ပေးရန် တောင်းဆိုမှုများလည်း ထွက်ပေါ် လာသည်။ WHO အကြီးအကဲ ဒေါက်တာချန်က ‘‘ဇီကာအဖျား ရောဂါရဲ့ အဓိကပြဿနာက ရောဂါကူးစက်သူ ၈၀ ရာခိုင်နှုန်း လောက်က သူတို့ကိုယ်သူတို့ ဖျား မှန်းတောင် မသိလိုက်ကြတာပါ ပဲ။ အပျော့စား တုပ်ကွေးဝေဒနာ လက္ခဏာလေးတွေလောက်ပဲ ပေါ်လာတာကြောင့် မေ့မေ့ ပျောက်ပျောက်နဲ့ ပြီးသွားတတ် ကြတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ အနေနဲ့ မိခင်တွေနဲ့ သူတို့ရဲ့ ရင် သွေးတွေအပေါ် အကြီးအကျယ် ဆိုးကျိုးသက်ရောက်မှုတွေ ကျန် နေခဲ့နိုင်တယ်’’ ဟု ပြောကြားခဲ့ သည်။

သူကဆက်လက်၍ ‘‘ဒီဗိုင်း ရပ်စ်ရဲ့အကျိုးဆက်ကသန္ဓေသား ကို ထိခိုက်စေပြီး မွေးရာပါ ဦး ခေါင်းသေးငယ်တဲ့ ကလေးတွေ မွေးဖွားနိုင်ခြေကို သာမန်ထက် မြှင့်တင်ပေးလိုက်တယ်လို့ အ လေးအနက် ယုံကြည်ရပါတယ်။ သာမန်ထက် ဦးခေါင်းသေးတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးမှုပိုင်း ကဏ္ဍအရပ်ရပ်မှာ အားနည်းမှု တွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး Guilian-Barre ဆိုတဲ့ အာရုံကြောထိခိုက်တဲ့ ရှားပါးရောဂါတစ်ရပ် ဖြစ်နိုင်ခြေလည်း ပိုများလာတယ်လို့ ယူဆရတယ်။ အဲဒီအခါမှာတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိ မသန်စွမ်းမှုတွေဖြစ်လာနိုင်တယ်’’ဟုလည်း ရှင်းပြခဲ့ သည်။

WHO မှ ပညာရှင်တစ်ဦးဖြစ် သည့် ဒေါက်တာဘရုစ်အေဝက်ဒ် ကမူ ဇီကာဗိုင်းရပ်စ်နှင့် Micro- cephaly တိုက်ရိုက်ဆက်စပ်သည် ဟု မယူဆသင့်ဘဲ ကျိုးကြောင်း ဆက်နွှယ်မှုရှိနေသည်ဟုသာ နား လည်ထားသင့်ကြောင်း ဆိုသည်။ WHO ၏ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ အန်းရူချတ်ကမူ ထိုအခြေအနေ နှစ်ရပ်ကြား အားကောင်းသည့် ကွင်းဆက်တစ်ခု ရှိနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဇီကာဗိုင်းရပ်စ် ကြောင့် ဦးခေါင်းသေးသည့် က လေးများ မွေးဖွားလာသည်ဆို သော အယူအဆအပေါ် ပညာ ရှင်များကြားတွင်ပင် သဘောထားကွဲလွဲနေသည့် သဘောလည်း ဖြစ်သည်။

ဘရာဇီးနိုင်ငံ ဆေးရုံတစ်ရုံတွင် ဇီကာဗိုင်းရပ်စ်ကြောင့် ဦးခေါင်းသေးရောဂါ ခံစားနေရ သော ကလေးငယ်တစ်ဦးအား ဆေးကုပေးနေစဉ် (Christophe SIMON/AFP)

ရောဂါကာကွယ်ခြင်း

ဇီကာဗိုင်းရပ်စ်ကို ကာကွယ် ရန် ဆေးဝါးမတီထွင်နိုင်သေး ခြင်းကြောင့် ခြင်ကိုက်ခြင်းမခံရ အောင် အတတ်နိုင်ဆုံး ရှောင်ရှား ခြင်းသည် လက်ရှိတွင် အထိ ရောက်ဆုံး ကာကွယ်နည်းအဖြစ် ယူဆနိုင်သည်။ ထို့အပြင် အီကွေ တာမျဉ်းအနီးတစ်ဝိုက်ရှိ အပူပိုင်း ဇုန်နိုင်ငံများတွင် ဇီကာအဖျား ကူးစက်မှု ရှိနေပြီဆိုပါက ထို နိုင်ငံများသို့ ခရီးသွားလာခြင်းကို ရှောင်ရှားသင့်သည်။ သာမန်အား ဖြင့် ဇီကာဗိုင်းရပ်စ်သည် လူအ များသို့ ကူးစက်ရန်ခက်ခဲသည့် သဘောသဘာဝရှိကြောင်းလည်း WHO ၏ အဆိုအရသိရသည်။

ကျွမ်းကျင်သူများက ဇီကာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အထောက်အကူ ဖြစ်စေရေးအ တွက် ပတ်ဝန်းကျင်လူအများကို ရောဂါနှင့်ပတ်သက်၍ သတင်း အချက်အလက်များ မျှဝေဖြန့်ဖြူး ရန်၊ ခြင်နှိမ်နင်းရေး အစီအစဉ် များ ချက်ချင်းအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ကိုယ်ဝန် ဆောင် အမျိုးသမီးများ၏ပတ်ဝန်း ကျင် သန့်ရှင်းရေးကို ပိုမိုဂရုစိုက် ရန်၊ လေအေးပေးစက် အခန်းများ တွင် လုံခြုံသောအဝတ်အစားများ ဝတ်ဆင်အိပ်စက်ကြရန် တိုက် တွန်းထားသည်။

—Ref: CNN/Guardian/New York Times

No comments

Powered by Blogger.