ဇော်ဇော်အောင် နှလုံးရောဂါဖြင့် ကွယ်လွန်
စုံထောက်စိုးအောင်ဝတ္ထုတွေ၊ မော်ဒန်ဝတ္ထု၊ ဆောင်းပါးတွေနဲ့ မြန်မာစာပေနယ်မှာ ထင်ရှားတဲ့ စာရေးဆရာ ဇော်ဇော်အောင်ဟာ ဇန်န၀ါရီ ၂၆ ရက်၊ ည ၉ နာရီက ရန်ကုန်မြို့ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ဇော်ဇော်အောင်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပြဆရာတယောက်လည်း လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
စာရေးဆရာချစ်ဦးညိုကတော့ ဇော်ဇော်အောင်ဟာ မော်ဒန်စာပေကို ခွဲခြမ်းစိတ်ဖြာရေးသားခဲ့တဲ့ စာပေပညာရှင်တယောက်လို့ မှတ်ချက်ပေး ပြောပါတယ်။
“မော်ဒန်စာပေကို ခွဲခြမ်းစိတ်ဖြာတဲ့ သီအိုရီသမားတယောက်လို့ ကျနော် သတ်မှတ်ချင်တယ်။ စိုးအောင်ဝတ္ထုတွေက ဒါ သူ ပိုက်ဆံလိုချင်လို့ ရေးတာလည်း ဖြစ်နိုင်တယ်၊ အပျင်းပြေ ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် စိုးအောင်စုံထောက်ဝတ္ထုတွေနဲ့ ဇော်ဇော်အောင် တည်ဆောက်ထားတာ မဟုတ်ပါဘူး၊ စကတည်းကိုက ဇော်-ဖော်-သင်း ဦးအောင်သင်း၊ ဦးစံဖော် ဇော်ဇော်အောင် ဆိုပြီး စာပေသဘောတရားနဲ့ စခဲ့တာပါ။”
ဇော်ဇော်အောင်ရေးတဲ့ နာမည်ကျော် ယုဇနမခင်ပျို ၀တ္ထုကို သဘင်မဂ္ဂဇင်းမှာ ၁၉၈၃ ခုနှစ်က ရေးပေးခဲ့တာလို့လည်း ပြောပါတယ်။
အမည်ရင်း ဦးဇော်မြင့်၊ စာရေးဆရာ ဇော်ဇော်အောင်ကို ၁၉၃၇ ခုနှစ်၊ မေလ ၁၈ ရက်မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့မှာ အဖ ဦးဘသက်၊ အမိ ဒေါ်တုတို့က ဖွားမြင်ခဲ့တာဖြစ်ပြီး တဦးတည်းသား ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာစာဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီး သူ့ဂုဏ်ထူးတန်းဘွဲ့အတွက် ကျမ်းကို ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို လေ့လာပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
လုံးချင်းဝတ္ထု ၄၀ လောက်၊ စာပေသဘောတရားနဲ့ ဝေဖန်ရေးစာအုပ်ပေါင်း ၂၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ကွယ်လွန်ချိန်အထိ စာစောင်တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။
ဇော်ဇော်အောင် ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ သမီးတဦး ကျန်ရစ်ပြီး ဈာပနကို ဇန်န၀ါရီ ၂၈ ရက်၊ ညနေ ၅ နာရီအချိန် ရေဝေးသုသာန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Dvb
No comments