မီးမဖွားမီ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရေးအကြီးဆုံး လုပ်ဆောင်ရမယ့် အချက် (၅)ချက်
စိတ်ဖိစီးမှုကင်းတဲ့ မိခင်က ပျော်ရွှင်နိုင်မယ့် မိခင်ပါပဲ!!! ကလေးမွေးဖွားရာမှာ မိခင်ရဲ့ စိတ်ရော ကိုယ်ပါ အဆင်သင့်ဖြစ်မှုက အရေးအကြီးဆုံးပါပဲ။ ရှည်လျားပြီး ပင်ပန်းလှတဲ့ ကလေးမွေးဖွားချိန်ကို ကျော်လွှားနိုင်ဖို့အတွက် ကိုယ်ခန္ဓာ ကြံ့ခိုင် သန်စွမ်းဖို့ လိုပါတယ်။ မီးဖွားခြင်းဆိုတာ မိန်းမ တစ်ယောက်အတွက် အခက်ခဲဆုံး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု များများလုပ်ထားလေ ရင်ဆိုင်ရ လွယ်ကူလေဖြစ်ပါတယ်။
-ကိုယ့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်ထားပါ
ကိုယ်ဝန်မယူခင်ကပင် စပြီး ကြံ့ခိုင်အောင် လေ့ကျင့်ဖို့လိုပါတယ် ။ ကြံ့ခိုင်မှုရှိလေ ကလေးမွေးဖွားတဲ့ အချိန်မှာ ပိုပြီးလွယ်ကူလေ ဖြစ်ပါတယ်။ ကလေးမွေးဖွားခြင်းက အရမ်းကို ပင်ပန်းတဲ့ အလုပ်ပါ။ သားဦးကလေးမွေးဖွားတဲ့ အခါ ဒုတိယ ၊တတိယ ကလေးတွေထက် အချိန်ပို ကြာတတ်ပါတဲ့အတွက် ပိုပြီးကျန်းမာ သန်စွမ်းဖို့လိုပါတယ်။
-စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါ
ကလေးမွေးဖွားခြင်းတိုက်ပွဲရဲ့ တစ်ဝက်က နာကျင်မှုဒဏ်ကို ခံစားရတဲ့ ၀န်ထုတ်ဝန်ပိုး ဖြစ်ပါတယ်။ နာကျင်မှုကို သက်သာစေမယ့် ဆေးတွေရှိပေမဲ့ ကိုယ်က ဘေးထွက် ဆိုးကျိုးတွေကို ကြောက်တဲ့အတွက် အသုံးမပြုလိုဘူး ဆိုရင်တော့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် သင်တန်းတွေတက်ပြီး မီးဖွားခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို သိရှိအောင် လုပ်ထားရပါမယ် ။ ဒါမှ ကိုယ့် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို နားလည်ပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သဘောပေါက်နိုင်မှာပါ။
-ကိုယ့်ကို ထောက်ပံ့ပေးမယ့်လူတွေကို အားကိုးပါ
မိသားစု ၊ခင်ပွန်း ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကို တည်ငြိမ်အောင် အနားမှာ အားပေးဖို့ လိုပါတယ် ။ဗိုက်နာနေချိန်မှာ စကားပြောပေးနေတာမျိုး ၊လက်ကို ကိုင်ပေးထားတာမျိုးက ကိုယ့်ကို အားရှိစေပါတယ်။ မီးဖွားတဲ့ အချိန်တွေမှာ ခင်ပွန်းဖြစ်သူတွေက အသုံးမ၀င်ဘူးလို့ မှားယွင်းထင်နေတတ်တဲ့ သူတွေရှိပါတယ်။ အဲ့ဒါမဟုတ်ပါဘူး ၊ဒီလိုအချိန် အနားမှာ ခင်ပွန်းသည် အားပေးနေတာက နာကျင်မှုကို ကျော်လွှားနိုင်မယ့် အကြီးဆုံး ခွန်အားပဲ ဖြစ်ပါတယ်။
-ဆေးရုံကို ကြိုတင်ရက်ချိန်းယူထားပါ
မွေးဖွားခါနီး လပိုင်းအလို ဆရာဝန်နဲ့ သွားပြစဉ် ကတည်းက ဆေးရုံမှာ နေရာတစ်နေရာရဖို့ သေချာအောင် လုပ်ထားရပါမယ်။ ကိုယ်နဲ့သင့်လျော်မယ့် ကုသမှု စနစ်ပေးနိုင်မယ့် ဆေးရုံကို ရွေးချယ်ထားရပါမယ်။ အစိုးရဆေးရုံ မှာ မွေးမှာလား ၊ ပုဂ္ဂလိကဆေးရုံမှာ မွေးမှာလား ဆိုတာ စဉ်းစားပြီး ပြင်ဆင်ထားရပါမယ် ။
-ဆေးရုံသွားမယ့် လမ်းကြောင်းကို စဉ်းစားထားပါ
ကလေးမီးဖွားဖို့ သွားတဲ့အခါ ကလေးအတွက်ရော ကိုယ့်အတွက်ပါ အသုံးပြုရမယ့် ပစ္စည်းတွေကို ၃၆ ပတ် ရောက်တဲ့ အချိန်ကစပြီး အိတ်နဲ့ ကြိုထည့်ထားပါ ။ ဆေးရုံသွားမယ့် လမ်းကြောင်းကို သိအောင်လုပ်ထားပါ ။ ဘယ်လမ်းကသွားရင် အမြန်ဆုံး ရောက်နိုင်မလဲ ၊ အချိန် ဘယ်လောက်ကြာမလဲ ဆိုတာ သိရှိနေရင် အရမ်းကို အထောက်အကူ ပြုနိုင်ပါတယ်။
Ref:yourtango
No comments