အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင်များဝင်ရောက်မှု ပိတ်ပင်ရန် ဒေါ်နယ်ထရမ့် တိုက်တွန်း --------------------------------------
ဝါရှင်တန်၊ ဒီဇင်ဘာ ၈
ကယ်လီဖိုးနီးယား ပစ်ခတ်မှုအပြီးတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမေရိကန်သို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်ရန် တိုက်တွန်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု အပေါ် မွတ်ဆလင်များ၏ သဘောထားကို အာဏာပိုင်များက ပုံဖော်နိုင်သည့်အချိန် အထိ လုံးဝ ပိတ်ထားသင့်သည်ဟု ဒေါ်နယ်ထရမ့်က မဲဆွယ်ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နာရီပိုင်းအကြာ တောင်ပိုင်း ကယ်ရိုလိုင်းနား စုဝေးပွဲတွင် ထပ်မံ ပြောကြားခဲ့ရာ လက်ခုပ်သံများ ရရှိခဲ့သည်ဟု သိရှိရသည်။
သို့ရာတွင် ထရမ့်၏ မှတ်ချက်သည် အမေရိကန်ပြည်ထောင်စု၏ တန်ဖိုးများ၊ လုံခြုံရေး အစီအစဉ်များနှင့် ဆန့်ကျင်နေသည်ဟု အိမ်ဖြူတော်က ကြေညာချက် ထုတ်သည်။
ရီပတ်ဘလစ်ကန် သမ္မတလောင်းတစ်ဦး ဖြစ်သူ ဂျက်ဘွတ်ရှ် ကလည်း နယူးယောက်မှ စီးပွားရေးသမား ဒေါ်နယ်ထရမ့်သည် စိတ်ပုံမှန် မဟုတ်တော့ကြောင်း ဝေဖန်လိုက်သည်။
ယခင်တစ်ပတ်က ဆန်ဘာနာဒီနိုရှိ ကျန်းမာရေးစင်တာတွင် မွတ်ဆလင်စုံတွဲက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့သည်။
Center for Security Policy က စစ်တမ်းကောက်ယူရာတွင် အမေရိကန် ပြည်ထောင်စုနေ မွတ်ဆလင် ၂၅ ရာခိုင်နှုန်းက အကြမ်းဖက်မှုသည် တရားမျှတကြောင်း ယုံကြည်ကြသည်ကို တွေ့ရှိရသည်ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“စစ်တမ်း အချက်အလက်တွေကို မကြည့်ဘဲနဲ့တောင် အမုန်းတရားတွေ အလွန်အကျွံ ဖြစ်နေတာ ထင်ရှားပါတယ်။ ဒီအမုန်းတရားတွေ ဘယ်ကလာသလဲ၊ ဘာကြောင့်လဲဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီပြဿနာကို နားလည်ပြီ၊ ဆုံးဖြတ်နိုင်ပြီ ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ လူ့ဘဝကို အလေးမထားတဲ့ ဂျီဟတ်တွေရဲ့ တိုက်ခိုက်မှုကို မခံရနိုင်တော့ပါဘူး” ဟု ထရမ့်က ပြောကြားသည်။
ထရမ့်က သာမန်လည်ပတ်မှု အပါအဝင် အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင် ဝင်ရောက်မှုအားလုံးကို ပိတ်ပင်ရန် တောင်းဆိုသည်ဟု သိရှိရသည်။
ဒေါ်နယ်ထရမ့်သည် မက္ကဆီကိုဘက်မှ လာသော ရာဇဝတ်မှုပြဿနာနှင့် ယခု နယူးယောက် ပစ်ခတ်မှုကိစ္စတို့ကို ဝေဖန်ကာ သမ္မတလောင်းရွေးပွဲ ယှဉ်ပြိုင်မှု အတွက် မဲဆွယ်လျက်ရှိသည်။
ထရမ့်သည် ဗလီများကို ပိတ်ပစ်ရန်နှင့် မွတ်ဆလင်များကို စောင့်ကြည့်ရန် အကြံပြုမှုများကြောင့် ယှဉ်ပြိုင်ဘက် သမ္မတလောင်းများ၏ ကန့်ကွက်ခြင်း ခံရသော်လည်း ၎င်း၏ တင်းမာသော သဘောထားမှာ ကြီးကြီးမားမား ထောက်ခံမှု ရရှိနေသည်ဟု ဆိုသည်bbc
www.zayyathuya.com
No comments