အရက်ကို လူမှုရေးအရရံဖန်ရံခါသောက်တတ်သူတွေက အရက်သေစာရှောင်ကြဉ်သူတွေထက် ပိုမိုဆွဲဆောင်မှုရှိ


အရက်ကလေးနည်းနည်းဝင်သွားရင် ရုပ်အဆိုးဆုံးဘဲပေါက်လေးကိုတောင် အရမ်းလှပတဲ့ ငန်းအဖြစ် မြင်သွားတတ်တဲ့ beer goggles ခေါ် အမူးသမားမျက်လုံး ဆိုတာရှိပါတယ်။ ဒါပေမယ့် အရက်ကလေး သောက်ထားတာကလည်း ကိုယ့်ကို တခြားသူတွေရဲ့မျက်လုံးထဲမှာ ပိုမိုဆွဲဆောင်မှုရှိတယ်လို့  မြင်စေနိုင်တယ်လို့  လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ၊ Houston တက္ကသိုလ်က လေ့လာသူတွေရဲ့ စမ်းသပ်လေ့လာမှုမှာ လူမှုရေးအရအရက်သောက်တတ်တဲ့ ဆိုရှယ်ယမကာသမား တွေဟာ အရက်မသောက်တတ်တဲ့ သူတွေထက် ပိုမိုဆွဲဆောင်မှုရှိနေတယ် ဆိုတာကို တွေ့ ရှိခဲ့ရပါတယ်။   ဒါပေမယ့်၊ အရက်အလွန်အကျွံသောက်တဲ့သူတွေကတော့ ဆွဲဆောင်မှုအနည်းဆုံးဖြစ်ကြောင်း တွေ့ ရှိခဲ့ရတယ် လို့ လည်း သိရပါတယ်။  

ဒီသုတေသနကို ဆန့် ကျင်ဘက်လိင်ကိုစိတ်ဝင်စားတဲ့ ကောလိပ်ကျောင်းသူ၊ကျောင်းသားပေါင်း ၅၉၄ ယောက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကျောင်းသားတွေကို ဆန့် ကျင်ဘက်လိင်တွေရဲ့ မျက်နှာ ဓာတ်ပုံပေါင်း ၂၅ ပုံကို ပြခဲ့ပြီး ဓာတ်ပုံတစ်ပုံချင်းစီမှာ ထိုသူတွေရဲ့အရက်သောက်တတ်တဲ့အမူအကျင့်တွေကို   “ ဒီကောလိပ်ကျောင်းသားက တစ်ခါတစ်ရံလူမှုရေးအရ အရက်သောက်တယ်”၊ “ ဒီကျောင်းသားက လုံးဝ မသောက်တတ်ဘူး” “ ဒီကျောင်းသားကတော့ အခုမှအရက်အလွန်အကျွံသောက်လို့ အခုမှ နလန်ပြန်ထူ လာပြီး အရက်ဖြတ်ထားတဲ့ ကျောင်းသား” လို့ စာတန်းတွေ ရေးပြီးဖော်ပြခဲ့ပါတယ်။

ထို့ နောက်မှာတော့ လေ့လာမှုမှာပါဝင်သူကျောင်းသားတွေကို ဓာတ်ပုံတစ်ပုံချင်းစီပေးပြီး၊ ဓာတ်ပုံပိုင်ရှင်တွေရဲ့ ဆွဲဆောင်မှု၊ ဥာဏ်ရည်ဥာဏ်သွေး၊ နှစ်လိုဖွယ်ကောင်းမှု၊ ဖော်ရွေမှုတွေကို  ၀ ကနေ ၇ အတွင်း အဆင့် သတ်မှတ်ခိုင်းခဲ့ပါတယ်။ လေ့လာမှုအရ ဆိုရှယ်ယမကာသမားတွေဟာ ပျှမ်းမျှ ၃.၆ အတွင်းရရှိခဲ့ပြီး အရက်ဖြတ်ထားသူတွေကတော့ ဒုတိယနေရာမှာ ၃.၄၂ မှတ်ရရှိခဲ့ပြီး၊ အရက်မသောက်တတ်သူတွေကတော့ ပျှမ်းမျှ ၃.၂၇ ရရှိခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။  အရက်အလွန်အကျွံသောက်သူတွေကတော့ ၂.၈၆ မှတ်နဲ့ အောက်ဆုံးရောက်ရရှိခဲ့ပါတယ်။

ဒီလေ့လာမှုကို Addictive Behaviors ဆိုတဲ့ဂျာနယ်မှာဖော်ပြခဲ့ပြီး ဒီရလဒ်တွေရဲ့ ဖြစ်နိုင်ဖွယ်ရာအဖြေကတော့ ‘homophily’ လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။Homophily ဆိုတာ ကိုယ်နဲ့ ပုံစံ၊အကျင့်တူတယ်လို့ ထင်ရတဲ့သူကို ပိုနှစ်သက်လေ့ရှိပြီး ၊ ထိုလူနဲ့ အတူ အချိန်ပို ကုန်ဆုံးချင်လေ့ရှိတဲ့ စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကောလိပ်ကျောင်းသားအများစုဟာ ရံဖန်ရံခါသောက်တတ်သူတွေမို့ လို့ ဆိုရှယ်ယမကာသမားတွေကို ပိုမိုဆွဲဆောင်မှုရှိတယ်လို့ မြင်တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Dailymail 

No comments

Powered by Blogger.