Easy Pay မိုဘိုင်းငွေပေး ဝန်ဆောင်မှု လေးမျိုး ရှေ့နှစ်ဆန်းတွင် စတင်မည်

မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပေးချေနိုင်သည့် အမျိုးအစား လေးမျိုးကို ပြည်တွင်းကုမ္ပဏီ Easy Pay က ၂၀၁၆ ဇန်နဝါရီ တွင် စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Easy Pay ကုမ္ပဏီသည် မိုဘိုင်းဖုန်းမှ တစ်ဆင့် ဘီလ်ပေးဆောင်ခြင်း (Bill Payment)၊ စီးပွားရေးလုပ်ငန်း အချင်းချင်း ငွေပေးချေခြင်း (B2B Money Transfer)၊ ဖုန်းပြော ခ ငွေဖြည့်သွင်းခြင်း (Air Time Top Up) နှင့် အရောင်းအဝယ် ပြုလုပ်ခြင်း (Mobile Commerce) တို့ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးစိုးကိုကိုက ပြော သည်။ “ရန်ကုန်မှာ အရင်အသုံးပြုနိုင်မယ်။ မန္တလေးမြို့မှာ အသုံးပြုဖို့လည်း ဆောင်ရွက်နေတယ်။ ဇန်နဝါရီလမှာ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။ ယင်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ဈေးကွက်၌ အာရုံစိုက် လုပ်ကိုင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အာဆီယံ ဒေသ၌လည်း အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ဦးစိုးကိုကိုက ရှင်းပြသည်။ Easy Pay ဝန်ဆောင်မှုကို အသုံးပြုရန် Easy Pay အမည်ဖြင့် မိုဘိုင်း အက်ပလီကေးရှင်းကို ဒေါင်းလုတ်ချ၍ လည်းကောင်း၊ www.easypay.com ဝက်ဘ်ဆိုက်မှ လည်းကောင်း ဝင်ရောက်နိုင်မည်ဟု ကြေညာထားသည်။ ဘီလ်ငွေပေးချေမှုမှာ သုံးစွဲသူများ ပေးရန်ရှိသော ဘီလ်များကို EasyPay မိုဘိုင်းအက်ပလီအေးရှင်းမှ တစ်ဆင့် ငွေပေးချေနိုင်ပြီး လက်ရှိတွင် လျှပ်စစ်ဘီလ်နှင့် ရတနာပုံ တယ်လီပို့ အင်တာ နက်ဘီလ်များကို ပေးနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ်ခြင်းမှာ ကုန်ပစ္စည်း များ ရောင်းဝယ်ရာတွင် ရောင်းသူ၊ ဝယ်သူ အဆင်ပြေစေရန်နှင့် ရောင်းသူနှင့် သုံးစွဲသူ နှစ်ဦးနှစ်ဖက်မှ ခွင့်ပြုမှ သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် 7 Day New ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ "

No comments

Powered by Blogger.