ဒီမိုကရေစီနှင့် မိမိကိုယ်ကို ဆောက်တည်မှု (Democracy vs Personal Autonomy

ု စာရေးသူက ရည်ညွန်းဖန်များသည်။ ဒီမိုကရေစီဆိုသည် Rule by the people ဖြစ်၍ ဆိုရခြင်းဖြစ်သည်။ ဒီမိုကရေစီကို အာဏာရှင်တို့က ချုပ်ကိုင်ထား၍ မရပါ။ ပြည်သူတွေက ဒီမိုကရေစီကို အမှန်တကယ် လိုလားလျှင် အာဏာရှင်တို့က မဟန့်တားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အာဏာအစစ်အမှန်က အာဏာရှင်တို့၏ လက်ထဲ၌ အမှန်တကယ် မရှိပါ။ အာဏာက သူတို့လက်ထဲ၌ ရှိသည်ဟု အာဏာရှင်တို့က ပုံမှားရိုက်ထားသဖြင့် ဒီမိုကရေစီကို အာဏာရှင်တို့ထံတွင် ပြည်သူများက တောင်းဆိုနေခြင်းဖြစ်သည်။ အမှန်တွင် ပြည်သူတို့သည် သူတို့နှင့်တန်သော အစိုးရတရပ်ကို အမြဲတမ်း ရရှိနိုင်ကြသည်။

မိမိကိုယ်ကို ဆောင်တည်ခြင်းဟု ဆိုရာ၌လည်း မိမိကိုယ်ကို အုပ်ချုပ်တတ်ခြင်းကို ဆိုချင်သည်။ အာဏာသည် ပြည်သူတို့ထံ၌ တည်ရှိသည်ဖြစ်၍ ပြည်သူတို့ကိုယ်တိုင်က အစိုးရဖြစ်သည်။ ထို့ကြောင့် ပြည်သူတဦးချင်းသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်ဖို့ လိုသည်။ မိမိကိုယ်ကို မအုပ်ချုပ်နိုင်လျှင် မိမိကိုယ်တိုင်က အစိုးရကောင်းမဟုတ်တော့။ မိမိနေအိမ်၌ မိမိက အစိုးရကောင်းမဖြစ်လျှင် ပြည်ထောင်စုတွင်လည်း အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရန် မလွယ်ကူပါ။ မီးဖိုချောင်းတခုကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သော မိန်းမသည် နိုင်ငံတခု၏ သမ္မတကောင်းတဦးဖြစ်ရန် အရည်အချင်းရှိသည်။ လေ့ကျင့်ပျိုးထောင်ပေးလျှင် မလွဲဧကန် ဖြစ်မည်ဖြစ်သည်။

“အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာ လေ့လာမှု အားကောင်းခဲ့လျှင် အရှုံးသာရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည် မဟုတ်ပါ။”

နိုင်ငံသားကောင်းတဦးအနေဖြင့် မိမိကိုယ်ကို ဥပဒေနှင့်အညီ အုပ်ချုပ်တတ်ဖို့ အရေးကြီးပုံကို ဆိုချင်သေးသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအတော်များများသည် သူတို့အစိုးရ ဘာလုပ်သည်ကို အမြဲမပြတ် စောင့်ကြည့်သည်၊ သူတို့အစိုးရ အကျပ်အတည်း ဖြစ်နေလျှင် မတန်တဆ အခွင့်အရေးများကို မတောင်းဆိုပါ၊ သူတို့အစိုးရ အလုပ်မလုပ်လျှင်လည်း သက်တမ်းတခုသာ ရုံးထိုင်နိုင်မည်ဖြစ်သည်၊ ဥပဒေကို လေးစားသလို ပြည်သူတဦးချင်း၏ အခွင့်အရေး၊ ပြည်နယ်များ၏ အခွင့်အရေး၊ ပြည်ထောင်စုအပေါ် သစ္စာစောင့်သိမှုတို့ကိုလည်း အကြွင်းမဲ့ နားလည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီဖခင်နေရာကို ရရှိနေခြင်းဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် အမေရိကန်ပြည်သူများသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်သူများ (Personal Autonomy) ရှိကြသူများဖြစ်သည်။

နိုင်ငံသားကောင်းများ များများ မွေးထုတ်နိုင်ရန် ဥပဒေကောင်းများ ရှိရသည်။ ယင်းဥပဒေကောင်းများ အသက်ဝင်အောင်လည်း ပြည်သူ့ဝန်ထမ်းများက လေးစားလိုက်နာသင့်သည်။ မြန်မာနိုင်ငံသည် ဥပဒေကောင်းရှိသည့် နိုင်ငံဖြစ်သည်။ မွန်လူမျိုးများသည် ဥပဒေအရာ ကျွမ်းကျင်ကြသည်။ သထုံဆိုသည်မှာ သုဓမ္မမှ ဆင်းသက်သည်။ ဥပဒေကောင်းရှိသည့် နိုင်ငံဟု ဆိုသည်။ မွန်တို့၏ ဥပဒေဖြင့် ပုဂံလက်နက်နိုင်ငံတော် (လက်နက်ဆိုသည်မှာ လက်နက်ဖြင့် တည်ဆောက်ခြင်းမဟုတ်) ကို တည်ထောင်နိုင်ခဲ့သည်။ ပုဂံပြည်တွင် မွန်တို့အင်အား မှေးမှိန်စပြုချိန် နရပတိစည်သူ (၁) လက်ထက်တွင် မွန်ဆရာတော် ဓမ္မဝိလာသမထေရ်ကို ဓမ္မသတ်ကျမ်းတဆူ ပြုစေ၍ အောက်ပြည်ကို သာသနာပြု စေလွှတ်ခဲ့သည်။ ထို့အတူ ဝါရီရူဓမ္မသတ်လည်း ထင်ပေါ်ကျော်ကြားသည်။ ဘုရင့်နော်ကျော်ထင်နော်ရထာသည် ထိုင်းကို အောင်မြင်ပြီးသည့်နောက် မွန်တို့၏ ဓမ္မသတ်ကို ကျင့်ကြံစေခဲ့သည်။ ထိုင်းနှင့် မွန်တို့သည် ဘုရင့်နောင်ကို မုန်းတီးကြခြင်း အလျဉ်းမရှိချေ။

အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်မှုကောင်းလျှင် ပြည်သူ့သားကောင်းများ ပေါ်ထွန်းလာရိုးသာဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်းတွင် မင်းဆိုးမင်းညစ်များ ရှိခဲ့သလို မင်းကောင်းမင်းမြတ်များလည်း မနည်းလှပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအရာ၌ မြန်မာတို့သည် အရှေ့တောင်အာရှ၏ စံပြဖြစ်ခဲ့ဖူးသည်ကို မမေ့အပ်ပေ။ လက်ရှိတွင်လည်း အရှေ့တောင်အာရှတွင် စံပြဖြစ်နိုင်သည့် နိုင်ငံရေးအဝန်းအဝိုင်းတခုကို ပိုင်ဆိုင်ထားသည်။ အရှေ့တောင်အာရှတွင် ပြည်ထောင်စုအမည်ခံနိုင်ငံမှာ မလေးရှားနှင့် မြန်မာသာရှိသည်။ ထိုတွင် ပြည်ထောင်စုအမည်ကို တတွင်တွင် သုံးနေသည့် နိုင်ငံမှာ မြန်မာသာဖြစ်သည်။ မြန်မာတွင် ကောင်းမွန်သည့် ဥပဒေ၊ ကောင်းမွန်သည့် အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ ကောင်းမွန်သည့် တရားစီရင်ရေးစနစ်၊ ကောင်းမွန်သည့် နိုင်ငံသားများ ရှိလျှင် အရှေ့တောင်အာရှတွင် နောက်တခါ ပြန်လည်ထွန်းတောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှူ၍ ရရုံလေး ဖိနှိပ်ထားသည့် ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။”

ထိုတွင် ကောင်းမွန်သည့် နိုင်ငံသားများ ရှိရန် ဟူသောအချက်သည် တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်အချက် ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် Rule of the Laws by the people ဖြစ်ပြီး ပြည်သူ့သားကောင်းမှ စစ်သားကောင်းများ၊ ဝန်ထမ်းကောင်းများ၊ အမတ်ကောင်းများ၊ အစိုးရကောင်းများ ပေါ်ထွက်လာရ၍ ဖြစ်သည်။ အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာ လေ့လာမှု အားကောင်းခဲ့လျှင် အရှုံးသာရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည် မဟုတ်ပါ။

တပ်မတော်သားများကို ပြည်သူများက အခွန်ပေး၍ ပြည်သူတို့၏ အသက်အိုးအိမ်ကို စောင့်ရှောက်စေသည်။ ဝန်ထမ်းများကိုလည်း ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အခွန်ဆောင်၍ ကျွေးထားရသည်။ ရဲဝန်ထမ်းများကိုလည်း ဥပဒေစိုးမိုးရေးအတွက် အခွန်ကြပ်မတ်၍ ထောက်ပံ့ထားရသည်။ ပြည်သူတို့သည် မိမိတို့ ငှားထားသော၊ ကျွေးထားသော၊ အကူအညီ ရယူရန် ဖွဲ့စည်းထားသော၊ လွယ်သည်လည်း ဖြစ်နိုင်သည် ခက်သည်လည်း ဖြစ်နိုင်သည် အချိန်မရွေး မိမိတို့ ဖြုတ်ပစ်နိုင်သော ဤဖောင်တိန်ကိုင် လက်နက်ကိုင် အဖွဲ့အစည်းများကို အဘယ်ကြောင့် စိုးရွံ့ကုန်သနည်း။ အရှင်းဆုံးအချက်မှာ မည်သူ့မှာမှ Personal Autonomy မရှိ၍ ဖြစ်သည်။ Personal Autonomy မရှိသူ့လက်ထဲ လက်နက်တပ်ပေးလိုက်လျှင် တိုင်းပြည်က ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် တရားသူကြီးလက်ထဲ ဖောင်တိန်တချောင်းနှင့် စာရွက်တရွက် ပေးခဲ့လျှင် ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် အရာရှိကို ခုံတလုံး ထိုးပေးလျှင် ဘာဖြစ်သွားမလဲ စဉ်းစားစရာတောင် မလိုပါ။

စစ်တပ်က ဓားပြလို သောင်းကျန်းမည်၊ ရဲဝန်ထမ်းများက ငတက်ပြားဂိုဏ်းဝင်များ ဖြစ်ကုန်မည်၊ အစိုးရအရာရှိများလည်း အရက်သမားအဆင့်ထက် မကျော်နိုင်ဖြစ်မည်၊ ပြည်သူတို့ကလည်း တန်သည်မတန်သည် သင့်သည် မသင့်သည် စဉ်းစားမနေတော့ဘဲ ဝမ်းစာရေးအတွက် လုပ်ချင်ရာလုပ်မည်ဆိုလျှင် Personal Autonomy မရှိတော့။ ဤကဲ့သို့ စည်းကမ်းမရှိသည့် နိုင်ငံတခုမှာ ဒီမိုကရေစီထွန်းကားအောင် မည်သို့လုပ်ရမည်နည်း။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှူ၍ ရရုံလေး ဖိနှိပ်ထားသည့် ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။

ထို့ကြောင့် Personal Autonomy ကို လေ့လာသင့်သဖြင့် အကျယ်တဝင့် ရေးချင်သေးသည်။ ဤ၌ ဤမျှနှင့်သာ ရပ်ပါမည်။

ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်လျှင် ...
(Equality, Majority Rule and Personal Autonomy)
Ven Ravika (July 5)

၃၈ ဖြာမင်္ဂလာတွင် နေရေးနှင့်ပတ်သက်၍ မင်္ဂလာ ၃ ပါး ရှိသည်။ သင့်တင့်သည့်အရပ်မှာ နေခြင်း၊ ပြုဖူးသည့် ကုသိုလ်ကံ ရှိခြင်း၊ ကိုယ်နှုတ်ကို ဆောက်တည်ခြင်းတို့ ဖြစ်သည်။ ကိုယ်နှုတ် ဆောက်တည်ခြင်းကို အတ္တသမ္မာပဏိဓိဟု ပါဠိက ဆိုသည်။ အောင်မြင်မှုသည် ကိုယ်နှုတ်ဆောက်တည်မှုနှင့် ဆိုင်သည်။ ဤနေရာတွင် ကိုယ်နှုတ်ဆောက်တည်မှုကို အင်္ဂလိပ်ဘာသာဖြင့် Personal Autonomy ဟု သုံးချင်သည်။

မည်သည့် ပြည်ထောင်စုနိုင်ငံ၊ မည်သည့် ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ Personal Autonomy မရှိလျှင် အောင်မြင်ဖွယ်ရာ မရှိ။ အရင်းဆုံး မေးရလျှင် ဒီမိုကရေစီကို မည်သည့်အတွက်ကြောင့် လိုချင်ရသနည်း။ လွတ်လပ်မှု (Freedom)ကို တောင့်တ၍ ဖြစ်သည်။ လွတ်လပ်မှုဆိုသည်မှာလည်း Majority Rule ကို ကိုယ်စားပြုသည့် ယေဘုယျလွတ်လပ်မှု (General Freedom)နှင့် တန်းတူရေးကို ကိုယ်စားပြုသည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Freedom of Self-determination) ဟူ၍ နှစ်မျိုးရှိသည်။ မည်သည့်လွတ်လပ်မှု (Freedom) ကိုမဆို မိမိကိုယ်ကို ထိန်းကျောင်းမှု (Moral Autonomy) မရှိလျှင် မရနိုင်ပေ။ မိမိကိုယ်ကို ထိန်းကျောင်းတတ်ဖို့ ကိုယ်နှုတ်ကို ဆောက်တည်ခြင်း (Personal Autonomy) လိုပြန်သည်။

မွေးရာပါအခွင့်အရေး (Intrinsic Rights) ကို တောင်းဆိုသည်ဟု ဆိုရာဝယ် မည်သူ့ဆီကို တောင်းဆိုသနည်း။ မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်းဖြစ်သည်။ ထိုမွေးရာပါ အခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့ အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင်ဆောင်နေသည်။

စာရိတ္တသီလဟု ဆိုအပ်သည့် Moral Autonomy အားကောင်းလျှင် အစိုးရဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ ပြည်သူပြည်သားများက ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံတတ်ကြရာ ဥပဒေစိုးမိုးရေးအတွက် အလွန်တရာ ကျေးဇူးပြုသည်။ ဥပဒေစိုးမိုးမှု ရှိမှသာ အထက်ဖော်ပြပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။ Majority Rule နှင့် Equality တို့ကို မပေးချင်သည့် အာဏာရှင်များက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်းမှာ Moral Autonomy ပျက်စီးအောင် လုပ်ခြင်းဖြစ်သည်။ ဥပဒေစိုးမိုးမှု မရှိမှသာလျှင် အာဏာကို ရေရှည်ဆုပ်ကိုင်ထား၍ ရသောကြောင့်ဖြစ်သည်။

Moral and Personal Autonomy မရှိလျှင် အဓိကရုဏ်းလည်း ဖြစ်တတ်သည်။ အဓိကရုဏ်းဆိုသည်မှာ ပါသက်စကားလုံး ဖြစ်သည်။ Overdoing, Over-reaction, Riot စသည်ဖြင့် ပြန်နိုင်ပါသည်။ လိုအပ်သည်ထက် တုံ့ပြန်မှုကို အဓိကရုဏ်းဟု ဆိုနိုင်သည်။ ဥပဒေအရ မဟုတ်ဘဲ မိမိသဘောအရ ထင်ရာစိုင်းပြုမူခြင်းကို အဓိကရုဏ်းဟု ဆိုရသည်။ အာဏာရှင်တို့သည် ပြည်သူတို့၏ ရင့်ကျက်မှု၊ ဆောက်တည်မှု၊ ထိန်းကျောင်းမှုအားကို အဓိကရုဏ်းဖြင့် သွေးတိုးစမ်းလေ့ရှိကြသည်။ Moral Autonomy မရှိ၍ Personal Autonomy မရှိ၊ Personal Autonomy မရှိ၍ Rule of laws မရှိ၊ Rule of the laws မရှိ၍ Freedom ဆုံးရှုံးရသည်။

“မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်းဖြစ်သည်။ ထိုမွေးရာပါ အခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့ အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင်ဆောင်နေသည်။”

အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသော ပြည်ထောင်စုဝင် ပြည်နယ်သားများသည် မိမိကိုယ်ကို မိမိဘာသာထိန်းကျောင်းနိုင်မှု Moral Autonomy ရှိရန် အလွန်လိုအပ်သည်။ မိမိကိုယ်ကို ထိန်းကျောင်းတတ်မှသာလျှင် မိမိကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့မှသာ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) နှင့် တန်သည်။ အစိုးရသည် ဤအချက်ကို ကိုင်၍ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုချက်များကို လျစ်လျူရှုတတ်သည်။ အဘယ်ကြောင့်ဆိုသော် self-determination ဟု ဆိုရာဝယ် အများနှင့်ဆိုင်သည့် ပြဌာန်းခွင့်ဖြစ်သည်။ မိမိကိုယ်ကို မထိန်းကျောင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်နယ်များသည် ပြည်ထောင်စုကို တာဝန်ခံရာ၌ များစွာ ခက်ခဲစေမည်ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကိုလည်းကောင်း၊ မိမိပြည်နယ်၏ အကျိုးစီးပွားကိုလည်းကောင်း၊ ပြည်ထောင်စု၏ အကျိုးစီးပွားကိုလည်းကောင်း ကာကွယ်တတ်ရန်၊ ကြီးပွားစေရန် လွန်စွာလိုအပ်လှ၏။

ထို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေသော ပြည်ထောင်စုဝင် ပြည်နယ်များသည် မိမိတို့လူမျိုးကို ပညာပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်း၊ ဥပဒေစိုးမိုးအောင် ရဲတပ်ဖွဲ့အင်အားထားရှိခြင်း၊ အုပ်ချုပ်ရေးကို ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက်လုပ်သင့်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေသည်ဟုဆိုသော အစိုးရသည် အပစ်ရပ်တိုင်းရင်းသားများကို Moral Autonomy ရှိဖို့၊ Self-determination အတွက် အဆင်သင့်ဖြစ်ဖို့ အခြေခံအုပ်ချုပ်ရေးအဆောက်အဦများကို ယခုကတည်းကပင် အကူအညီပေးသင့်ပြီဖြစ်သည်။ ဒါမှသာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို မှန်ကန်စွာ အကောင်အထည်ဖော်ရာ ရောက်သည်။

တန်းတူရေး ရှိမှသာ ပြည်ထောင်စုမှာ နေရတာ တန်မည်
(Intrinsic Equality vs. Majority Rule)
Ven Ravika (July 5)

လူများစု အုပ်ချုပ်ရေးကို ဒီမိုကရေစီဟု ယေဘုယျအားဖြင့် သတ်မှတ်ရသည်။ လူမျိုးတိုင်းမှာ အခွင့်အရေး ညီတူညီမျှရှိသည်ကို တန်းတူရေးဟု ဆိုရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံတခုမှာ ဒီမိုကရေစီစံနှုန်းရှိသည့် လူမျိုးတန်းတူရေး ရှိဖို့ ညှိရသည်။ သို့မှသာ ဒီမိုကရေစီအသီးအပွင့်ကို ပြည်သူတိုင်း ခံစားနိုင်ပြီး လူမျိုး၊ ဘာသာစကားကို အကြောင်းပြု၍ ဒုတိယတန်းစား နိုင်ငံသားများ မရှိတော့သည့် တန်းတူအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

ရိုးရိုးပင် တွေးကြည့်ပါ။ အသင်းအဖွဲ့တခုတွင် အသင်းဝင်များကို ခွဲခြားဆက်ဆံလျှင် ရေရှည်သွား၍ မရပါ။ ပြည်ထောင်စုတခုမှာလည်း အုပ်စုတခုက အခြားအုပ်စုများကို အနိုင်ကျင့်နေလျှင်၊ လူမျိုးတမျိုးက အခြားလူမျိုးများကို နိုင်ထက်စီးနင်း ပြုမူနေလျှင် ပြိုကွဲဖို့သာ ရှိသည်။ လူမျိုးတိုင်း အတူနေ၍ ရအောင် မူများ၊ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပေါ်လစီများ၊ လုပ်ဆောင်ချက်များ ညီတူညီမျှ ချမှတ် အကောင်အထည်ဖော်ရပါမည်။ ဒီမိုကရေစီစနစ်သည် ယင်းလိုအပ်ချက်များ၏ အခြေခံဖြစ်သည်။ ယင်းလိုအပ်ချက်များအပေါ် လွှမ်းမိုးမှု မရှိရပါ။

တန်းတူရေးဟုဆိုရာ၌ လူမျိုးတမျိုးက ကြက်ဆီထမင်း ကြိုက်၍ ပြည်ထောင်စုတဝန်းလုံးမှာ ကြက်ဆီထမင်း ချက်စေပြီး ညီတူညီမျှ စားသောက်စေသည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့အိမ်မှာ မိမိတို့ ကြိုက်သည့် ဟင်းရမယ်များကို မိမိတို့ ကြိုက်သည့်နည်းဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နိုင်သည်ကို ဆိုလိုသည်။ လူမျိုးတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြ၍ တန်ဖိုးမတူကြပါ။ တန်းတူရေးသည် ယင်းအကြိုက်နှင့် တန်ဖိုးကို အလေးထားသည်။ ယင်းအကြိုက်နှင့် တန်ဖိုးကိုလည်း ပြည်ထောင်စုက သာစေနာစေ ဆရာကြီး ဝင်လုပ်စရာ မလို။ ဆရာကြီး ဝင်လုပ်မည့်အစား ယင်းအကြိုက်နှင့် တန်ဖိုးများကို ပြည်ထောင်စု၏ အမွေအနှစ်များအဖြစ် သတ်မှတ်ရသည်။ အကြိုက်နှင့် တန်ဖိုး မတူသူများ အတူယှဉ်တွဲနေထိုင်၍ ရသော ဝန်းကျင်တခုကို ညှိနှိုင်းပေးရသည်။ ဤသည်မှာ ပြည်ထောင်စု၏အလုပ် ဖြစ်သည်။

ပြည်ထောင်စု၏အလှသည် အရောင်အသွေးပေါင်း စုံလင်၏။ တရောင်တည်း ခြယ်ရန် မဟုတ်။ ပြည်ထောင်စု၏ သင်္ကေတသည် ကြယ်တလုံးတည်း မဟုတ်၊ ကြယ်တာရာအပေါင်း ခညောင်းသည့် ည ဖြစ်သည်။ ပြည်ထောင်စုကို တရောင်တည်းခြယ် ကြယ်တလုံးတည်း ထားလျှင် စိတ္တဇဆန်လှ၏။ ရင့်ကျက်မှုမရှိ။ အတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးမထား။ ဗမာမှုပြုခြင်းသာဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ် ရှိခဲ့လျှင် ဤစိတ်နေစိတ်ထားကနေ စပြင်ရပါမည်။ ထိုသို့ ပြင်မှသာ ဗမာလူမျိုး၏ ကြန်အင်လက္ခဏာ အစစ်အမှန်လည်း ပေါ်လာစရာရှိသည်။ အခြားလူမျိုးများလို ပြည်နယ်တခု ရပြီး တန်းတူရေးအသီးအပွင့်ကို အတူတူ ခံစားနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်သည် တန်တူးရေးနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ကြသည်။ ပါလီမာန်ခေတ်တွင် ပြည်နယ်ပြည်မ ခွဲခြားခြင်းဖြင့် တန်တူရေးကို သေးသိမ်စေခဲ့သည်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် မဆလခေတ်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ကို ဖန်တီးခြင်းဖြင့် တန်းတူရေးကို ပြက်ရယ်ပြုခဲ့ပြန်သည်။ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရခေတ်တွင်လည်း ပြည်ထောင်စုနိုင်ငံဖြစ်သော်လည်း ကြယ်တပွင့်ထားခြင်းဖြင့် တန်းတူရေးကို အသိအမှတ်မပြုခဲ့ချေ။ ဤမှားယွင်းသော အတွေးအခေါ်များကို မပြင်သေးသရွေ့ တန်းတူရေး မရှိနိုင်၊ တန်းတူရေး မရှိသေးသရွေ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်၊ ပြည်တွင်းစစ် မငြိမ်းသေးသရွေ့ ပြည်ထောင်စုကြီး သာယာဝပြောအောင် မလုပ်နိုင်ပေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရက ပြည်နယ်များသည်လည်း ပြည်ထောင်စုငယ်များ ဖြစ်ကြသည်ဟု ဆိုလေ့ရှိသည်။ ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သို့သော် ယင်းလူမျိုးပေါင်း ၁၃၅ မျိုးတို့၏ တန်းတူအခွင့်အရေးကို မပေးဘဲ ထို ၁၃၅ မျိုး၏ ပင်မလူမျိုး ၈ မျိုးကို ချုပ်ကိုင်ထားခဲ့သည်။ ဗမာ အပါအဝင် မည်သည့်လူမျိုးမှ မလွတ်လပ်တော့ပါ။ အမှန်တွင် အမျိုးသားပြည်နယ် အနည်းဆုံး ၈ ခုတွင် ယင်းလူမျိုးပေါင်း ၁၃၅ မျိုးတို့သည် တန်းတူရေးအပြည့်အဝဖြင့် နေထိုင်နိုင်မျှသာလျှင် စစ်မှန်သော ပြည်ထောင်စု ဖြစ်နိုင်သည်။ ပြည်ထောင်စုကြီးက အလှသွေးကြွယ်၍ တင့်တယ်ပါမည်။

ဥပမာအားဖြင့် မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်၊ ထားဝယ်နှင့် ဧည့်နိုင်ငံသား တရုတ်၊ ကုလား အစရှိသည်ဖြင့် နေထိုင်ကြသည်။ ဧည့်နိုင်ငံသား တရုတ်ကုလားများသည် မွန်ပြည်နယ်သားများ ဖြစ်လာကြမည်ဖြစ်သည်။ မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စာလှယ်များ မရရှိနိုင်သော်လည်း မိမိကြိုက်ရာ အမတ်များကို မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ဗမာ အစရှိသော ကျန်တိုင်းရင်းသားများမှာ မွန်ပြည်နယ်ပါလီမန်တွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံနိုင်ကြသည်။ ဤလူမျိုးပေါင်းစုံရှိသော မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေများ ပြုကာ မွန်ပြည်နယ်သူပြည်နယ်သားတို့ ရွေးချယ်တင်မြှောက်သော မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ကို စီမံအုပ်ချုပ်ရသည်။ မွန်ပြည်နယ်ရှိ မွန်ပြည်နယ်အမတ်များသည် ဒီမိုကရေစီရေးနှင့် တန်းတူရေးတန်ဖိုးကို သိရှိနားလည်ပြီဖြစ်၍ ပြည်ထောင်စုကို တာဝန်ခံရာ၌ ဒီမိုကရေစီရေးနှင့်တန်းတူရေးကိစ္စရပ်များကို လွယ်လင့်တကူ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်သည်။

ထိုနည်းတူစွာ ဗမာပြည်နယ်သည် အင်အားအကောင်းဆုံး ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာလှသည်။ ထိုဗမာပြည်နယ်တွင်လည်း မွန်ပြည်နယ်တွင်ကဲ့သို့ ဒီမိုကရေစီရေးနှင့် လူမျိုးတန်းတူရေးကို အခြေခံရမည်ဖြစ်သည်။ ဗမာပြည်နယ်ပါလီမန်တွင် လူမျိုးပေါင်းစုံ ပါဝင်မည်ဖြစ်ရာ အရောင်အသွေး စုံလင်လှ၏။ ဗမာပြည်နယ် အုပ်ချုပ်ရေးမှူး (သို့) ဗမာပြည်နယ် ဝန်ကြီးချုပ် ဖြစ်ဖူးသူသည် ပြည်ထောင်စုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း များသည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ စံပြဖြစ်လာမည်မှာ သေချာလှသည်။ ဗမာစာ၊ ဗမာစကား၊ ဗမာ့ယဉ်ကျေးမှုသည် သီးသန့်ရှင်သန်ဖွံ့ထွားလာမည်ဖြစ်ရာ ဗမာ့တက္ကသိုလ်များသို့ တိုင်းရင်းသားပေါင်းစုံ လာရောက် လေ့လာကြမည်ဖြစ်သည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ ဝန်ထုပ်ဝန်ပိုးများကို သယ်စရာမလိုတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် နေနိုင်ကြမည်ဖြစ်သည်။ အပြစ်ကင်းသည့် ဗမာများကို ပြည်ထောင်စုသားတိုင်း လေးစားအတုခိုး ဂုဏ်ယူနေကြပါမည်။

ဤသို့ဖြင့် ပြည်နယ်တိုင်းမှာ Intrinsic Value မွေးရာပါ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်ကြသည်။ တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဤ Intrinsic Value ကို အခြေခံသည့် Intrinsic Equality သဘောမျိုးဖြစ်ကြောင်း တွေ့ရသည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးပင် ဖြစ်သည်။ ပြဿနာမှာ ဤ Intrinsic Value သတ်မှတ်သည့်နေရာတွင် တပ်မတော်အသိုင်းအဝိုင်း၊ အစိုးရအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားအသိုင်းအဝိုင်းတို့ကြား ကွာဟမှုများ ရှိနေကြခြင်းဖြစ်သည်။ ဤမွေးရာပါတန်းတူရေးသည် ဒီမိုကရေစီစံနှုန်းနှင့် ဆီလျော်မှသာလျှင် ဗဟုဝါဒီများက လက်ခံနိုင်ဖွယ်ရာရှိသည်။ လောလောဆယ်တွင် ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို ကျင်းပပေးမည်ဟု အစိုးရက ကျေညာခဲ့သော်လည်း Intrinsic Equality နှင့် ပတ်သက်၍ မည်မျှလိုက်လျောနိုင်မည်ကို မည်သည့်အဖွဲ့ကမှ ပွင့်လင်းမြင်သာမှု မရှိကြသေးချေ။

ဥပမာ Intrinsic Equality ကြောင့် ပြည်ထောင်စုတွင် လူဦရေးအများဆုံးဖြစ်သည့် ဗမာများ နစ်နာစရာ ရှိသည်။ ကရင်ပြည်နယ်တွင် လူများစု ကရင်များ နစ်စနာစရာ ရှိသည်။ ကချင်ပြည်နယ်တွင် လူများစု ကချင်များ နစ်နာစရာ ရှိသည်။ ထိုသို့ မနစ်နာရအောင် ဥပဒေပြုရေးကို Majority Rule အရ အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော်မှာ ထားရှိသင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီစံနှုန်းကို ကာကွယ်ထားခြင်းဖြစ်သည်။ Majority Rule ကြောင့် Intrinsic Values များ ယုတ်လျော့မသွားအောင်၊ ပြည်ထောင်စုပီသအောင် ပြည်သူ့လွှတ်တော်က ပြုစုခဲ့သည့် ဥပဒေသည် ပြည်နယ်များမှ ဦးရေတူ ရွေးချယ်ပေးသည့် အထက်လွှတ်တော် (သို့) အမျိုးသားလွှတ်တော်အမတ်များကို ဖြတ်ရသည်။ ပြည်နယ်များတွင်လည်း အတူတူပင် ဖြစ်သည်။ ပြည်နယ်များတွင် ပြည်နယ်ကိုယ်စားပြုလူမျိုးတို့ ပြုသမျှ မနုရလေအောင် ပြည်နယ်များ၏ အထက်လွှတ်တော်ကို ပြည်နယ်ရှိ တိုင်းရင်းသားအမတ်များ ဦးရေတူ ထားရှိသင့်သည်သာ ဖြစ်သည်။ သို့မှသာ ပြည်နယ်တွင်းရှိ လူမျိုးစုများအတွက် တန်းတူရေး ရှိနိုင်မည်ဖြစ်သည်။

- တရားသော ဥပဒေများကို ပြဌာန်းနိုင်ခဲ့လျှင် ...
- ယင်းဥပဒေအတိုင်း ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရများက အုပ်ချုပ်ကြလျှင် ...
- ယင်းဥပဒေအတိုင်း တရားသူကြီးများက စီရင်ဆုံးဖြတ်ကြလျှင် ...
တရားဥပဒေစိုးမိုးမှု ရှိပြီး သာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ http://drlunswe.blogspot.com/

No comments

Powered by Blogger.