အခြေခံလူတန်းစားများအတွက် အငှားအိမ်ရာများ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင်"ဈေးနှုန်းချိုသာစွာဖြင့် စတင်ငှားရမ်းမည်


မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြို့ပတ်ကမ်းနားလမ်း မင်းတဲအီကင်းရပ်ကွက် အကွက်(၁ဝ၅)၊ အကွက် (၄၄၄/၂)နှင့် ညောင်ကွဲရပ်ကွက် အကွက်(၄၄၄/၁)တို့တွင် မြန်မာနိုင်ငံတွင် ပထမဆုံး အခြေခံ လူတန်းစားများအတွက် အငှားအိမ်ရာများကို ဧပြီ ၂ဝ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ဒီဇင်ဘာလအတွင်း ပထမအဆင့် အိမ်ရာများ ပြီးစီးရေး နေ့ဆိုင်းညဆိုင်းများဖြင့် တည်ဆောက်လျက် ရှိသည်။ အငှားအိမ်ရာများတွင် ၁၂ ခန်းတွဲ ခြောက်ထပ် အဆောက်အအုံ ၂၂ လုံး၊ အခန်းပေါင်း ၁၅၈၄ ခန်းရှိပြီး အလျား ပေ ၂ဝ၊ အနံ ၁၂ ပေ ကျယ်ကာ အခန်းတိုင်း ရေချိုးခန်း၊ အိမ်သာ၊ အမှိုက်စွန့်ပစ်စနစ်များ ထည့်သွင်း တည်ဆောက်ထားပြီး အဆိုပါ အိမ်ရာများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အငှားအိမ်ရာများအား ဧရာဝတီ မြစ်ကမ်းဘေးတွင် သဲလုပ်ငန်း၊ ထင်းလုပ်ငန်း၊ သင်္ဘော၊ ကုန်တင်ကုန်ချ လုပ်သားများ အများစု နေထိုင် ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ယာယီဧည့်စာရင်းဖြင့် နေထိုင်သူများ၊ ရပ်ကွက်အမည်စာရင်း ဝင်သူများ အား ဦးစားပေး နေရာချထားပေးမည် ဖြစ်သည်။ အငှားအိမ်ရာ ငှားရမ်းခများမှာ မြေညီထပ်တွင် ငွေကျပ် ၃၅ဝဝဝ၊ ပထမထပ်နှင့် ဒုတိယထပ်အတွက် ငွေကျပ် ၃ဝဝဝဝ၊ တတိယထပ်နှင့် စတုတ္ထထပ်တွင် ငွေကျပ် ၂၅ဝဝဝ၊ ပဉ္စမထပ် တွင် ငွေကျပ် ၁၅ဝဝဝ သတ်မှတ်ထားပြီး အာမခံငွေ ကြိုတင်ပေးသွင်းရမည် ဖြစ်သည်။ အငြိမ်းစား ဝန်ထမ်းများ၊ တိုင်းပြည်အတွက် အသက်စွန့် ပေးလှူခဲ့သော စစ်မှုထမ်းများ၏ ကျန်ရစ်သူ မိသားစုများကိုလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တန်ဖိုးနည်း အိမ်ရာများအား ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်တွင် တည်ဆောက်ပြီး မဲစနစ်ဖြင့် နေရာချထားပေးခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှလည်း တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ စိတ်အေးချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် မြရည်နန္ဒာ ရပ်ကွက်တွင် တန်ဖိုးမျှတ အိမ်ရာများ တည်ဆောက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ် ဧပြီလတွင် မြို့ပြအိမ်ရာနှင့် ဖွံ့ဖြိုးရေး ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချရန်ရှိကြောင်း သိရသည်ဟု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။"

No comments

Powered by Blogger.