ကျွန်းလှတွင် ရေနှင့်ရော၍ မီးလောင်လွယ်သည့် ဓာတ်ငွေ့ထွက်သောကြောင့်

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ မကျည်းကုန်း ကျေးရွာ၌ ဒေသခံများ တူးထားသော ရေတွင်း ငါးတွင်းမှ ရေနှင့်ရော၍ မီးလောင်လွယ်သော ဓာတ်ငွေ့များ ထွက်ရှိနေသောကြောင့် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ပညာရှင်များ လာရောက် စစ်ဆေးနေပြီး လတ်တလောတွင် အဆိုပါ တွင်းရေများကို သုံးစွဲခြင်းနှင့် သောက်သုံးခြင်း မပြုရန် ညွန်ကြားထားကြောင်း ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ “ရေတွင်း ထဲကနေ ရေထွက်လိုက် ပြီးတော့ ဟာသွားပြီး ဓာတ်ငွေ့ထွက်လိုက် ဖြစ်နေတာ။ ရွာသားတွေရဲ့ လက်တွေ့ ပြသမှုတွေအရ မီးရှို့ရင်ကို အဲဒီအငွေ့က မီးလောင်တာ ကိုတွေ့ရတယ်။ ဘာဓာတ်ငွေ့ ဆိုတာတော့ တိတိကျကျ မသိရသေးဘူး” ဟု ၎င်းကပြောဆိုသည်။ ယင်းကဲ့သို့ ဓာတ်ငွေ့များ ထွက်ရှိနေမှုကြောင့် နေပြည်တော်ရှိ စွမ်းအင် ဝန်ကြီးဌာန မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ပညာရှင်များသည် နိုဝင်ဘာလ ၁၅ ရက်နေ့က ယင်းကျေးရွာမှ ရေနှင့်ဓာတ်ငွေ့ရော၍ ထွက်ရှိနေသော ရေတွင်း ငါးတွင်းကို လာရောက် စစ်ဆေးခဲ့ပြီး ဓာတ်ငွေ့အမည် သိရှိနိုင်ရန် ယူဆောင်သွားကြောင်း ကျွန်းလှမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မန်ကျည်းကုန်း ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းဝင်း အတွင်းရှိ ရေလျှံတွင်းနှင့် ကျေးရွာအတွင်းရှိ ရေတွင်း ငါးတွင်းခန့်မှာ ရေနှင့် ဓာတ်ငွေ့ရောလျက် ထွက်ရှိနေခြင်း ဖြစ်ကြောင်း ယင်းဒေသခံများ ထံမှသိရကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက် နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

No comments

Powered by Blogger.