ဇွဲကပင် ကေဘယ်လ်စီမံကိန်း ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေကာ တပေါင်းပွဲ"အမီအပြီး ဆောင်ရွက်မည်


ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်၌ တည်ဆောက်လျက်ရှိသော ကေဘယ်လ် စီမံကိန်းမှာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး တပေါင်းပွဲတော်အမီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဇွဲကပင်တောင် ဆရာတော်ဘဒ္ဒန္တကဝိဓဇ က ၁၄-၁၁-၂၀၁၅ ရက်တွင် မိန့်ကြားသည်။ “ရာခိုင်နှုန်း အများစုကတော့ ပြီးစီးနေပါပြီ။ ကေဘယ်လ်ကြိုး ဆွဲဖို့အတွက်ပဲ ကျန်ရှိတော့တာပါ။ ကေဘယ်လ်ကြိုးဆွဲဖို့ အတွက်ကိုတော့ ရဟတ်ယာဉ် ငှားရမ်း ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ အခုကေဘယ်လ် အသေးကို အရင်လုပ် နေတာ ဖြစ်တယ်။ တောင်ပေါ်ကို ပစ္စည်းသယ်ရတာတွေ လွယ်ကူအောင်နဲ့ လူ ၁၀ ယောက်လောက် လိုက်ပါလို့ရအောင် လုပ်ထားပါတယ်။ တပေါင်းပွဲတော် အမီပြီးအောင် လုပ်မှာပါ” ဟု ဆရာတော်က မိန့်ကြားသည်။ ယခုအခါ တစ်လက်မ အရွယ်ရှိ သံမဏိကြိုးကို တောင်ခြေမှ တောင်ပေါ်အထိပေ ၄၀၀၀ ခန့် သွယ်တန်းရန် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအတွက် ကျပ်သိန်း ၅၀၀၀ ခန့်ကုန်ကျမည် ဖြစ်ပြီး ကေဘယ်အကြီး တည်ဆောက်ရန် အတွက်မူ ငွေကြေးလိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ မရှိသေးတဲ့ ပထမဆုံး ကေဘယ်လ် စီမံကိန်းကို လုပ်ဆောင် နေတာ ဖြစ် ပါတယ်။ နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေတာဖြစ်လို့ ပြည်သူတွေ ကလည်း ဝိုင်းဝန်းကူညီ ပေးကြ ပါလို့ ပြောချင်ပါတယ်။ ဒီကေဘယ်လ်အသေး စီမံကိန်းပြီးသွားရင်တော့ သယ်ယူပို့ဆောင်ရေး အပိုင်းက ပိုလွယ်ကူ သွားမှာပါ” ဟု ဆရာတော်က ထပ်မံမိန့်ကြား ခဲ့သည်။ ယင်းကေဘယ်လ် စီမံကိန်းကို ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတော်နှင့် သုံးထပ်ကျောင်း ဆရာတော်တို့မှ ကြီးမှူးပြီး ဆောင်ရွက်နေခြင်း ဖြစ်ကာ ယင်းစီမံကိန်းကို မတ္တမကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။""

No comments

Powered by Blogger.