ရန်ကုန်စာတိုက်ကြီးက အွန်လိုင်းဈေးဆိုင်များနှင့် ချိတ်ဆက်၍ ပစ္စည်းပို့သည့် ဝန်ဆောင်မှု
မြန်မာ့စာတိုက်လုပ်ငန်း ရန်ကုန်စာတိုက်ကြီးက ပစ္စည်းမှာယူသည့် အိမ်သို့ အိမ်တိုင်ရာရောက် ပေးပို့သည့်စနစ်ကို အွန်လိုင်းဈေးဆိုင် (Online Shopping) များနှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှု စတင်ပေးပြီ ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီး ထံမှ သိရသည်။ “ကျွန်တော်တို့ Online Shopping တွေနဲ့ ချိတ်ဆက်နေပါတယ်။ လက်ရှိတော့ လူသိများတဲ့ ဇော်ဂျီ Online Shopping အပါအဝင် နောက်ထပ် ကိုးခုလောက်နဲ့ ချိတ်ဆက်ပြီး အဲဒီဆိုင်တွေက မှာထားတဲ့ Customer တွေကို အိမ်တိုင် ရာရောက် ဝန်ဆောင်မှုပေးတဲ့ စနစ်ကို စတင်နေပါပြီ” ဟု ရန်ကုန်စာတိုက်ကြီးမှ တာဝန်ခံအရာရှိ ဦးသောင်းနိုင်စိုး က ပြောကြားသည်။ Online Shopping စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းများကို ပို့ဆောင်သည့် ဝန်ဆောင်မှု ပေးသည့် အခါတွင် မှာယူထားသည့် ပစ္စည်းနှင့် အွန်လိုင်းတွင် တင်သည့် အရောင်ကွဲပြားခြင်း၊ ချိန်းထားပြီး သွားရောက်ပေးပို့ ရာတွင် လူမရှိဖြစ်နေခြင်း စသည့်အခက်အခဲများ အနည်းငယ်ရှိကြောင်း ၎င်းက ရှင်းပြသည်။ ထိုကဲ့သို့ ပစ္စည်းပို့ဆောင် သည့် ဝန်ဆောင်ခမှာမူ မှာယူသည့် မြို့နယ် အနီးအဝေးအလိုက် သတ်မှတ်ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စာတိုက် ကြီးထံမှ သိရသည်ဟု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ "
No comments