တစ်နေ့ ကို အချိုရည်နှစ်ဗူး သောက်တဲ့အမျိုးသားတွေ နှလုံးရောဂါရနိုင်




အမျိုးသားတွေအနေနဲ့ တစ်နေ့ ကို အချိုရည်နှစ်ဘူးသာ သောက်တတ်ပေမယ့်လည်း ပြင်းထန်တဲ့ နှလုံးရောဂါပြဿနာတွေ ရနိုင်တယ်လို့ ဗြိတိန်သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။လူလတ်ပိုင်းအရွယ် အမျိုးသား ၄၂၀၀၀ ကို ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ တစ်နေ့ ကို ၂၀၀ မီလီလီတာ အချိုရည် နှစ်ဘူးလောက် သောက်သုံးမှုဟာ နှလုံးရပ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း တွေ့ ရှိခဲ့ပါတယ်။အဆိုပါလေ့လာမှုမှာ ဂတ်စ်ပါဝင်တဲ့အချိုရည်များ၊ အချိုဓာတ်ဖြည့်စွက်ထားတဲ့သစ်သီးဖျော်ရည်များ နဲ့ သကြား နဲ့ ဆေးသကြားတို့ ဖြည့်စွက်ထားတဲ့ အချိုရည်မျိုးစုံ ပါဝင်ခဲ့ပြီး သဘာဝသစ်သီးဖျော်ရည်တွေတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
သုတေသနအဖွဲ့ ဟာ အသက် ၄၅ နှစ်ကနေ ၇၉ နှစ်ကြား၊ အမျိုးသားဦးရေ ၄၂၄၀၀ ကို လေ့လာမှုစတင်ချိန်မှာ သူတို့ နေ့ စဉ်စားသောက်တဲ့ အစားအသောက်တွေ အကြောင်း လေ့လာမေးမြန်းခဲ့ပါတယ်။ ထို့ နောက် ထို အမျိုးသားတွေကို နှစ်ပေါင်း ၁၂ နှစ်ကြာတိုင် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အဆိုပါကာလအတွင်း၊ အမျိုးသား ၃၆၀၄ ယောက်မှာ နှလုံးပုံမှန်အလုပ်မလုပ်၊ဖောက်ပြန်တဲ့လက္ခဏာကို တွေ့ ရှိခဲ့ရပြီး အဆိုပါရောဂါကြောင့် ၅၀၉ ဦး သေဆုံးခဲ့ရပါတယ်။ နှလုံးဖောက်ပြန်ရမှုအကြောင်းရင်းကို ပြန်လေ့လာထည့်သွင်းစဉ်းစားပြီးနောက်မှာ၊ အချိုရည်လုံးဝမသောက်သုံးခြင်းနဲ့ ယှဉ်မယ်ဆိုရင် တစ်နေ့ ကို နှစ်ဘူးမျှသာ သောက်သုံးခြင်းဟာ နှလုံးဖောက်နိုင်ခြေကို ၂၃ ရာခိုင်နှုန်း မြင့်တက်စေနိုင်ကြောင်း ဆက်စပ်တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဗြိတိန်အစိုးရရဲ့ အစာအာဟာရနှင့်ပတ်သတ်ပြီးသိပ္ပံနည်းကျအကြံပေးကော်မတီကလည်း ဒီနှစ်နွေရာသီတုန်းက အရွယ်ရောက်ပြီးသားလူတွေအနေနဲ့ တစ်နေ့ တာ သကြားစားသုံးမှုကို ထက်ဝက်လျော့ချဖို့ နဲ့ တစ်နေ့ ကို သကြား ၃၀ ဂရမ် (လက်ဖက်ရည်ဇွန်း ၇ ဇွန်းစာ) ထက် ပိုမစားသင့်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစားသုံးသင့်တဲ့ပမာဏဟာ ကိုကာကိုလာ ၃၃၀ မီလီလီတာ ဘူးတစ်ဘူးမှာပါဝင်တဲ့ သကြား ၃၅ ဂရမ်ထက် ပို နည်းနေတာကို တွေ့ ရှိရပါတယ်။
ကျွမ်းကျင်ပညာရှင်တွေဟာ များမကြာခင်ကလည်း အချိုဓာတ်ဖြည့်စွက် အချိုရည်တွေဟာ သွေးပေါင်ချိန်ကို အပြောင်းအလဲဖြစ်နိုင်ပြီး ဆီးချိုနဲ့ လေသင်တုန်းဖြတ်ရောဂါတွေ ရနိုင်ကြောင်း ဆက်စပ်လေ့လာတွေ့ ရှိထားပါတယ်။ ဒါပေမယ့် အချိုရည်သောက်သုံးမှုနဲ့ နှလုံးရပ်နိုင်ခြေဟာ ဆက်စပ်မှုရှိကြောင်းကိုတော့ ဒီလေ့လာမှုက ပထမဆုံးအကြိမ်တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားနှလုံးဖောက်မှုခံစားရသူတွေဟာ ကင်ဆာရောဂါသည်တွေထက် ပျှမ်းမျှ အသက်ပိုတိုလေ့ ရှိပြီး ဒီရောဂါဟာ ကြောက်စရာအကောင်းဆုံးနှလုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
Ref: Dailymail 
Powered by Blogger.