တရားမဝင် ကုန်သွယ်မှုများကို တိတိကျကျ အရေးယူတော့မည်
မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်ကားများအား စစ်ဆေးနေသည်ကို ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာအစိုးရသစ် လက်ထက်တွင် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း
ပပျောက်သွားစေရန် စီမံခဲ့သော်လည်း ဆက်လက် ရှိနေဆဲ ဖြစ်သောကြောင့် တိတိကျကျ
အရေး
ယူတော့မည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီက နိုဝင်ဘာလ ၈ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
တရားမဝင် ကုန်သွယ်မှုများ ပပျောက်စေရန် အစိုးရသစ်လက်ထက်တွင် ကုန်သွယ်မှု လုပ်ထုံး လုပ်နည်းများ၊ အခွန်အခများ ဖြေလျော့ပေးခြင်း၊ ကန့်သတ် ကုန်ပစ္စည်းများ စာရင်း လျှော့ချ၍ တရားဝင် ကုန်သွယ်ခွင့် ပြုခဲ့ခြင်း၊ ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေးဂိတ်များ ရုပ်သိမ်းခြင်းတို့ ပြုလုပ်ပေးခဲ့သော်လည်း တရားမ၀င် ကုန်သွယ်မှုများ ပပျောက်သွားခြင်း မရှိသောကြောင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့် Mobile Team ဟုခေါ်သော အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဦးဆောင်၍ ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
Mobile Team အဖွဲ့သည် နယ်စပ်ဒေသများနှင့် တိုင်းဒေသကြီးများတွင် တရားမ၀င် ကုန်သွယ်မှုများကို စစ်ဆေးဖမ်းဆီးခဲ့ရာ အမှုပေါင်း ၂၃၁၆ ခုအထိ ရှိခဲ့ပြီး စုစုပေါင်း ကျပ် ၇. ၈ ဘီလျံ ရရှိခဲ့ကြောင်း၊ ထို့အတူ ရန်ကုန်မြို့တွင်လည်း ကမ်းရိုးတန်း ဆိပ်ကမ်း ၇ ခုကို စစ်ဆေးခဲ့ရာ တရားမ၀င် ကုန်သွယ်မှုများမှ ကျပ်သိန်းပေါင်း ၃၃၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
“ဖမ်းလို့ရတဲ့ ပစ္စည်းတွေက စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ များပါတယ်။ ကျနော်တို့ အရေးယူတာတွေက နိုင်ငံတော်က ခွင့်မပြုတဲ့ ပစ္စည်းတွေ၊ ကန့်သတ် ပစ္စည်းတွေပါ။ ဒါကိုတော့ လာမဖမ်းနဲ့ ဘယ်သူ့ပစ္စည်းမိုလို့ ဆိုတာမျိုး မရှိပါဘူး။ ဥပဒေ အားနည်းချက် လေးတွေကြောင့် ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရာမှာတော့ ပေါင်းစပ်ညှိနှိုင်းမှု
အဆင်မပြေတာ တချို့ကလွဲရင် အခက်အခဲ ကြီးကြီးမားမား မရှိပါဘူး” ဟု တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ ၏ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။
တရားမ၀င် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်နေမှုများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျှက် ရှိသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးဘဲ အချို့နေရာဒေသများတွင် Mobile Team လုပ်ငန်းများ ဆောင်ရွက်၍ မရသေးကြောင်း သိရသည်။
“အခု လက်ရှိကတော့ ပဲခူးတိုင်းကနေပဲ စောင့်ဖမ်းနေတယ်။ မွန်ပြည်နယ် အထိတော့ သွားမစစ်နိုင်သေးဘူး။ ကျနော်တို့နဲ့ တွဲလုပ်တာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း လုပ်ငန်းပမာဏ များလာတဲ့အတွက်
သူတို့ အင်အားကို အများကြီး မပေးနိုင်တော့ ကျနော်တို့အတွက် လုံခြုံမှု ရှိနိုင်တဲ့နေရာကိုပဲ ရွေးပြီး လုပ်ပါတယ်။ ကုန်သွယ်မှု အရလည်း ရှောင်ကွင်းသွားလို့ မရနိုင်တဲ့ နေရာမျိုးမှာ စောင့်ပြီး ဖမ်းပါတယ်” ဟု ဦးဝင်းလွင်က ပြောဆိုသည်။
တရားမ၀င် ကုန်သွယ်မှုများကို စီမံချက်များ ချမှတ်ပြီး စီမံချက် အပိုင်းတစ် အဖြစ် နယ်စပ်ဒေသများမှ ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ စီမံချက် အပိုင်းနှစ် အဖြစ် ရန်ကုန်ဆိပ်ကမ်း အ၀င်အထွက်များကို စစ်ဆေးခြင်းနှင့်၊ စီမံချက် အပိုင်းသုံးအဖြစ် ရန်ကုန်မြို့တော် အတွင်းရှိ စက်ရုံ အလုပ်ရုံနှင့် စူပါမားကက် ကြီးများကို စစ်ဆေးသွားမည် ဖြစ်ပြီး ယခုအချိန်တွင် စီမံချက် အပိုင်းနှစ်ကို ဆောင်ရွက် နေသော်လည်း တိုင်ကြား သတင်းပေးမှုများ ရှိပါက စီမံချက် အပိုင်းသုံးကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Mobile Team အဖွဲ့စတင်ဖွဲ့စည်းပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အကူအညီဖြင့် ရှမ်းပြည်နယ် မူဆယ် – မန္တလေး လမ်းကြောင်းတွင် တရားမ၀င် ကုန်သွယ်မှုပေါင်း ၁၀၈ ခုကို ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်ပစ္စည်း ကျပ်သန်း ၅၈၇. ၈၀၀ ဖိုး ရရှိခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အကူအညီဖြင့် မြ၀တီ – ရန်ကုန် လမ်းကြောင်းတွင် တရားမ၀င် ကုန်သွယ်မှု ၃၀၃ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သန်း ၃၈၁. ၂၃၄ ရရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အကူအညီဖြင့် တမူး – ကလေး လမ်းကြောင်းတွင် တရားမ၀င် ကုန်သွယ်မှု ၃၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ် ၁၃ သန်း ရရှိခဲ့ကြောင်း စသည်ဖြင့် အမှုတွဲ စုစုပေါင်း ၄၄၂ မှုတွင်
ကျပ်သန်းပေါင်း ၉၈၂. ၀၄၅ တန်ဖိုးရှိ ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း Mobile Team အဖွဲ့က ထုတ်ပြန်သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ကုန်ဆိပ်ကမ်းနယ်မြေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကမ်းရိုးတန်း ဆိပ်ကမ်းများဖြစ်သော သာကေတ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊
ဗားဂရာ၊ ချောင်းဝ၊ ဘုရင့်နောင် ဆိပ်ကမ်းများအား ပညာပေး ကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ သယ်ဆောင်မှု၊ ပစ္စည်းအမယ် ကွဲလွဲမှု၊ ပင်ရင်းနိုင်ငံ ကွဲလွဲမှုနှင့် နိုင်ငံတော်မှ တင်သွင်းခွင့် မပြုသော ပစ္စည်းများ သယ်ဆောင်မှု စသည့် ဖြစ်စဉ်များ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“ရန်ကုန်မှာ အများပြည်သူ သတင်းပေး တိုင်းကြားတဲ့ အမှု ၇ ခုရှိပါတယ်။ ကျနော်တို့ အမှု ၇ မှုစလုံး သွားစစ်ပါတယ်။ ၅ ခုက မှန်ပါတယ်။ နှစ်ကြိမ်ကတော့ သတင်းပေးတဲ့သူ မှားပါတယ်။ မှားတဲ့အကြောင်း သတင်းပေးကိုလည်း ပြန်ရှင်းပြလိုက်ပါတယ်” ဟု Mobile Team အဖွဲ့ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ဆိုသည်။
ရန်ကုန်မြို့တွင် ပြည်သူများ၏ သတင်းပေးမှုများ အရ ဖမ်းဆီးခဲ့မှုများမှာ ဒေါပုံမြို့နယ်တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က Green Line Myanmar Group ကုမ္ပဏီ၏ တရားမ၀င် တင်သွင်းလာသော Tiger Rum အရက်၊ Bonus Whisky
အရက်၊ Bagpiper Gold Primier Whisky အရက် ပုလင်းမျိုးစုံ ၈၉၇၄၈ လုံးနှင့် လူသုံးကုန် ပစ္စည်းများ၊ သြဂုတ်လ ၈ ရက်နေ့က မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ကားကြီးဝင်းတွင် အမှတ် ၁၁၇ ပွဲရုံမှ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ အချိုရည် စုစုပေါင်း ၂၅၁၆ ဖာ၊ ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန် ၂ တွင် (ရက်စွဲမပါ) ဘီယာနှင့် အချိုရည် ၁၈၉၈ ဖာ၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အောင်မင်္ဂလာ အဝေးပြေးဝင်း အနီး ဒိုင်နာကားပေါ်တွင် နိုင်ငံခြားဖြစ်အရက် စုစုပေါင်း ၂၁၆၀ လုံး ဖမ်းဆီးရမိမှုတို့ ဖြစ်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ လှိုင်မြို့နယ်၊ ဘုရင်နောင် သင်္ဘောကျင်း အနီး Quarto Product ကုမ္ပဏီကို ၀င်ရောက် စစ်ဆေးခဲ့ရာ တရားမ၀င် ဘီယာ၊ ၀ိုင်နှင့် စားသောက်ကုန် ပစ္စည်းများစွာ ဖမ်းမိသည့် ဖြစ်စဉ်တွင် နိုင်ငံခြားသား ၃ ဦး အပါအ၀င် သွင်းကုန်လိုင်စင် တင်သွင်းထားသည့် BOBဟိုတယ် နှင့် သရပါ ဟိုတယ်တို့ပါ
ပါဝင် ပတ်သက်နေကြောင်း၊ ဖမ်းဆီးရမိမှု တန်ဖိုးမှာ ကျပ်သိန်း ၆၄၄ သိန်းခန့် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောသည်။
“ရန်ကုန် ကမ်းရိုးတန်း ဆိမ်ကမ်းတွေကို ပညာပေးကာလ အရေးယူကာလ ဆိုပြီး ဆောင်ရွက်ခဲ့ရာမှာ အမှုတွဲပေါင်း ၂၂ ခု အတွက် တားဆီးရရှိခဲ့တဲ့ တန်ဖိုးပေါင်းက ဒဏ်ကြေး အပါအ၀င် ကျပ်သိန်းပေါင်း ၃၃၀၀ ကျော် ရရှိခဲ့ပါတယ်။ ပညာပေး ကာလမှာ နိုင်ငံပိုင် သိမ်းဆည်းတာမျိုးတွေ မလုပ်ပေမယ့် နိုင်ငံတော်က ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းလာတာ မျိုးတွေ ရှိတဲ့အတွက် နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ရတာမျိုးတွေ ရှိပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ရှင်းပြသည်။
ပညာပေးကာလတွင် ဖမ်းဆီးမိသော ကုန်ပစ္စည်းများကို သတ်မှတ် ဒဏ်ကြေးဆောင်၍ ပြန်လည်ရွေးယူခွင့် ပြုသော်လည်း သြဂုတ်လ ၃၁ ရက်နေ့ နောက်ပိုင်း အရေးယူကာလတွင် တရားမ၀င် ကုန်ပစ္စည်း သယ်ဆောင်သူများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းများကို သိမ်းဆည်းနိုင်သော ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေအပြင် ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေဖြင့်ပါ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
“ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူရင် ရဲစခန်းမှာ အမှုဖွင့်ပြီး လူကို တရားစွဲပါတယ်။ အကောက်ခွန် ဥပဒေအရ ပစ္စည်း သိမ်းပါတယ်။ ဥပဒေ နှစ်ခုစလုံးနဲ့ အရေးယူပါတယ်။ ကားပါရင် ကားကိုပါ သိမ်းပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဆိုသည်။
ထိုကဲ့သို့ ပညာပေးကာလတွင် ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများကို အကောက်ခွန် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်ခြင်း၊ အကောက်ခွန်သွင်းကုန် ကြေညာလွှာဖြင့် ကျသင့်အခွန် ပေးဆောင်စေခြင်းများ ဆောင်ရွက်ခိုင်းခဲ့ပြီး တရားမ၀င် ကန့်သတ် ကုန်ပစ္စည်း သယ်ဆောင်မှုများအား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းများ ပြုလုပ်နိုင် ခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်သည်။
ဆက်လက်၍လည်း တရားမ၀င် မှောင်ခိုဆီ တင်သွင်းသူများကို အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ထံမှ ကမ်းရိုးတန်းသွား ရေယာဉ်တစီး တောင်းခံထားပြီး ရေယာဉ်ရရှိသည့် နေ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော မြစ်ကြောင်းလှုပ်ရှား စစ်ဆေးရေး အဖွဲ့ဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု သိရသည်။
နိုင်ငံတော် အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ တရားဝင် ကုန်သွယ်မှု မြင့်မားလာစေရန်နှင့် စားသုံးသူ အကာအကွယ် ပေးရေးတို့ အတွက် Mobile Team က ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က
တရားဝင် တင်သွင်းခွင့် မပြုခဲ့သော ကုန်ပစ္စည်းများစွာ ရှိခဲ့သော်လည်း ယခုအခါ အရက်၊ ဘီယာနှင့် စီးကရက် တို့မှလွဲ၍ ခွင့်ပြုချက် လိုင်စင်ဖြင့် လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားကြောင်း Mobile Team အဖွဲ့က ဆိုသည်။ ဧရာဝတီ သတင်းမှ ကူးယူတင်ပြသည်