ရခိုင်ရေဘေးအတွက် ဂျပန် ALD အကူအညီများ ပေးရန် စီစဉ်


နိရဉ္စရာ

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် တခြားမြို့နယ်များတွင် ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ရေဘေးအတွက် ALD ဂျပန်မှ အကူအညီများ ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

အဖွဲ့တာဝန်ရှိသူ တဦးဖြစ်သူ ကိုကျော်သန်းလိုင်က “ ရေဘေး ဖြစ်ပေါ်ပြီးတဲ့ နောက်ပိုင်း ဇွန်လ ၂၆ ရက်နေ့မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဂျပန်) အနေနဲ့ မျက်နာစုံညီ အစည်းအဝေး တရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ အဓိကတော့ ရေဘေး ဒုက္ခသည်တွေကို တတ်နိုင်ဆုံး ကူညီပေးသွားဖို့ အတွက် ဖြစ်ပါတယ်။ အခု လက်ရှိ ကောက်ခံရရှိထားတဲ့ ငွေကြေး ပမာဏကတော့ ဂျပန်ယန်း တစ်သိန်း နီးပါးရှိနေပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကောက်ခံရရှိထားသောငွေများကို ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသား စေတနာရှင်များက ထည့်ဝင် လှူဒါန်းထားသော ကူညီငွေများ ဖြစ်ကြောင်း သိရသည်။

ရခိုင်ရေဘးအတွက် အလှူငွေများ ထည့်ဝင်ကြရန်အတွက်လည်း အလုပ်အမူဆောင်အဖွဲ့- ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ- ဂျပန်)မှ မေတ္တာရပ်ခံစာ တစောင်ကိုလည်း ရေးသားပေးပို့ထားသည်။

ငွေကြေးထည့်ဝင် ကူညီလိုသူများ အနေဖြင့် ကိုကျော်သန်းလိုင် (ဖုံး- ၀၉၀၄ ၂၉၆၃၄ ၉၀) နှင့် ကိုခင်မောင်ကျော် (ဖုံး - ၀၉၀၉၁၂ ၅၈၅၄၆) သို့ ဆက်သွယ် လှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း အဆိုပါ စာတွင် ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် အိမ်ထောင်စုပေါင်း ၂၉,၀၀၀ ခန့် ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး နေအိမ် ပေါင်း ၅,၀၀၀ နီးပါး ပျက်စီးခဲ့သည်။ ၎င်းတို့အနက်မှ ဘူးသီးတောင်၊ မောင်တောရှိ နေအိမ်ပေါင်း ၈၁၄ လုံးခန့်မှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ကုလ သမဂ္ဂ အစီရင်ခံစာ တစောင်တွင် ဖေါ်ပြထားသည်။ နေအိမ်ပေါင်း ၁,၀၀၀ ခန့်မှာ ပြန်လည်တည်ဆောက်ရန် အတွက် ဘဏ္ဍာရေး လိုအပ်နေကြောင်း ဖော်ပြသည်။

၎င်းပြင် ကျွဲနွား ၁၈၀ ခန့်သေဆုံးပြီး လယ်မြေများ ရေနစ်ခံရသဖြင့် လယ်သမားများအတွက် အကူအညီများ စွာလိုအပ်နေကြောင်း ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် နှစ်ပေါင်း ၅၀ အတွင်း ရခိုင်တွင် အကြီးမားဆုံးရေကြီးမူ ဖြစ်ပေါ်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ် နေရာ အတော်များများကို ရေများဖုံးလွှမ်းခဲ့သည်။

အဆိုပါ ရေဖုံးလွှမ်းမူနှင့် မိုးရွာ၍ ရေကြီးမူ၊ မြေပြိုမူကြောင်း လူပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း နအဖ စစ်အစိုးရမှ တရားဝင် ကျေညာသော်လည်း ဒေသအတွင်းက လာသော သတင်းများအရ သေဆုံးသူမှာ လူပေါင်း တစ်ရာကျော် ရှိကြောင်း သိရသည်။
Powered by Blogger.