အမျိုးသားနဲ့ကွာရှင်းတော့မယ့် သူငယ်ချင်းကို ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ


ရည်းစားနဲ့ လမ်းခွဲတဲ့အခါ အသည်းကွဲတဲ့ ဝေဒနာကိုခံစားရတာ တကယ့်ကို နာကျင်ပါလိမ့်မယ်။ ဒါဆို လက်ထပ်ထားတဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကွာရှင်းတဲ့အခါ ဘယ်လိုများနေမလဲ။ ပိုဆိုးတာပေါ့။ ဘ၀အတွက် ကိုယ်ရွေးချယ်ခဲ့တဲ့သူနဲ့ လမ်းခွဲလိုက်ရတဲ့အခါ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ အိပ်မက်တွေ ပြိုပျက်သွားနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးကြုံတွေ့ရတဲ့ သူငယ်ချင်းမျိုး ကိုယ့်ဆီမှာရှိလာခဲ့မယ်ဆိုရင် သူတို့ကို ဘယ်လိုနှစ်သိမ့်ပေးမလဲဆိုတာ တကယ်အရေးကြီးတဲ့အချက်ပါ။ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းကို နည်းမှန်လမ်းမှန်နဲ့ နှစ်သိမ့်ပေးတတ်ဖို့ ဒီအချက်လေးတွေ သိထားရပါလိမ့်မယ်။

၁။ကိုယ်ပြောတာထက် သူပြောတာကို ပိုနားထောင်ပေးပါ။

လူတော်တော်များများဟာ အချိန်တော်တော်များများ ကိုယ်ပြောချင်တာကိုသာ ပြောချတတ်ကြပြီး တစ်ဖက်လူရဲ့ပြောစကားကို သေသေချာချာ နားထောင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီအခြေအနေမျိုးမှာ ကိုယ့်သူငယ်ချင်းဟာ သူဘယ်လိုခံစားနေရတယ်ဆိုတာ ကိုယ့်ကို ပြောပြချင်နေမှာပါ။ အဲ့ဒီလိုအချိန်မျိုးမှာ သူပြောချင်တာတွေကို အကုန်အစင် ပြောပါစေ။ နားထောင်ပေးလိုက်ပါ။ ဒါကို ကိုယ်ကဖြတ်ပြီး ပြန်အဆင်ပြေသွားမှာပါဟာ၊ နင်ဘယ်လိုခံစားနေရလဲ ငါသိတယ်၊ လာအပြင်ထွက်ကြရအောင် စတာတွေ ပြောလိုက်ရင် ဒါသူ့ကို ကူညီပေးနေတာပဲလို့ ထင်နေပါလိမ့်မယ်။ ဒါမှားပါတယ်။ သူပြောချင်တာကို ဆုံးအောင်နားထောင်ပေးဖို့ကသာ ခုချိန်မှာ အရေးအကြီးဆုံးပါ။

၂။ကိုယ်ဘာလုပ်ပေးနိုင်မလဲ သူ့ကို မေးပါ။

ကွာရှင်းတယ်ဆိုတာ စာရွက်လေးတစ်ရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်တာဆိုပေမယ့် အဲ့ဒီနောက်ကွယ်မှာ ရှေ့နေ့တွေနဲ့စကားပြောဖို့၊ ဟိုသွားဒီသွားတွေ ရှိနိုင်ပါတယ်။ အဲ့ဒီလို သူအလုပ်ရှုပ်နေချိန်မှာ ကိုယ်ကအိမ်စောင့်ပေးတာမျိုး၊ ကလေးတွေ ကြည့်ပေးတာမျိုး စသဖြင့် သူ့အတွက် ကိုယ်ဘာကူညီပေးနိုင်မလဲဆိုတာ သေချာမေးပါ။

၃။နှစ်သိမ့်ပေးသလိုလိုနဲ့ သူမစိတ်ပိုညစ်အောင် မပြောမိပါစေနဲ့။

သူမနဲ့ရှိနေချိန်မှာ အိမ်ထောင်ရေးက အဲ့ဒီလိုပဲ ကောင်းကိုမကောင်းဘူး။ ယောင်္ကျားတွေဆိုတာ ဘာများကောင်းလို့လဲ စသဖြင့် တစ်ဗြစ်တော်တောက် ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုအချိန်မျိုးမှာ သူမကို နင်အိမ်ထောင်ပြုတာကိုက မှားတာဆိုတဲ့ သဘောမျိုးတွေ မပြောမိပါစေနဲ့။ ဒါဟာ သူမဘက်ကရှိသလိုလိုနဲ့ သူမခံစားရအောင် ပြောနေတာနဲ့ တူပါတယ်။

၎။အိမ်ထောင်ကွဲတော့မယ့် နှစ်ယောက်စလုံးနဲ့ သိနေတဲ့အခါ စကားအသွားအလာတွေကို ဆင်ခြင်ပါ။

ကိုယ်က ယောင်္ကျားနဲ့ရော မိန်းမနဲ့ပါ သူငယ်ချင်းဖြစ်နေတာမို့ သူတို့နှစ်ဦးကြားထဲ ညပ်နေခဲ့မယ်ဆိုရင်တောင် သူတို့တစ်ယောက်ချင်းစီ ကိုယ့်ကိုပြောတဲ့စကားတွေကို ရှုပ်သွားအောင် ဖလှယ်ပြောဆိုလိုက်တာမျိုးတွေ မလုပ်မိပါစေနဲ့။ သတိထားရမယ့် အပိုင်းပါပဲ။

၅။သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

အိမ်ထောင်ကွဲတော့မယ် သူ၊ ကွဲထားခါစသူတွေရဲ့ စိတ်ဟာ စိတ်ဓာတ်ကျတာ၊ နာကျင်တာတွေ ရှိကိုရှိနေကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဖေးဖေးမမနဲ့ ကြင်ကြင်နာနာ ဆက်ဆံပေးပါ။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေအောင် ကြည့်ရှုစောင့်ရှောက်ပေးပါ။ အနည်းဆုံး သူငယ်ချင်းဖြစ်တဲ့ကိုယ်က သူ့ဘေးမှာရှိနေသေးတယ်ဆိုတာ သိပါစေ။

Ref:womenshealthmag.com

 

No comments

Powered by Blogger.