ရန်ကုန်ဆေးရုံကြီးကို ခုတင် ၂၀၀၀ ဆံ့ တိုးချဲ့ပြီးပါက ပင်မအနီဆောင်ကြီးကို"ရှေးဟောင်းအမွေအနှစ်အဖြစ် ထားရှိမည်


လူနာအင်အား များပြားလာမှုကြောင့် ရန်ကုန်ဆေးရုံကြီးကို ၂၀၁၆ တွင် ခုတင် ၂၀၀၀ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့သွား မည်ဖြစ်ပြီး လက်ရှိ တိုးချဲ့နေသော အဆောက်အအုံများ ပြီးစီးပါက ပင်မအနီဆောင်ကို ရှေးဟောင်း အမွေအနှစ် အဖြစ် ထားရှိသွားမည်ဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းရရှိသည်။ ရန်ကုန်ဆေးရုံကြီး အနီရောင် ပင်မအဆောင်ကို ၁၉၀၅ တွင် စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး ယင်းပင်မအဆောင်ကို လူနာများ ထားရှိခြင်းနှင့် ဆေးဝါးကုသခြင်း များအတွက် အသုံးမပြုတော့ဘဲ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းလိုခြင်းကြောင့် ၁၂ ထပ်ဆောင် ကြီး ဆောက်လုပ်နေခြင်း ဖြစ်ကာ ၂၀၁၆ မတ်လအတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။ “၁၂ ထပ်ဆောင်က ၃၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ အဲဒီမှာဆိုရင် အရေးပေါ်ဌာန၊ ဓာတ်မှန်ဌာန၊ အဆင့်မြင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဖျားနာဆောင်၊ ခွဲစိတ်ဆောင်နဲ့ စာသင်ဆောင်တွေပါ ပါတယ်။ ဒါပြီးရင် လူနာတွေကို ပိုမိုပြီး ကြည့်ရှုပေးနိုင်ဖို့၊ ကုသပေးနိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ ပညာရပ်တွေ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ၁၂ ထပ်ဆောင်တို့၊ ငါးထပ်ဆောင်တို့ ဆောက်လုပ်ပြီးပြီဆိုရင် နောက်ပိုင်း ဒီအနီပင်မဆောင်ကြီးကို မသုံးတော့ဘူး။ လူနာမထားတော့ ဘူး။ အဲဒီက လူနာတွေကို ဒီဘက်ကို တဖြည်းဖြည်းရွှေ့မယ်။ ပင်မဆောင်ကို ရုံးတို့၊ ပြတိုက်တို့ အဲဒီလိုမျိုးလုပ် မယ်။ ရှေးဟောင်း အဆောက်အအုံကို ဆက်လက် ထိန်းသိမ်းသွားတဲ့ သဘောပေါ့” ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက် တာအေးကိုကိုက ပြောသည်။ ဆေးရုံအဆောက်အအုံများ တိုးချဲ့ခြင်း၊ စက်ပစ္စည်းများ တိုးမြှင့်ဝယ်ယူခြင်း၊ ဆေးဝါး ကုသပေးခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကထက် ဘတ်ဂျက်ငွေ သုံးဆခန့် ပိုမိုတောင်းခံ တင်ပြထားသည်ဟု ဆိုသည်။ ယင်းဘတ်ဂျက်ငွေများဖြင့် တိုးချဲ့ ငါးထပ်ဆောင်၊ ၁၂ ထပ်ဆောင်တို့အပြင် ဝန်ထမ်းအရာရှိများ နေထိုင်ရန် ၁၀ ထပ်ဆောင်အိမ်ရာ၊ ဝန်ထမ်းများအတွက် ရှစ်ခန်း တွဲ လေးထပ်ဆောင် နှစ်ဆောင်၊ ကင်ဆာဆောင်၊ စက်ပစ္စည်း ထားရှိရန် အဆောက်အအုံများကိုပါ ဆောက်လုပ်သွား မည် ဖြစ်သည်။ ခုတင် ၁၅၀၀ ဆံ့ ရန်ကုန်ဆေးရုံကြီးတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် ကုသကြသည့် အတွင်းလူနာ ၁၅၀၀ နှင့် ၁၆၀၀ ကြားရှိပြီး ပြင်ပလူနာ နေ့စဉ် ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ ၂၀၀၈ တွင် လာရောက် ကုသသူ လူနာဦးရေ ၁၅,၇၄၀ ဦး၊ ၂၀၀၉ တွင် ၃၇,၂၆၃ ဦး၊ ၂၀၁၀ တွင် ၄၃,၃၂၀ ဦး၊ ၂၀၁၁ တွင် ၄၆,၇၁၃ ဦး၊ ၂၀၁၂ တွင် ၅၀,၇၆၇ဦး၊ ၂၀၁၃ တွင် ၅၈,၀၃၁ ဦးနှင့် ၂၀၁၄ တွင် ၆၂,၄၆၈ ဦးရှိခဲ့ပြီး ယခု ၂၀၁၅ သြဂုတ်အထိ ၄၉,၀၀၀ ကျော် ရှိလာခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်ဟု ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။"

No comments

Powered by Blogger.