မြန်မာနိုင်ငံတွင် ပထမဆုံး မြေအောက်လူကူးလမ်း စတင်ဆောက်လုပ်မည်


ယာဉ်ကြောပိတ်ဆို့မှု အထိုက်အလျောက် လျော့ကျစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး မြေအောက် လူကူးလမ်းကို ရန်ကုန်မြို့တော်၊ ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင်အနီး ပြည်လမ်းမတွင် တည်ဆောက် မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ အကြီး တန်း အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ မှတ်တိုင်အနီးတွင် ယခင်က လူကူးခုံးကျော်တံတား တည်ဆောက် ရန် လျာထားခဲ့သော်လည်း တည်နေရာ အနေအထားနှင့် ပြည်သူလူထု အမှန်တကယ် အသုံးပြုစေရန် ရည်ရွယ် ကာ မြေအောက်လမ်းကို တည်ဆောက်မည်ဖြစ်ကြောင်း မြေအောက် လူကူးလမ်းကို ယခုဘဏ္ဍာနှစ်အတွင်း အပြီး သတ် တည်ဆောက်မည်ဖြစ်ပြီး လတ်တလောတွင် ဆောက်လုပ်မည့် ပုံစံကို ဒီဇိုင်းရေးဆွဲနေကြောင်း၊ နိုဝင်ဘာလ လကုန်ပိုင်းတွင် မြေသားစမ်းသပ်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ “တံတားတွေဆိုရင် များသောအားဖြင့် လူတွေက မသုံးကြဘူး။ လမ်းပေါ်ကပဲ ဖြစ်သလို ကူးတော့ အန္တရာယ်လည်း များသလို ယာဉ်ကြောလည်း ရှုပ်ထွေးနိုင်တယ်။ ဒါ့ကြောင့် ပြည်သူတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့အတွက် စီစဉ်တာပါ” ဟု ၎င်းက ဆိုသည်။ ယင်းမြေအောက် လူကူးလမ်း အရှည်မှာ ပေ ၈၀ ကျော် ရှိမည်ဖြစ်ပြီး စက်လှေကား ထည့်သွင်း တည်ဆောက်မည့် အခြေအနေကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ထံမှ သိရှိရသည်။ “မြေအောက်လမ်းကတော့ ခုံးကျော်တံတားနဲ့ သဘောတရား အတူတူပါပဲ။ အဓိက အရေးကြီးတဲ့ အချက်က ပြည်သူတွေ အမှန်တကယ် အသုံးပြုဖို့ပဲ လိုတာပါ၊ ဆောက်ပြီးမှ ပြည်သူမသုံးရင် ဘတ်ဂျက် ကုန်တာပဲရှိမယ်။ ပြည်သူတွေလည်း စည်းကမ်းတကျနဲ့ အသုံးပြုလာအောင် ဆောင်ရွက်ဖို့လည်း လိုပါတယ်” ဟု ဝါရင့် အင်ဂျင်နီယာ ဦးတင့်လွင်က ပြောဆိုသည်။ လက်ရှိ ရန်ကုန်မြို့တော်တွင် တည်ဆောက်ပြီးစီးသော လူကူးခုံးကျော် တံတား ၁၀ စင်းအထိရှိပြီး ကမ္ဘာအေး ခုံးကျော်တံတားနှင့် ပန်းဆိုးတန်း ခုံးကျော်တံတားတို့တွင် စက်လှေကားများ ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်ဟု ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။"

No comments

Powered by Blogger.