Facebook ရေဒီယို ဖမ်းယူ နားထောင်နိုင်ရုံမက ကိုယ်တိုင်လည်း လွှင့်တင်နိုင်မည်


ကမ္ဘာကျော် ဆိုရှယ်ကွန်ရက်ကြီး တစ်ခုဖြစ်သည့် Facebook သည် တိုက်ရိုက်အသံဖြင့် လွှင့်ထုတ် တင်ဆက်သည့် နည်းပညာ တစ်ခုကို စမ်းသပ်လျက်ရှိပြီး သူများ ထုတ်လွှင့် ပြောကြားချက်များကို နားထောင်နိုင်ရုံမက ကိုယ်တိုင်လည်း ထုတ်လွှင့် ပြောကြားမှုများ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ Facebook ကုမ္ပဏီသည် ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှု (Live Audio) စနစ်အား BBC သတင်းဌာန၊ စာအုပ် ထုတ်ဝေသူ HarperCollins စာအုပ်တိုက်၊ ဗြိတိန်မှ အသံလွှင့် ဌာနဖြစ်သည့် LBC နှင့် စာရေးဆရာများ ဖြစ်သည့် အဒမ် ဂရန့်၊ ဘရစ် ဘန်းနက်တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ယင်းသတင်းက ဆိုသည်။ ယခု စမ်းသပ် ထုတ်လွှင့်ရန် စီစဉ်လျက်ရှိသည့် Live Audio စနစ် အောင်မြင်သွားလျှင် Facebook သုံးစွဲ နေသူတိုင်းသည် တိုက်ရိုက် အော်ဒီယို စနစ်များဖြင့် အသံလွှင့် အစီအစဉ်များကို ကိုယ်တိုင် လွှင့်တင်နိုင်မည် ဖြစ်သည်။ လက်ရှိ Facebook ပေါ်တွင် အစီအစဉ် တစ်ခုကို တင်ဆက်လိုသူ အချို့သည် မိမိတို့ ပြောဆို တင်ပြလိုသည့် အကြောင်းအရာကို ဗီဒီယို ရုပ်မပါဘဲ အသံဖြင့်သာ တင်ဆက်လိုကြကြောင်း၊ Live Audio စနစ်သည် ရုပ်မပါဘဲ အသံသက်သက် တင်ဆက်နိုင်စေရန် အထူး စီစဉ်ပေးထားကြောင်း ယင်းဆော့ဖ်ဝဲကို လုပ်ဆောင်နေသည့် ရှာလီအဲ့ပ်နှင့် အင်ဂျင်နီယာ ဘာဗာနာ ရက်ဟာခရစ်ရှနမ်းတို့က ပြောကြားသည်။ တိုက်ရိုက် အသံလွှင့် အစီအစဉ်သည် ဆက်သွယ်မှုကွန်ရက် အားနည်းသည့် ဒေသများတွင်လည်း ထုတ်လွှင့်နိုင်မည်ဖြစ်ပြီး ယင်းအတွက် အထူး စီစဉ်ထားခြင်း ဖြစ်သည်။ Facebook အနေနှင့် အင်တာဗျူးများကို လူတိုင်း နားထောင်နိုင်စေရန်နှင့် စာအုပ်များကို ဖတ်ကြားချက်များကို နားထောင်နိုင်စေရန် ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး မကြာသော ကာလတွင် အသံ သတင်းများဖြင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်တော့မည်ဟု ခရစ်ရှနမ်းက ဆိုသည်။ http://thevoicemyanmar.com/it/4838-fac
Powered by Blogger.