မွေးစားခြင်းမှသည် ဝါးမြိုခံရခြင်းဆီသို့


ရှော့ပင်းစင်တာထဲကို ဈေးဝယ်လာတဲ့ ယောက်ျား/ ညစာစားပွဲတစ်ခုကို လာတဲ့ ယောက်ျား တစ်ယောက်ဟာ စွပ်ကျယ်အင်္ကျီ နဲ့ ဘောင်းဘီတိုကို ဝတ်လာချင်မှ ဝတ်လာရဲလိမ့်မယ် ။ ဒါပေမယ့် ခုခေတ် မိန်းမတစ်ယောက်ကတော့ အရှက် လုံရုံဝတ်ပီး ချက်ပေါ် ပေါင်ပေါ်နဲ့ ရင်သားကို တဝက်လောက်ထိ ပေါ်အောင် ဖော်ရဲလာကြတယ် ။ မေးပါရစေ။ မိန်းမတစ်ယောက်ရဲ့ ပေါင်ရင်းသား မိန်းမတစ်ယောက်ရဲ့ ချက်နဲ့ မိန်းမတစ်ယောက်ရဲ့ ရင်သားဟာ လူလယ်ကောင်မှာ ရဲရဲတင်းတင်း ဖော်ပြစရာ ဖြစ်နေပီလား ? အကိုနဲ့ညီမ အဖေနဲ့ သမီး အတူမြင်လို့မှ မသင့်တော်တဲ့ ဝတ်စားဆင်ယင်မှုတွေ ဘယ်လောက်ထိ ကူးစက်ပျံ့နှံ့ နေကြပီလဲ ? မြန်မာတွေရဲ့ ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုတွေ ဘယ်နား ရောက်နေကြပီလဲ ? တိုင်းတစ်ပါး ယဉ်ကျေးမှုကို အထင်ကြီးပီး မွေးစားရင်းကနေ အခုဆို ကျမတို့ကိုယ်ပိုင်ယဉ်ကျေးမှုကို ဝါးမြိုခြင်း ခံနေရပီ ထင်ပါတယ် ။ ဘယ်နေရာသွားသွား အပေါ်အောက် မလုံ့တလုံတွေပဲ တွေ့နေရတယ် ။ ကျမပြောရင် ဒါဟာ မိမိတို့ရဲ့ လွတ်လပ်ခွင့်ပါလို့ အမျိုးသမီးထုက အထွန့်တက်ကြမယ် ထင်ပါတယ် ။ မှန်ပါတယ် ။ သို့သော်လည်းပဲ ကျမတို့ဟာ မြန်မာနိုင်ငံသား ဗမာလူမျိုးတွေ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အပြည့်အဝ တာဝန်ရှိပါတယ်။ ကျမတို့လူမျိုး ကျမတို့နိုင်ငံဟာ နှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်အဆင့်အတန်းနဲ့ ကမ္ဘာ့စာမျက်နှာမှာ သိက္ခာရှိစွာ ရပ်တည်လာတာပါ ။ မြန်မာ့ရိုးရာဝတ်စုံဆိုပီး ကမ္ဘာမှာ သီးသီးသန့်သန့်ကို ရှိပါတယ် ။ အင်မတန် ဂုဏ်ယူဖို့ကောင်းတယ်။ ကျမအနေနဲ့ကတော့ ကျမတို့ မျိုးဆက်တွေအပေါ် တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကို လက်မခံနိုင်ပါဘူး ။ မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ ဝတ်စားဆင်ယင် ပြုမူနေထိုင်တာကိုပဲ လိုချင်ပါတယ် ။ အမြဲတမ်း ချိတ်ထဘီနဲ့ ရင်ဖုံးအင်္ကျီ ဝတ်ရမယ်လို့ ကျမ မဆိုလိုပါဘူး။ သို့သော်ငြားလည်း ဒူးနေရာဒူး တော်နေရာတော် ဆိုသလို ဝတ်စားဆင်ယင် တတ်ကြဖို့ပါ။ ဒါဟ အပိုလုပ်ပီး ပြောနေရခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေရဲ့ အဝင်အဝ--- လှေကားအတက်အဆင်းတွေမှာ … "စကတ်တို ၊ ဘောင်းဘီတို၊ လည်ဟိုက်ရင်ဟိုက်၊ ထဘီစကပ်အကွဲများနှင့် ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ခြင်း မပြုရ " ဆိုတဲ့ သတိပေးတားမြစ်ချက်တွေကို စိတ်မကောင်းစွာ တွေ့ရမှာပါ ။ ဒါဟာ ကျမတို့ လူမျိုးတွေ ကိုယ့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု လျော့ကျလာခြင်းရဲ့ ရလဒ်တစ်ခုပါပဲ ။ ဒီတားမြစ်ချက်ဟာ နိုင်ငံခြားသားတွေအတွက်လည်း ပါပါတယ် လို့ ကွန်ပလိန်းတက်ဖွယ်ရှိပါတယ် ။ မှန်ပါတယ် ။ သို့ပေမယ့် ဒီတားမြစ်ချက်ဟာ နိုင်ငံခြားယဉ်ကျေးမှု လွှမ်းမိုးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကြောင့် ဖြစ်ပေါ်လာရတယ် ဆိုတာ ဆိုင်းဘုတ်ချိတ်ဖို့ စေခိုင်းသူက ပိုသိမယ် ထင်ပါတယ်။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားရဲ့ အထွဋ်အမြတ်ထားရာတွေ ကိန်းဝပ်စံပယ်နေတဲ့ဒီလိုနေရာမျိုးတွေကို လျပ်ပေါ်လော်လီ အဝတ်အစားမျိုးနဲ့ လာရောက် ဖူးမျှော်ခြင်း မပြုနိုင်တာကိုက ကျမတို့ လူမျိုးတွေရဲ့ ယဉ်ကျေးတဲ့ အမူအကျင့်ဖြစ်ပီး အခြားသောဘာသာဝင်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ အချက်တစ်ချက်ပါပဲ ။ ဒါကို ကျမတို့က ဆက်လက် မစောင့်ရှောက်ကြဘူးဆိုရင် ကြာလာရင် ကျမတို့ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုတွေ ပျောက်ကုန်တော့မယ် ထင်ပါတယ် ။ အခုတောင် နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ တစ်ချို့ရဲ့ လက်စွမ်းပြမှုကြောင့် မြန်မာဝတ်စုံအချို့ဟာ အောက်လုံပေမယ့် အပေါ်မှာ ဖော်လို့ ပျက်စီးနေပါပီ။ ခေတ်နဲ့အညီ ပြောင်းလဲလာရတာကို လက်ခံနိုင်ပေမယ့် ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်လောက်အောင်အထိတော့ တိုင်းတစ်ပါးယဉ်ကျေးမှုကို မမွေးစားသင့်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုဟာ ကမ္ဘာ့အဆင့် မီပါတယ်။ တန်းဖိုးထားကြစေချင်တယ်။ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးနေတာတွေ လျော့ကျစေချင်တယ် ။ အမျိုးသမီးတွေကို သိက္ခာရှိရှိ လှစေချင်ပါတယ် ။ ps… ဒါက မိမိလူမျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်သွားမှာ စိုးရိမ်တဲ့ ကျမတစ်ဦးတည်းရဲ့ ခံယူချက်မျှသာ ဖြစ်ပါတယ်။ Zin Mar Thet
Powered by Blogger.