ဆူးလေဘုရားလမ်းတွင် လူကူးတံတားတစ်စင်း ထပ်မံတည်ဆောက်


ယာဉ်ကြောရှုပ်ထွေးကာ လူသွားလူလာများပြားသည့် ဆူးလေဘုရားလမ်းတွင် လူကူးတံတားသစ် တစ်စင်းကို စတင်တည်ဆောက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ယင်းတံတားကို အနော်ရထာလမ်းနှင့် ဆူးလေဘုရား လမ်းဆုံတွင် အောက်တိုဘာလက စတင်ဆောက် လုပ်ခြင်း ဖြစ်ပြီး၊ လူကူးခုံးကျော် တံတား ဆောက်လုပ်သည့် နေရာမှာ လူသွားလူလာနှင့် မော်တော်ယာဉ် ဖြတ်သန်းမှု များပြားခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို အထိုက်အလျောက် လျော့နည်းစေရန် ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “လက်ရှိတံတားနဲ့ မျက်နှာချင်းဆိုင်မှာ ဆောက်နေတာ၊ တံတားနှစ်ခုကို ချိတ်ပြီးတော့ သိမ်ကြီးဈေးက တံတားပုံစံလို ဖြစ်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ အဆိုပါ တံတားမှာ ပေ ၁၀၀ ရှည်လျားပြီး ၁၀ ပေ ကျယ်ကာ ကင်းလွတ်အမြင့်ပေ ၁၇ ပေ အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး တံတားတည်ဆောက်မှုကို ယခု ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ရန်ကုန်မြို့တော်ရှိ လူကူးခုံးကျော် တံတားစုစုပေါင်း ၁၀ စင်းအထိ ရှိပြီး ကမ္ဘာအေး ခုံးကျော်တံတားတို့တွင် စက်လှေကားများ ပါဝင်ကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရကြောင်း ၂၀၁၅ ခုနှစ် ၁၃ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

No comments

Powered by Blogger.