မြန်မာ တဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၃ ဦး ဖမ်းဆီးထား

ယနေ့ ပြုလုပ်သော ကိုသက်စိုး၏ အသုဘ အခမ်းအနား (ဓာတ်ပုံ- ကိုသန်းရွှေ)
ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ ဒေသ၌ မြန်မာအလုပ်သမား တဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အသတ်ခံရသူသည် အသက် ၂၂ နှစ် အရွယ် ကိုသက်စိုးဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက် ည ၂ နာရီဝန်းကျင်၌ အလုပ်မှ နေ အိမ်သို့ ပြန်လာစဉ် အသတ်ခံရခြင်း ဖြစ်ကြောင်း၊ ၎င်း၏ အသုဘ အခမ်းအနားကို ကော့စမွေ၌ ယနေ့ သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ကိုသက်စိုး၏ ဖခင်ဖြစ်သူ ဦးမောင်ဝင်းက ဧရာဝတီကို ပြောသည်။
လူသတ်တရားခံဟု ယူဆရသူ ၃ ဦးကို ကော့စမွေ ရဲတပ်ဖွဲ့က မတ်လ ၃ ရက်တွင် ဖမ်းဆီးထားသည်ဟု သိရသော်လည်း ကိုယ်တိုင် မမြင်တွေ့ရသေးကြောင်း ဦးမောင်ဝင်းက ဆက်ပြောသည်။
“ကိုသက်စိုးကို သတ်တဲ့သူတွေဟာ အသက် ၁၆၊ ၁၇၊ ၁၉ နှစ်ပဲ ရှိတဲ့ လူငယ်တွေလို့ ပြောတယ်၊ အမှု လျော့ကျသွားအောင် အသက်တွေကို ငယ်ထားတယ်လို့ တချို့က ပြောနေကြတယ်၊ ကျနော် ကိုယ်တိုင်တော့ မမြင်ဖူး သေးပါဘူး၊ ရဲတပ်ဖွဲ့ က လည်း ကျနော်တို့ဆီ ဆက်သွယ်တာ ပြောဆိုတာ ဘာမှမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။
ကိုသက်စိုးကို သတ်သူများသည် ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့ကိုယ်တိုင် ၀န်ခံ၍ ထိုင်းရဲများက မတ်လ ၃ ရက်တွင် ဖမ်းဆီးထားကြောင်း၊ တရားခံဟု ယူဆရသူများသည် အသက် ၂၀ ကျော် အရွယ်များ ဖြစ်သော်လည်း ထိုင်းအာဏာပိုင်များက အသက် ၂၀ အောက် လူငယ်များဟု ပြောဆိုထားကြောင်း၊ လူသတ်သူ ၃ ဦး အနက် ၂ ဦးကို အချုပ်ခန်းတွင်ထားပြီး အကျဉ်းထောင်သို့ တဦးကို ပို့ဆောင်ထားသည်ဟု သိရကြောင်း ကော့စမွေ လူမှုရေး အဖွဲ့မှ ကိုသန်းရွှေကလည်း ဧရာဝတီ ကို ပြော သည်။
“ဖမ်းထားတဲ့ သူတွေဟာ အသက် ၁၆ နှစ်၊ ၁၇ နှစ်လို့ ရဲတွေက ပြောဆိုနေတဲ့အတွက် ထိုင်းနိုင်ငံ ဥပဒေအရ ဆိုရင် ထိရောက်တဲ့ အရေးယူမှု လုပ်ကြတာ နည်းတယ်၊ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်နိုင်အောင် ဖိအားပေးသင့်ပါတယ်၊ မဟုတ်ရင် ထိုင်းအာဏာပိုင်တွေက သေချာ အရေးယူ ဆောင်ရွက်မှုရှိမှာ မဟုတ်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
အသတ်ခံရသူ ကိုသက်စိုး၏ ခန္ဓာကိုယ် ၀မ်းဗိုက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်တွေ့ရှိပြီး လည်ပင်းတွင် ဓားလှီး ဒဏ်ရာပါရှိကြောင်း၊ ၎င်း စီးလာသည့် ဆိုင်ကယ်အား လူသတ်သူများက မီးရှို့လိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း မီးရှို့ခံရခြင်း ဟုတ်မဟုတ် ဆိုသည်ကို အတိအကျ မသိရကြောင်း ကိုသန်းရွှေက ဆက်ပြောသည်။
ကိုသက်စိုးသည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မူးရစ်ကလေး ကျေးရွာမှ ဖြစ်ပြီး ထိုင်းနိုင်ငံ၌ မိသားစုဝင်များနှင့်အတူ နေထိုင်သူ ဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူ ဦးမောင်ဝင်းက ပြောသည်။
မူးရစ်ကလေး ကျေးရွာသူ တဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် မဖူးငယ်ငယ် (ခ) ချောငယ်ငယ် ဆိုသူသည်လည်း ကော့စမွေဒေသ၌ ဖေဖော်ဝါရီလ ၂၃ ရက်က အသတ်ခံခဲ့ရပြီး လူသတ်တရားခံများကို ဖမ်းမိထားကြောင်း သိရသည်။
ကော့စမွေအရပ်၌ လူမိုက်ဂိုဏ်များသဖွယ် အုပ်စုဖွဲ့ လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိခြင်းကြောင့် မြန်မာနိုင်ငံသားများအတွက် လုံခြုံစိတ်ချရမှု မရှိဟု ဆိုကြသည်။
ကော့စမွေ ဒေသ၌ မြန်မာနိုင်ငံသား ၅ သောင်းကျော် ရှိပြီး ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ ပန်းရံ အလုပ်များကို လုပ်ကိုင်ကြကြောင်း ကော့စမွေရောက် မြန်မာ နိုင်ငံသားများက ပြောဆိုသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က မှုခင်းကိစ္စများကို သံအမတ်ကြီး ကိုယ်တိုင် ညွှန်ကြားဆောင်ရွက်နေသည်ဟု ပြောဆိုသည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများကမူ မြန်မာသံရုံးနှင့် မြန်မာ အစိုးရတို့သည် အလုပ်သမား အရေး ကိစ္စများတွင် ပါဝင်ပူးပေါင်းမှု အားနည်းသည်ဟု ပြောဆိုကြသည်။
Powered by Blogger.