ဒီတသက် သင် ဘယ်လိုချစ်သူမျိုးနဲ့ ဖူးစာဆုံရမလဲ ... =========================


ကျွန်ုပ်တွင် လွန်စွာရင်းနှီးချစ်ခင်ရသော ငယ်သူငယ်ချင်းများ ရှိလေသည်။ ထိုသူငယ်ချင်းများအနက် တိုးကျော်နှင့် မိုးမိုးနှင်းဟူသော သူငယ်ချင်းနှစ်ဦးမှာ သူငယ်ချင်းချင်း အိမ်ထောင်ပြန်ကျကြလေသည်။ သူတို့သည် လွန်စွာမှ အချစ်ကြီး ချစ်ကြ၏။ ဘေးနားမှလူများပင် မနာလိုလောက်အောင်၊ အမြင်ကတ်လောက်အောင် တစ်ဦးကိုတစ်ဦး ယုယကြင်နာ ဖေးမကြလေ၏။ နှစ်ဖက်သောမိဘအသိုင်းအ၀ိုင်းတို့ကလည်း အထူးပင် သဘောတူထား၏။ သူတို့အိမ်ထောင်ကျသောအခါ နှစ်ဖက်မိဘတို့က အိမ်တစ်လုံးကိုပါ လက်ဖွဲ့လေ၏။ သူတို့နှစ်ဦးလုံးသည် ၀န်ထမ်းများဖြစ်ကြ၏။ အိမ်တွင်လည်း မွေးမြူရေးကြက်များမွေးထားခြင်း၊ အ၀ီစိတွင်းတူး၍ ဘေးအိမ်များသို့ ရေပိုက်ဖြင့်သွယ်ပြီး ရေရောင်းခြင်း ... စသည်တို့ကိုလည်း ကြိုးကြိုးစားစား ပြုလုပ်၍ စီးပွားရှာကြလေရာ၂ နှစ် ခန့်အချိန်အတွင်းမှာပင် သူတို့မိသားစုလေးသည် ထူးထူးခြားခြား ပြောင်ပြောင်ရောင်ရောင် ဖြစ်လာလေတော့၏။ ရလေလိုလေ အိုတစ္ဆေ ဟူသည့်စကားအတိုင်း သူတို့လင်မယားသည် လောဘဇောလည်း ပို၍ကြီးလာ၏။ ယခင်က သူတို့အိမ်လေးသည် ကျွန်ုပ်တို့သူငယ်ချင်းများအတွက် စားအိမ်သောက်အိမ် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရေတစ်ခွက်ကအစ ငြိုငြင်လာသောကြောင့် သူငယ်ချင်းများပင်လျှင် အကြောင်းကြီးငယ်မရှိဘဲ အ၀င်အထွက် မလုပ်ကြတော့ပေ။ နောက်ပိုင်းတွင် မိုးမိုးနှင်းသည် နှစ်လုံး သုံးလုံး ထိုးခြင်းတို့ကို သည်းသည်းမဲမဲကြီး လုပ်လာသည်ဟု ကြားသိရလေ၏။ သူတို့၏ ဆိုင်ကယ်လေးများကို ပေါင်ထားရသည်ဆိုသောသတင်း၊ ဆိုင်ကယ်တွေ အပေါင်ဆုံးသွားပြီဆိုသောသတင်း၊ အိမ်ကို ပေါင်ထားလိုက်ရပြီဆိုသော သတင်းများကို ကြားလာရလေတော့၏။ နောက်ဆုံးတွင်မူ အကြွေးပေါင်းစုံ ပတ်ချာဝိုင်းလျက် ယောက်ျားကတစ်နေရာ၊ မိန်းမကတစ်နေရာ အကြွေးရှောင်၍ပြေးကြရင်း လင်မယားပါ အပြီးတိုင်ကွဲ၍ နိဋ္ဌိတံခဲ့ရပါလေတော့၏။ နောက်ထပ် ကျွန်ုပ်သတိထားမိသော သူငယ်ချင်းစုံတွဲတစ်တွဲလည်း ရှိသေး၏။ သူတို့စုံတွဲမှာမူ နှစ်ဖက်မိဘများက လုံးဝ သဘောမတူသောကြောင့် ဇွတ်အတင်း ခွဲကြလေ၏။ ကောင်မလေး၏မောင်များနှင့် ကောင်လေးဘက်က ဆွေမျိုးများမှာလည်း ခိုက်ရန်ဖြစ်ပွားကြကာ ဆေးရုံရောက်သူရောက်၊ အချုပ်ထဲရောက်သူရောက်အထိ ဖြစ်ခဲ့ကြဖူးလေ၏။ နှစ်ဖက်မိဘများမှာလည်း အပြင်းအထန် ပြိုင်ဆိုင်နေကြသော လုပ်ငန်းပြိုင်ကြီးများ ဖြစ်ကြလေရာ ထိုသူနှစ်ဦး၏ ချစ်သူဘ၀ခရီးလမ်းမှာ ၀တ္ထုစာအုပ်များ၊ ရုပ်ရှင် ဇာတ်လမ်းများထဲက ချစ်ကံခေသူ စုံတွဲများထက်ပင် အဆိုးကြီး ဆိုးခဲ့လေ၏။ ၎င်းတို့နှစ်ဦးသည် ထိုသို့သောအခြေအနေများကြားမှပင် နှစ်ဖက်လုံးက ဆွေ ပြတ်မျိုးပြတ် ကြေညာခြင်းကို ကျေနပ်စွာခံယူလျက် မျက်စိစုံမှိတ်ပြီး မရရအောင် ယူခဲ့ကြလေ၏။ ၎င်းတို့တွင် သားဦးလေးတစ်ဦး ဖွားမြင်သောအခါတွင်မူ နှစ်ဖက်သော မိဘများသည် ယခင်ကစိတ်များပြောင်းလျက် မြေးဦးအပေါ်တွင် ကြီးစွာသော သံယောဇဉ်ဝင်လျက် ၎င်းတို့နှစ်ဦးအတွက်လည်း ရွှေလမ်းငွေလမ်း ပြန်ပွင့်ခဲ့ကြရလေတော့၏။ ယခုအခါတွင်မူ နှစ်ဖက်သောမိဘတို့ထံမှ ရရှိသော အမွေအနှစ်များကို အရင်းတည်လျက် ကျိကျိတက် ချမ်းသာကြွယ်ဝနေကြပြီ ဖြစ်ပါလေတော့၏။ ဘုရားတည်၊ ကျောင်း ဆောက်၊ သိမ်လှူ၊ လမ်းလှူ စသည်ဖြင့်လည်း သူတို့မိသားစုလေးမှာ အများပတ် ၀န်းကျင်၏ အားကျဖွယ် ဖြစ်နေရပါလေတော့၏။ နောင်တစ်ချိန်တွင် ကျွန်ုပ်သည် အဘမင်းသိင်္ခထံသို့ ရောက်ရှိသွားကာ ဗေဒင် ဆရာတစ်ဦး ဖြစ်လာခဲ့ရလေ၏။ ကျွန်ုပ်တို့ဗေဒင်ဆရာများထံသို့ လူငယ်များ ဗေဒင် လာမေးသောအခါ များသောအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးကို မေးလေ့ရှိကြလေ၏။ ဤခေတ်၊ ဤအခါတွင် အချစ်ရေးကသပ်သပ်၊ အိမ်ထောင်ရေးကသပ်သပ် ဟုလည်း ခွဲခြား၍ မြင်တတ်ကြပြန်လေ၏။ ဤလောက၌ အချစ်ရေးတွင်၊ ချစ်သူရည်းစားဘ၀တွင် ကံအကောင်းကြီး ကောင်းခဲ့ကြသော်လည်း အိမ်ထောင်ရှင်ဖြစ်သွားသောအခါ ဒူးနှင့်မျက်ရည် သုတ်နေ ရသူများ ရှိတတ်သကဲ့သို့ ချစ်သူရည်းစားဘ၀တွင် ကြမ်းတမ်းခက်ထန်သော ခရောင်း လမ်းကို ဖြတ်သန်းခဲ့ရပြီးသည့်နောက် အိမ်ထောင်ကျသွားသောအခါ ဘ၀ပန်းဥယျာဉ် ၌ စံမြန်းခွင့်ရသောသူများလည်း ရှိတတ်ပါလေ၏။ အချို့အတွက်သော်ကား သမီးရည်းစားဘ၀တွင်လည်း ပန်းခင်းလမ်းကိုလျှောက် ရကာ အိမ်ထောင်ကျသောအခါ၌လည်း ငြိမ်းချမ်းခြင်းသုခကို ခံစားရတတ်သကဲ့သို့ အချို့စုံတွဲများအတွက်မူကား သမီးရည်းစားဘ၀တုန်းကလည်း ယက္ခဂုမ္ဘန် ၀န်းရံခ၍ သောကပင်လယ် ဝေခဲ့ရပြီးလျှင် အိမ်ထောင်ကျသောအခါ၌လည်း ဘ၀မီးမုန်တိုင်း ဒုက္ခလှိုင်း၌ ဖြတ်သန်းရသည်များလည်း ရှိတတ်ပါလေတော့၏။ ဤတွင် ကျွန်ုပ်သည် လူငယ်လူရွယ်များ အမေးများတတ်သော၊ သိချင်စိတ် ပြင်းတတ်သော အချစ်ရေးဆိုင်ရာကံကြမ္မာတို့ကို အဘမင်းသိင်္ခပေးသောပညာဖြင့် အဖြေထုတ်ကြည့်မိပါလေ၏။ ဤတွင် ပေါ်ထွက်လာသောရလဒ်ကလေးများကို အောက်ပါအတိုင်း ချမှတ်ရေးသားလိုက်ရပေတော့သတည်း။ မိမိ၏ မြန်မာမွေးခုနှစ်ကိုတည်၍ ၇ ဖြင့်စားပါ။ #(၁)ကြွင်းသော် အချစ်ရေးတွင် ကံအခေဘက်သို့များတတ်သည်။ ချစ်သူရည်း စားကို လူသိမခံဘဲ လျှို့ဝှက်ထားရတတ်သည်။ တိတ်တခိုးအချစ်၊ အုံ့ပုန်းချစ်များ ကြုံရတတ်သည်။ နှစ်ဖက်အသိုင်းအ၀ိုင်းမှ မလိုလားသောချစ်သူမျိုးနှင့် ဖူးစာဆုံရ တတ်ပေသည်။ #(၂)ကြွင်းသော် အချစ်ရေးတွင် အပြောင်းအလဲများတတ်သည်။ မိမိက မည်မျှ ပင် အချစ်ကြီးချစ်၍ သံယောဇဉ်ကြီးစေကာမူ ကံအခြေအနေက ရည်းစားများရန် ဖန်လာတတ်ပေသည်။ မည်မျှပင် ချစ်ကြသောစုံတွဲဖြစ်စေကာမူ ကွဲကွာရန်ကြမ်္မာဆိုး များက ပေါ်ပေါက်လာတတ်ပေသည်။ #(၃)ကြွင်းသော် အချစ်ရေးကံ အထူးကောင်းသူ၊ ချစ်ခွင့်ပန်သူများ ၀ိုင်းဝိုင်း လည်နေတတ်သူ၊ မျက်နှာအထူးပွင့်လန်းသူ ဖြစ်တတ်ပေသည်။ ဂုဏ်ယူစရာ၊ ကြွား လောက်စရာ ချစ်သူကို ရတတ်ပေသည်။ ငွေကြေး၊ ဥစ္စာ၊ ရာထူးဂုဏ်ရှိန်၊ ပညာဂုဏ် တို့နှင့် ပြည့်စုံသောသူနှင့် ဖူးစာဆုံရတတ်ပေသည်။ #(၄)ကြွင်းသော် အချစ်ရေးတွင် မထင်မှတ်သော ကံအခြေအနေများ ကြုံရတတ်သည်။ ရည်ရွယ်သည်ကတခြား၊ ဖြစ်လာသည်က တခြား ဖြစ်တတ်သည်။ မထင်မှတ်ဘဲ အိမ်နီးချင်းချင်း ရည်းစားဖြစ်ခြင်း၊ သူငယ်ချင်း၏ရည်းစားနှင့် ဖူးစာဆုံခြင်း၊ ရာထူးဂုဏ်ရှိန်ကြီးမားသော အသိုင်းအ၀ိုင်းမှ ချစ်သူနှင့် ဖူးစာဆုံရခြင်းများ ဖြစ်တတ်ပေသည်။ #(၅)ကြွင်းသော် အချစ်ရေးကံတွင် ထူးထူးခြားခြားကောင်းတတ်သည်။ ရာထူး ဂုဏ်ရှိန်၊ စီးပွားဥစ္စာ၊ ပညာဂုဏ်သတင်း ကျော်ဇောသောသူများနှင့် နဖူးစာ ရွာလည်ရတတ်ပေသည်။ မျက်နှာပွင့်၊ စန်းပွင့်သော ချစ်သူရည်းစားကို ရတတ်သည်။ အချစ် ကြီးချစ်တတ်သော၊ သစ္စာကြီးသောချစ်သူမျိုးနှင့် ကံဆုံရတတ်ပေသည်။ #(၆)ကြွင်းသော် အချစ်ရေးတွင် ကံခေမှုများတတ်သည်။ အချစ်ကြီးချစ်လျက် ခွဲခွာရခြင်း၊ ပေါင်းဖက်ခွင့်မကြုံခြင်းများ ပေါ်ပေါက်လာတတ်သည်။ အားငယ်တတ်သော၊ မိမိထက် ပညာ၊ ဥစ္စာ၊ ရာထူး အားနည်းသောချစ်သူမျိုးနှင့် ကြုံရတတ်သည်။ မိမိကသာ အစစအရာရာ ဖေးမအားပေးရသော ချစ်သူမျိုးကို ရတတ်ပေသည်။ #(၀)ကြွင်းသော် အပေါ်ယံအားဖြင့် သာမန်ဖြစ်သော်လည်း မိမိအပေါ် အထူး အချစ်ကြီးသည့်၊ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်မပြတတ်ဘဲ ချစ်တတ်သည့် ချစ်သူမျိုးကို ရတတ်ပေသည်။ စည်းစနစ်ကြီး၍ အမြဲဆရာလုပ်တတ်သူ၊ ငွေကြေးနှင့်ပစ်္စည်းတို့ အပေါ် စည်းကမ်းကြီးသူ၊ ခြိုးခြံခြွေတာတတ်သူ၊ အမှတ်သည်းခြေကြီးသူများနှင့် ဖူးစာဆုံရတတ်ပေသည်။ သဗ္ဗေဓမ္မာ ဇင်ယော်နီ

No comments

Powered by Blogger.