မိုင်လေဆိုင်းရပ်စ်ကို မျက်ရည်ကျစေခဲ့သည့် ကင်ဆာရောဂါသည် ကလေးငယ်၏ ဖျော်ဖြေမှုရုပ်သံ ရေပန်းစား
နာမည်ကျော် ပေါ့ပ်အဆိုကျော်တဦးဖြစ်တဲ့ မိုင်လေဆိုင်းရပ်စ်ကို မျက်ရည်ကျစေခဲ့တဲ့ ကင်ဆာရောဂါသည် မိန်းကလေးတဦးရဲ့ ဖျော်ဖြေမှုရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ မိုင်လေဟာ အဖော်ဖြစ်သူ လီအမ် ဟမ်းစ်ဝါ့သ်နဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့မှ ရက်ဒီကလေးဆေးရုံဆီ သွားရောက်ခဲ့တာပါ။ အသက် ၈ နှစ်အရွယ် ကင်ဆာရောဂါသည် မိန်းကလေး ဂျူလီယာ ဒေးဗစ်ဆင်ဟာ မိုင်လေတို့ ရောက်လာခဲ့ချိန်မှာ Rainbow Connection သီချင်းကို အိပ်ယာပေါ်မှ သီဆိုပြခဲ့တာပါ။ မျက်ရည်တွေဝိုင်းနေတဲ့ မိုင်လေဟာ သီဆိုဖျော်ဖြေအပြီးမှာ “အရမ်းကိုကောင်းလို့ မျက်ရည်ကျရပါတယ်။ သမီးသိရဲ့လား။ သမီးသီချင်းဆိုနေချိန်မှာ တယောက်ယောက်ကို မျက်ရည်ကျစေနိုင်လောက်အောင် ဆိုနိုင်တာဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပေါ့၊ တကယ့်ကို ကောင်းတာပဲ” လို့ အားပေးခဲ့တာကို တွေ့ရပါတယ်။ လီအမ်ကလည်း “ဝိုး၊ တကယ့် အံ့သြစရာပဲဟေ့” လို့ ချီးကျူးခဲ့တာပါ။ သူတို့ ၂ ဦးဟာ ဘယ်သူ့ကိုမှ အကြောင်းကြားမထားခဲ့ဘဲ ဆေးရုံကို ရောက်ရှိလာခဲ့ကာ လူနာကလေးငယ်တွေကို ဖျော်ဖြေအားပေးစကားတွေ ပြောခဲ့ကြတာပါ။ အဲဒီနောက် မိုင်လေဟာ လူနာကလေးငယ်တွေ၊ မိဘတွေနဲ့အတူ ဓာတ်ပုံတွေတွဲရိုက်ခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေခဲ့တာပါ။ မိုင်လေဟာ The Happy Hippie အမည်နဲ့ ဖောင်ဒေးရှင်းတခုကို ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိမ်ခြေယာမဲ့ လူငယ်တွေ၊ လိင်တူချစ်သူတွေနဲ့ တခြားလိုအပ်တဲ့ လူမှုရေးပြဿနာနဲ့ ရင်ဆိုင်နေရသူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဆေးရုံတာဝန်ရှိသူတွေကတော့ “ဒီနေ့ ဆေးရုံကို လူတွေ ဘယ်တော့မှ မမေ့စေမယ့် လူ ၂ ယောက် လာသွားခဲ့တယ်။ အရမ်းကို အံ့သြစရာပေါ့။ ကျေးဇူးတင်ပါတယ်။ မိုင်လေနဲ့ လီအမ်။ ဆေးရုံက လူနာတွေဆီ ဝမ်းသာပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ The Happy Hippie ကိုရော ကျေးဇူးတင်ပါတယ်” လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးခဲ့ပါတယ်။
credit;dvb