မြန်မာပြည်က မာဆက် က ညီမတို့ကို အကူညီပေးကြပါအုံး လို့ ပြောသံများ ထွက်ပေါ်လာပြီ အမြန်နိပ်ကြည့်ရန်
မာဆက် က ညီမတို့ကို အကူညီပေးကြပါအုံး
↔↔↔↔↔↔↔↔ညီမတို့ကို ကယ်ပါ”
သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံပြီး လူဝင်ဆံ့သည့် အသိုက်အဝန်း တစ်ခုမှ လာသည်ဟု ယူဆသော ဖောက်သည်အချို့ကို သူမတို့က ထိုသို့ တိုးတိုးလေး ကပ်၍ ပြောတတ်သည်။
တာမွေမြို့နယ်၊ အသောက မှတ်တိုင်အနီးရှိ နာမည်ကျော် အိုအေစစ် အနှိပ်ခန်းကြီးတွင် သူမတို့ စုစုပေါင်း ၈၁ ယောက် ရှိကြသည်ဟု သူမတို့ထဲမှ ဘွဲ့ရ ပညာတတ် တစ်ဦးဖြစ်သူ အသက် ၂၁ အရွယ် ဖြူစင်က ပြောပြသည်။
“ညီမနာမည် ဖြူစင် ဆိုတာလည်း ဒီက ပေးထားတဲ့ နာမည်ပါ။ ညီမတို့မှာ မာဆတ်ရောက်မှ ပေးထားတဲ့နာမည် ကိုယ်စီ ရှိသလို နံပါတ် ကိုယ်စီလည်း ရှိကြတယ်။ ညီမနံပါတ်က (...) ပါ။ ညီမ အခုလို ခိုးပြီး ဆက်သွယ် ခဲ့တာက ညီမတို့တွေ အားလုံး ဒီထဲမှာ ပိတ်မိနေပြီး ခေါင်းပုံဖြတ်ခံနေရလို့ အကူအညီ တောင်းရတာပါ၊ ညီမတို့ကို ကယ်ပါ”
မဖြူစင်၏ ဆက်သွယ် ပြောကြားချက်များ ဖြစ်သည်။
မဖြူစင်မှာ ထားဝယ်ဇာတိဖြစ်ပြီး ရုက္ခဗေဒ အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ဘွဲ့ရပြီးနောက် မိဘများ သဘော မတူသည့် သူနှင့် အိမ်ထောင်ပြုသဖြင့် မိဘ၏ စွန့်ပစ်ခြင်း ခံရသည်။
ကလေး တစ်နှစ်သား အရွယ်တွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ထောင်ကျသည်။
ထိုသို့ဖြင့် ကလေးကို မိတ်ဆွေ အမျိုးသမီးထံတွင် အပ်ခဲ့ကာ ကလေး၏ နောင်ရေးနှင့် သူမ၏ စားဝတ်နေရေး အတွက် ယခု အိုအေစစ် မာဆတ်သို့ ရောက်ခဲ့သည်ဟု သိရသည်။
“ဒီမှာက လစာတစ်လ နှစ်သောင်း ရပါတယ်။ တစ်ဆက်ရှင် (တစ်နာရီ) ကို ဧည့်သည်က ၄၅၀၀ ပေးရတယ်။ ကျွန်မတို့ က တစ်ဆက်ရှင်ကို (၈၀၀) ရပါတယ်”ဟု ဖြူစင်က ပြောပြသည်။
ခေတ်၏ အပျက်အယွင်း၊ ဘဝ၏ အခြေအနေအရ ထိုသို့ အကျိုးတူ လုပ်ကိုင် စားနေကြရသော အနှိပ်ခန်း ပိုင်ရှင်များနှင့် အနှိပ်သမငယ်လေးတို့၏ကြားမှ ပြဿနာကား အဘယ်နည်း။
“ဆိုင်မှာက ဒဏ်ပေးတာတွေ ရှိတယ်။ ကောင်မလေး တစ်ယောက်ကို တစ်ရက် ကိုးဆက်ရှင် ပြည့်ရတယ်။ ကိုးဆက်ရှင် မပြည့်ရင် လစာထဲက ၅၀၀၀ ဖြတ်တယ်။ တစ်လလုံးကိုလည်း ၂၀၁ ဆက်ရှင် ပြည့်ရတယ်။ မပြည့်ပြန်ရင် တစ်သောင်း ထပ်ဖြတ်ပြန်တယ်။ ကောင်မလေးချည်း ၈၁ ယောက် ရှိတဲ့နေရာမှာ တစ်နေ့ ကိုးယောက်တော့ လူတိုင်း ဘယ်ရပါ့မလဲ။ အဲဒီတော့ ကျွန်မတို့မှာ လစာထုတ်ရင် ဒဏ်ကြေးတွေ နုတ်တာနဲ့ တစ်ယောက် နှစ်သောင်းတောင် မကျန်ဘူး”ဟု မဖြူစင်က ဆိုသည်။
ထိုဆိုင်ရှိ အမျိုးသမီးငယ် အများစုသည် ဧရာဝတီတိုင်း ဘက်မှ အသက် ၁၈ နှစ် မပြည့်သေးသည့် တိုင်းရင်းသူ လေးများ ဖြစ်ကြပြီး ပညာ အရည်အချင်း နိမ့်ပါးသူ လေးများဖြစ်သည်ဟု သိရသည်။
“ဧည့်သည်က မူးရင် ဟိုကိုင် ဒီကိုင် ကိုင်တယ်။ ဒါပေမဲ့ ညီမတို့မှာ အောင့်အည်း သည်းခံရပါတယ်။ တကယ်လို့ မသည်းခံလို့ ဧည့်သည်က ပြဿနာ ရှာရင် ညီမတို့ ငါးထောင် အဖြတ် ခံရပါတယ်။ ညီမ မလုပ်ချင် တော့ဘူး”ဟု ဆိုလာသူက မဖြူစင်၏ လုပ်ဖော်ကိုင်ဖက် မလဝန်းဖြစ်သည်။
ထိုသို့ ဒဏ်ကြေး အတပ်ခံရသည့်အပြင် နောက်ထပ် ဘိုင်မရခြင်းဆိုသည့် ကိစ္စအတွက်လည်း ကျပ် ငါးထောင်ဖြတ်သည့် စနစ်က ရှိနေပြန်သည်။
“ညနေ ၅ နာရီဆို ညီမတို့ အလုပ် စဝင်ရတယ်။ ၅ နာရီခွဲလို့ ဘိုင်မခေါ်နိုင်ရင် ငါးထောင် ထပ်ဖြတ်ပြန်ပါတယ်။ ဘိုင်ဆိုတာက ကိုယ့်နာမည်ကို တပ်ပြီး မာဆတ်ခန်း လာဝင်တဲ့ သူကို ခေါ်တာပါ။ အဲဒီအတွက် ညီမတို့မှာ ၅ နာရီ ဆိုတာနဲ့ မဖြစ်မနေ ကိုယ်နဲ့ ရင်းနှီးတဲ့ ဖောက်သည်ကို ကိုယ့်ဆီ လာချင်အောင် ဖုန်းဆက်ပြီး မြူဆွယ် ခေါ်ရတယ်။ အိမ်ထောင်သည်တွေလည်း ပါတာပေါ့။ ငရဲလည်း ကြီးပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ပိုက်ဆံ အဖြတ် မခံရဖို့ အရေးကြီးတယ်”ဟု မလဝန်းက ထပ်ဆင့် ဆိုသည်။
မိမိသဘော မတူသည့် အလုပ်ကို ဆက်မလုပ်ချင်လျှင် အလုပ် ထွက်ခွင့်ရှိသည်မဟုတ်လော။
အဘယ့်ကြောင့် သူမတို့မှာ လစာ နည်းသည့်အပြင် ခေါင်းပုံဖြတ်ခံနေရပြီး အမျိုးသမီးတို့၏ ကာယိနြေ္ဒကိုပါ နေ့စဉ် ထိပါးခံနေရသည့် ထိုနေရာမှ မထွက်ခွာကြသနည်း။
“ထွက်လို့ မရဘူး။ ညီမတို့က ဆိုင်အပေါ် ထပ်မှာပဲ အဆောင်နဲ့ နေရတယ်။ ဆိုင်ရှင်က မြန်မာနိုင်ငံသား မဟုတ်ပါဘူး။ မြန်မာစကား လုံးဝ မတတ်တဲ့ တရုတ် နိုင်ငံသားပါ။ သူက တစ်ခါတလေမှ လာပါတယ်။ သူကတော့ ညီမတို့ကို စကား မပေါက်လို့ ဘာမှ မပြောပါဘူး။ ညီမတို့ကို အဲဒီတရုတ် ကိုယ်စား ပိုင်ရှင် နာမည်ခံရတဲ့ ဦးလေးကြီးနဲ့ မြန်မာလူမျိုး မန်နေဂျာတို့က အဓိက ကွပ်ကဲပါတယ်။ အတက်အဆင်း လှေကားမှာ လုံခြုံရေး ချထားပါတယ်။ အနှိပ်ခန်း တစ်ခုလုံးမှာလည်း CCTV တွေ တပ်ထားပြီး မန်နေဂျာနဲ့ အစောင့်တွေက စောင့်ကြည့်နေပါတယ်”ဟု မဖြူစင်က ပြောသည်။
မဖြူစင် ပြောသလိုပင် မလဝန်းကလည်း ဆိုင်မှ မထွက်ခွာရခြင်းမှာ သူ့အကြောင်းနှင့် သူ ရှိနေပေသည်။
“ညီမက အိမ်ကို ငွေပြန်ပို့နေရတယ်။ အိမ်မှာက စားဝတ်နေရေး အဆင် မပြေဘူး။ ဒီမှာက တစ်လ တစ်လ ဒဏ်ကြေးတွေ ဖြတ်တော့ ရတာနည်းတယ်။ အဲဒီတော့ လစာတွေ ကြိုထုတ်ပြီး အိမ်ကို ပို့ပေးရတယ်။ ညီမ ထွက်ပြေးရင် သူတို့က ရဲနဲ့ဖမ်းပြီး တရားစွဲမှာတဲ့။ အိမ်မှာ ကိုယ့်တစ်ယောက်စာ သက်သာလည်း မနည်းဘူး။ ဒီမှာ နေစရာ၊ စားစရာလေး ရတယ်လို့ပဲ ဖြေသိမ့်နေရတယ်”ဟု အသက် (၁၇) နှစ်သာ ရှိသေးသည့် မလဝန်းက ဆိုသည်။
မလဝန်းသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော် ဇာတိဖြစ်သည်။ သူ၏ မိဘများမှာ အငှားပျိုးနုတ်သူများ ဖြစ်ပြီး မောင်နှမ ငါးယောက်နှင့် စားဝတ်နေရေး ကျပ်တည်းသည့် မိသားစုဖြစ်သည်။
“ရွာက သူငယ်ချင်း တစ်ယောက်က ဒီမှာ လုပ်နေတာ။ သူကတော့ အလှပြင်ဆိုင်မှာလို့ပဲ ပြောတယ်။ သူ့ကို လာခေါ်တဲ့ ပွဲစား အန်တီနဲ့ ချိတ်ဆက်ပြီး ဒီကို ရောက်လာတာပါပဲ”ဟု လဝန်းက ဆိုသည်။
လဝန်းသည် ပညာ အရည်အချင်း သုံးတန်းသာ တက်ရောက်ဖူးသည့် တိုင်းရင်းသူကလေး တစ်ဦးဖြစ်သည်။
မြန်မာ့သမီးပျိုတို့၏ ခေါင်းပုံဖြတ်ခံ လုပ်အားအတွက် ပိုင်ရှင် လူမျိုးခြား သူဌေးကား တစ်နေ့လျှင် ထမင်း နှစ်နပ်သာ ကျွေးပါသည်။
“နေ့လယ် ၁ နာရီ တစ်ကြိမ်၊ ညနေ ၄ နာရီ တစ်ကြိမ်ပါ၊ အသားဟင်း တစ်ပတ်ကို နှစ်ကြိမ် ကျွေးပါတယ်။ အသား တစ်ဖတ်စီပါ။ အသီးအရွက်ကတော့ နေ့တိုင်းပါ။ ၄ နာရီ နောက်ပိုင်းဆို ဘာမှ မစားရတော့ဘူး။ နောက်တစ်နေ့ နေ့လယ် ၁ နာရီအထိပါပဲ။ အပြင်လည်း မထွက်ရတော့ ဆာရင် စားဖို့ ဘာမှ မရှိပါဘူး။ ဒီလိုပဲ အငတ် ခံရတာပေါ့”ဟု မဖြူစင်က ဆိုသည်။
အမျိုးသမီးငယ် ၈၁ ဦးမျှအထိ ရှိသော ထိုကဲ့သို့ ဧရာမ အနှိပ်ခန်းကြီးကို တာဝန်ရှိသူ အာဏာပိုင်တို့ မျက်စိမှောက်နေကြသည်လား။
“တိုင်းက ရဲအရာရှိဆိုတာတွေ၊ နောက် ဌာနဆိုင်ရာ လူကြီးဆိုတာတွေ လာကြတဲ့အခါ နှစ်ဆက်ရှင် အလကား နှိပ်ပေးရတယ်။ သူတို့ခိုင်းတာ သေချာလုပ်ပေး ရပါတယ်။ သူတို့လာတဲ့ ညဆို ညီမတို့ ဆက်ရှင်ကြေး လုံးဝ မရပါဘူး။ သူတို့ ငြိုငြင်လို့ အဖမ်းအဆီး လုပ်ရင် ပိုင်ရှင်က ပိုက်ဆံရှိတော့ လွတ်တယ်။ ညီမတို့သာ ပြည့်တန်ဆာမှုနဲ့ ထောင်ကျမယ်လို့ မန်နေဂျာတွေက ပြောပြထားလို့ သူတို့ကို ကြောက်ရပါတယ်။ ထောင်ထက်စာရင် ဒီမှာကမှ တော်သေးတယ်လေ”ဟု မဖြူစင်က ဆိုသည်။
မဖြူစင်တို့ကား တိုင်းတစ်ပါး လုပ်ငန်းရှင်၏ လောဘနွံတွင် နစ်မွန်းနေရသည့်အခါ အားကိုးရာ ကောက်ရိုး တစ်မျှင်အစား ကိုယ့်လူမျိုး ကိုယ်ကူထိုးမည့် ဝါးတွေနှင့်သာ တွေ့နေရသည့်ဘဝ။
စုံစမ်းချက်များအရ အဆိုပါ တရုတ် လူမျိုး အနှိပ်ခန်းပိုင်ရှင်တွင် အိုအေစစ် အနှိပ်ခန်းအပြင် အိုမီကာ၊ အော်စကာ၊ အိုဆာကာ အမည်ရှိ အနှိပ်ခန်းများလည်း ရန်ကုန်မြို့ရှိ အခြား နေရာများတွင် ဖွင့်လှစ်ထားသေးကြောင်း သိရသည်။
“ရန်ကုန်မြို့ထဲမှာ ၂၀၁၆ ခုနှစ်အတွင်း အခုလို တရားမဝင် အနှိပ်ခန်း ဆယ့်နှစ်ခုကို အရေး ယူခဲ့ပြီးပါပြီ။ နောက်ထပ်လည်း ထိထိရောက်ရောက် အရေးယူဖို့ ဆောင်ရွက်သွားပါ့မယ်”ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် တတိယမြောက် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောကြားခဲ့သည်။
“တကယ်ဆို ပိုင်ရှင်တွေကို လူကုန်ကူးမှု ပုဒ်မ (၂၄) နဲ့ အရေး ယူသင့်တယ်။ ဒါပေမဲ့ ခက်တာက အနှိပ်ခန်းတွေ ဝင်ဖမ်းလိုက်တိုင်း အမျိုးသမီးငယ်လေးတွေကို ပြည့်တန်ဆာ ပုဒ်မနဲ့ တပ်ပြီး စွဲတာ အများစု မြင်နေရတယ်။ ပိုင်ရှင် အစစ်တွေကို မမိဘဲ မန်နေဂျာလောက် အဆင့်နဲ့ပဲ အမှုတွေက တည်ဆောက်နေတာ များတယ်။ ဒါတွေကို သေချာ စိစစ်ပြီး အရေးယူသင့်ပြီ။ ပိုင်ရှင်က နိုင်ငံခြားသား ဖြစ်နေတယ်ဆို လဝကအက် ဥပဒေတွေနဲ့ပါ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရတော့မှာ”ဟု ဥပဒေ အကြံပေး တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်စောက ဆိုသည်။
“ပြဿနာ တစ်ခုက အမှုဖြစ်ပြီးရင်လည်း ပိုင်ရှင်တွေက ကလေးမလေးတွေကို အမျိုးမျိုး ဖိအားပေး၊ ခြိမ်းခြောက်ပြီး ထွက်ဆိုချက်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားကြတာတွေ အများကြီး တွေ့ဖူးတယ်။ လက်ရှိ အလားတူ လူကုန်ကူးမှု အတော်များများမှာလည်း အဲဒီလိုပဲ ကြုံနေရတယ်”ဟု လူကုန်ကူးမှု ပြဿနာများကို လိုက်လံ ကူညီပေးနေသူ NGO ဝန်ထမ်း မခိုင်ချောစံက ဆိုသည်။
ရန်ကုန်ည၏ ခေတ်ပေါ် ယဉ်ကျေးမှု ဘဝတွင် ဘီယာဘား၊ ကေတီဗီ၊ အနှိပ်ခန်း၊ ညကလပ်စသည်တို့နှင့် ယဉ်ပါးခဲ့သည်မှာ အချိန်ကာလ ကြာမြင့်ခဲ့ပေပြီ။
လူတန်းစား အချို့၏ အပန်းဖြေရေး၊ လူတန်းစား အချို့ရှိ စီးပွားရေး၊ လူတန်းစား အချို့၏ စားဝတ်နေရေးအတွက် အဆိုပါ နေရာများမှာ ယေဘုယျ လိုအပ်ချက်ထဲ ပါဝင်နေသည်ကား မှန်သည်။
သို့သော် ယခုကဲ့သို့ မတရား ခေါင်းပုံဖြတ်ကာ ပိတ်လှောင် ထားကြသည့် နေရာများ ရှိနေသည်ကား အရုပ်ဆိုး အကျည်းတန်လှ၏။
ယင်းသို့သော အခြေအနေအတွက် ရွှေဂုံတိုင်ရှိ မြန်မာ့ရိုးရာ အနှိပ်ခန်းနှင့် ဆီလိမ်း အနှိပ်ခန်းတို့ ပါဝင်သည့် ဟိုတယ်တစ်ခု၏ မန်နေဂျာအဖြစ် တာဝန် ထမ်းဆောင်နေသူ တစ်ဦး၏ အမြင်မှာမူ စဉ်းစားစရာပင်။
“ဒီလိုမာဆတ်တွေကို တရားဝင်အဖြစ် ဖွင့်လှစ်ခွင့် မပေးတဲ့အတွက် ဒီလို ခေါင်းပုံဖြတ်မှု ပြဿနာတွေ ရှိနေမှာပဲ။ ခိုးကြောင် ခိုးဝှက်ဖြစ်နေသမျှ ဒါမျိုးတွေ ရှိနေမှာပဲ။ တရားမဝင်ဘူးဆိုပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ပဲ အပေးအယူ သက်သက် ရှိလာတဲ့အခါ အဂတိ လိုက်စားမှုလည်း ပိုဆိုးတယ်၊ တိုင်းပြည်အတွက်လည်း အခွန်ငွေလည်း နစ်နာတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပြီးတော့ အနှိပ်ပညာဟာ တကယ်ဆို ကျန်းမာရေးနဲ့ ဆိုင်တဲ့ ရှုထောင့်က ဖြစ်တယ်။ ဒါပေမဲ့ အခု မြန်မာပြည် အခြေအနေက အနှိပ်ကို လိင်ဝန်ဆောင်မှုနဲ့ ရောထွေးနေတယ်။ အဲဒါက အနှိပ်ခန်းတွေဟာ တရားမဝင် ညစ်ညမ်းတဲ့ နေရာတွေအဖြစ် ဥပဒေ ရှုထောင့်က ရှုမြင်ထားလို့ပဲ”
ဤသို့ ဤနှယ်သော အခြေအနေကို နည်းလမ်းတကျ ရှုမြင် သုံးသပ်ကာ ပြင်ဆင်မှု မပြုနိုင်သမျှ မဖြူစင်နှင့် မလဝန်း အပါအဝင် မြန်မာမိန်းမငယ်လေးများ နည်းမျိုးစုံဖြင့် မတရားသဖြင့် ခေါင်းပုံဖြတ် အမြတ် ထုတ်ခံနေရဦးမည်က မလွဲ။
ဟိုတယ်များတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်း၊ ဂျပန် အကြောပြင်ကဲ့သို့ အနှိပ်ခန်း၊ မျက်မမြင်များ ဝန်ဆောင်မှု ပေးနေသော အနှိပ်ခန်းကဲ့သို့ တရားဝင် မှတ်ပုံတင်ကာ ဝန်ဆောင်မှု ပေးနေသော အနှိပ်ခန်း အနည်းငယ်သာ ရှိနေပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ရိုးရာ အနှိပ်ပညာကို စနစ်တကျ ဖော်ထုတ်ထိန်းသိမ်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့် ပေးထားသည့်အတွက် အမျိုးသမီးကြီးငယ် များစွာတို့ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားနိုင်သည့်အပြင် နှစ်စဉ် ဘတ်ငွေသန်း ရာချီ ရှာဖွေနိုင်သော လုပ်ငန်း တစ်ခုပင် ဖြစ်နေလေသည်။
မြန်မာနိုင်ငံတွင်ရော ...။
စနစ်တကျနှင့် တရားဝင်ဖြစ်အောင် ဖန်တီးပေးမည်ဆိုလျှင် နိုင်ငံလည်း အခွန်ရ၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွား အခွင့်အလမ်းတို့ ဖန်တီးပေးရာ ရောက်သည့်အပြင် မဖြူစင်၊ မလဝန်းတို့လို မိန်းကလေးတို့၏ အနေအထား တစ်မျိုး ပြောင်းသွားမည်သာ ...။
အပေါ်ထပ်ရှိ အဆောင်ခန်းနှင့် အောက်ထပ်တွင် ဖွင့်လှစ်ထားသော နှစ်ယောက်တွဲ အနှိပ်ခန်းများထဲတွင်သာ နိစ္စဓူဝ ဘဝကို ပိတ်လှောင်ခံ ဖြတ်သန်းရင်း လုပ်အား ခေါင်းပုံဖြတ်ခံနေရသည့် ၈၁ ယောက်သော ဆယ်ကျော်သက် အမျိုးသမီးငယ်လေးများ အားလုံးနီးနီးမှာ ယခုဘဝကို လွတ်မြောက်ချင်ကြပြီဟု ဆက်သွယ်လာသူ မဖြူစင်နှင့် မလဝန်း နှစ်ယောက်လုံးက အခိုင်အမာ ဆိုလာသည်။
မန်နေဂျာနှင့် လုံခြုံရေးများ၏ အမျိုးမျိုးသော ခြိမ်းခြောက်မှုများကြောင့် ထိုနေရာမှ ထွက်ပြေးရန် မဝံ့ရဲကြဟုလည်း ဆိုသည်။
လူမျိုးခြား တိုင်းတစ်ပါးသား၏ စီးပွားရေး နယ်ချဲ့မှုကား သစ်၊ သဘာဝ ဓာတ်ငွေ့စသော သယံဇာတမှ စတင်ကာ ဘာယူယူ ငါးထောင် ဆိုသည့် လမ်းဘေး ဆိုင်လေးများအလယ်၊ မြို့ပြ အမှောင်ဘဝများထဲမှ အနှိပ်ခန်းများ အထိပင် ကြီးစိုးနေရာယူလျက် ရှိနေပေပြီ။
နိုင်ငံရေး၊ စီးပွားရေး စသော အခြေအနေ အရှုပ်အထွေး အမျိုးမျိုးဖြင့် ကျပ်တည်းနေသော ကာလတွင် မဖြူစင်တို့ တစ်သိုက်၏ ခိုးကြောင်ခိုးဝှက် မဝံ့မရဲဖြင့် အကူအညီ တောင်းလာသော အသံမှာ ခပ်တိုးတိုးသာ ဖြစ်မည်။
သူတို့လေးတွေ၏ အသံမှာ တိုးကောင်း တိုးနိုင်သော်လည်း နားစွင့်သူတို့အဖို့ ကြားနိုင်ပါသည်။
ကြားနိုင်သူတို့အဖို့ လက်လှမ်းမီသူများကို သတင်း ပေးနိုင်မည်။
လက်လမ်းမီသူများက သူတို့၏ ဘဝလေးများကို ကယ်တင်နိုင်ပါလိမ့်မည်။
ထို့ကြောင့် သူတို့လေးတွေ ကိုယ်စား မဖြူစင်က ပြောနေသည်။
“ညီမတို့ကို ကယ်ကြပါ”
31.12.2016
6:05 pm
7day new