ပြန်ပေးဆွဲရန် ကြံစည်မှုဖြင့် လူတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့ ဖမ်းဆီး အိုဘားမား၏ ခွေးများကို ပြန်ပေးဆွဲရန် ကြံစည်မှုဖြင့် လူတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့ ဖမ်းဆီး


သမ္မတ ဘာရတ်အိုဘားမား၏ အချစ်တော်ခွေးများကို ပြန်ပေးဆွဲရန် ကြံစည်မှုဖြင့် လူတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မြောက်ပိုင်းဒါကိုတာ ပြည်နယ်တွင်နေထိုင်သည့် စကော့ စတော့ကက်ဆိုသော အမျိုးသားသည် အိုဘားမား၏ အချစ်တော် ခွေးနှစ်ကောင်အနက် တစ်ကောင်ကို ဖမ်းဆီးခေါ်ယူကာ ပြန်ပေးဆွဲရန် ကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အိုဘားမား မိသားစုတွင် ဘိုနှင့် ဆန်နီခေါ် အချစ်တော် ခွေးလေးနှစ်ကောင်ရှိပြီး စတော့ကက်က အဆိုပါခွေးများကို ပစ်မှတ်ထားခဲ့ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့က စတော့ကက်၏ ကားကို စစ်ဆေးရာ ပြောင်းတိုသေနတ်တစ်လက်၊ ရိုင်ဖယ်တစ်လက်နှင့် တောခုတ်ဓား တစ်လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စတော့ကက်ကို ရဲများက ဟန့်တားဖမ်းဆီးချိန်တွင် ၎င်းသည် သောင်စဉ်ရေမရ စကားများစွာ ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။ ယင်းတို့အနက် မိမိသည် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရန် စီစဉ်နေကြောင်း၊ ထို့အပြင် မိမိသည် အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီနှင့် နာမည်ကျော်မင်းသမီး မာရီလင် မွန်ရိုးတို့၏ သားဖြစ်ကြောင်း အစရှိသည်တို့လည်း ပါဝင်သည်။

လတ်တလောတွင် စတော့ကက်သည် ကိုလံဘီယာပြည်နယ်၏ သေနတ်ကိုင်ဆောင်မှုဆိုင်ရာဥပဒေအရ စွဲချက်တင် ခံထားရသည်။ အိုဘားမားမိသားစုသည် ၂၀၀၉ ခုနှစ်တွင် ဘိုကို စတင်မွေးမြူပြီး ၂၀၁၃ ခုနှစ်တွင် ဆန်နီက အိမ်ဖြူတော်သို့ ရောက်လာခဲ့ကြောင်း သိရသည်။

Ref: BBC

No comments

Powered by Blogger.