သင်လိုချင်တဲ့ ချစ်သူဘ၀ ရည်မှန်းချက်တွေက သင့်အချစ်ရေးကို မသိမသာ ဖျက်ဆီးပစ်ပုံ (၄) မျိုး


ဆိုရှယ်မီဒီယာက သင့်ရဲ့ newsfeed မှာ ကြည်နူးစရာတွေပြည့်နှက်နေတဲ့ တခြားစုံတွဲတွေရဲ့ Selfie ဓာတ်ပုံတွေ၊ စေ့စပ်လက်စွပ်ပုံတွေ နဲ့ သူတို့ နှစ်ယောက် ပွတ်သီးပွတ်သပ်နေနေတဲ့ပုံတွေက ပေါ်ပေါ်လာတတ်ပါတယ်။ ဒီပုံတွေကို ကြည့်ပြီး သင့်မှာ မနာလိုစိတ်တွေလည်း ဖြစ်ရမှာပေါ့။ ဒီအခါမှာ ကိုယ့်ရဲ့ ချစ်သူဘ၀ရည်မှန်းချက်လေးတွေနဲ့ သူတို့ ရဲ့ ချစ်သူဘ၀တွေကို သွားနှိုင်းယှဉ်ကြည့်မိတဲ့အခါ ကိုယ့်ရဲ့ ချစ်သူအပေါ်ကိုပဲ မကျေမချမ်းတွေဖြစ်ရ၊ ဘာလို့ သူက ဒီလိုပုံစံမျိုး မဟုတ်ပါလိမ့်လို့ မေးခွန်းတွေ ထုတ်မိမှာပါ။ ကိုယ့်ချစ်သူကို သူများတွေလိုဖြစ်စေချင်တာက တကယ်တမ်းကျတော့ အချစ်ရေးကို ပိုမို ထိခိုက်စေနိုင်ပါတယ်။

၁။ ဒါက ကိုယ့်အချစ်ရေးကို တန်ဖိုးလျော့စေတယ်

တခြား ချစ်သူတွေရဲ့အချစ်ရေးကိုမှ အရမ်းကို အားကျလွန်းနေပြီဆိုတာက၊ ကိုယ့်အချစ်ရေးကို ကိုယ်တန်ဖိုး လျော့ချလိုက်တာပါပဲ။ စုံတွဲတွေဖြတ်ကျော်ရတဲ့ အခက်အခဲတွေကို နှစ်ကိုယ်ကြားကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဘ၀ခရီးလမ်းတွေဟာလည်း ခြားနားမှု ရှိပါတယ်။ သူတို့ ဟာ ပြီးပြည့်စုံလွန်းတဲ့စုံတွဲလို့ ထင်ရပေမယ့်၊ သူတို့ အချစ်ရေးမှာ ပြဿနာမရှိတာ မဟုတ်ပါဘူး။

၂။ တကယ့်ဇာတ်လမ်းအပြည့်အစုံကို သင်မသိလို့ ပါ

လူတွေဟာ တခြားလူတွေမြင်စေချင်ကြတဲ့ အရာတွေကိုပဲ ဆိုရှယ်မီဒီယာမှာ တင်ကြပါတယ်။ တခြားလူတွေ အထင်ကြီးအားကျအောင်၊ ဒါမှမဟုတ်လည်း Like များများရအောင် စသဖြင့်ပေါ့။ ဒါပေမယ့် တကယ်တမ်း ကျတော့ ကန့် လန့် ကာနောက်ကွယ်မှာ ဘာဖြစ်နေလဲဆိုတာ သင်သိနိုင်မှာမဟုတ်ပါဘူး။

၃။ သင့်ကိုမျှော်လင့်ချက်တွေကုန်ခန်းစေနိုင်တယ်

ကိုယ်နဲ့ သူများတွေကို နှိုင်းယှဉ်တဲ့ ကစားနည်းကို သင်စကစားပြီးဆိုတာနဲ့ သင့်မှာ မျှော်လင့်ချက်တွေ၊ အားအင်တွေ ကုန်ခန်းသွားနိုင်ပါတယ်။ လက်တွေ့ မကျတဲ့သင့်ရဲ့ မျှော်မှန်းချက်တွေက စိတ်ပင်ပန်းမှုတွေကိုပဲ ရစေနိုင်ပြီး ကိုယ့်အချစ်ရေးက မကောင်းကွက်တွေကိုပဲ ကွက်ကြည့်သွားတတ်စေပါတယ်။ ဒီလို ဖြစ်မယ့်အစား ကိုယ့်ချစ်သူကို ကိုယ်ခံစားနေရတာကို ဖွင့်ပြောကြည့်ပါ။

၎။ ကိုယ့်အချစ်ရေးရဲ့ တစ်မူထူးခြားချက်လေးတွေကို မေ့သွားစေနိုင်တယ်

ကိုယ့်ကောင်လေးက တစ်ချိန်လုံးရိုမန်တစ် မဆန်တတ်တာ၊ ပန်းတွေမပို့ ပေးတာ၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူမှာလည်း ထူးခြားတဲ့ အချက်လေးတွေ ရှိမှာပါ။ သူတို့ မလုပ်တတ်တဲ့အရာတွေကို ကွက်ကြည့်နေမယ့်အစား၊ သူတို့ ရဲ့ကောင်းကွက်လေးတွေကို ရွေးကြည့်ကြည့်ပါ။ ရိုမန့် စ် ဆိုတာ ရုပ်ရှင်ကားတွေထဲမှာ သင်မြင်နေရသလို၊ ဆိုရှယ်မီဒီယာမှာ သင်မြင်နေရသလို မဟုတ်ပါဘူး။ ရိုမန့် စ်ဆိုတာ သင်ခြေထောက်တွေနာနေတုန်းမှာ သူကဂရုတစိုက်နဲ့ ပွတ်သပ်နှိပ်နယ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ကိုယ့်ချစ်သူနှစ်ယောက်ကြားမှာပဲ အဓိပ္ပါယ်တွေပြည့်နှက်နေပြီး ထူးခြားကြည်နူးဖွယ်ရာတိုင်းက ရိုမန့် စ် ပါပဲ။

Ref: yourtango 

No comments

Powered by Blogger.