လိပ်ကျွန်းအမှု ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုများကို ထိုင်းရဲတပ်ဖွဲ့ပယ်ချ


လိပ်ကျွန်း လူသတ်မှု စီရင်ချက် ထွက်ပေါ်လာပြီးနောက် အမှုကို ပြန်လည်သုံးသပ် စစ်ဆေးပေးရန် မြန်မာဖက်မှ တောင်းဆိုမှုများကို ထိုင်းရဲတပ်ဖွဲ့က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၄ ရက်က ဗြိတိန်နိုင်ငံသား ခရီးသည် နှစ်ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလုပ်သားနှစ်ဦးကို ကော့စမွီ တရားရုံးက သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။ အဆိုပါ အမှုတွင် ရဲတပ်ဖွဲ့၏ စစ်ဆေးကိုင်တွယ်ပုံ အားနည်းချက် များစွာ ရှိနေကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ကြသလို ရန်ကုန်ရှိ ထိုင်းသံရုံးနှင့် အခြားနိုင်ငံများတွင်လည်း မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ရှိခဲ့သည်။
 
အစောပိုင်းတွင် Bangkok Post သတင်းစာက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ကို ၎င်းလက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ကာယကံရှင်က ပြန်လည် ဖြေရှင်းမှုအရ မိမိတို့၏ ဘာသာပြန် အမှားကြောင့် အဓိပ္ပါယ် လွဲသွားခြင်းဟု Bangkok Postက ပြန်တောင်းပန်ခဲ့သည်။ ဦးဝင်းမောင်က အဆိုပါ အမှုကို ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဟု သိရသည်။
 
ထို့အတူ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်ကလည်း အစွပ်စွဲခံ မြန်မာလူငယ် နှစ်ဦး၏ အမှုအတွက် သက်သေအထောက်အထားများကို ပြန်လည် စစ်ဆေး သုံးသပ်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။
 
မြန်မာဖက်မှ ထိုကဲ့သို့ တောင်းဆိုမှုများ ရှိနေသည့်တိုင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် စစ်ဆေးခဲ့မှုများကို ပြန်လည်သုံးသပ်ပေးရေးကို တော်ဝင်ရဲတပ်ဖွဲ့က ယတိပြတ် ပယ်ချခဲ့သည်။ တရားစီရင်မှုတွင် ပါဝင် အစစ်ဆေးခံခဲ့သည့် ထိုင်းရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက မိမိတို့ တင်သွင်းခဲ့သည့် DNAစစ်ချက်များ၊ အခြားသော တင်ပြမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
 
ထိုင်းရဲတပ်ဖွဲ့၏ လက်ထောက် ပြောရေးဆိုခွင့်ရ အရာရှိ ပီယာဖန် ပင်မူအန်က အမှုကို ပြန်လည်စစ်ဆေးရန် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုသွားခဲ့သည်။ ရဲချုပ် ပီယာဖန်က “DNA စစ်ချက်တွေကို ညာလို့မရဘူး”ဟု ဆိုသည်။ ၎င်းက အမှုစီရင်ချက်အပေါ် ဆန္ဒပြ ကန့်ကွက်နေမှုများသည် နိုင်ငံရေးအရ မရိုးသားသည့် ရည်ရွယ်ချက်များ ပါဝင်နိုင်ပြီး မြန်မာ ပြည်သူများ အနေဖြင့် ယင်းအခြေအနေကို နားယောင်ကာ လမ်းမှားမလိုက်သင့်ဟုလည်း မှတ်ချက်ပေးခဲ့သည်။
 
ပြီးခဲ့သည့် နှစ်အတွင်းက ထိုင်းနိုင်ငံတွင် လူသတ်မှုနှင့် ပတ်သက်၍ စွဲချက်တင်ခံရသူ မြန်မာ ၁၂၆ ဦး ရှိခဲ့သော်လည်း ယခုလို ဆန္ဒပြမှုများ ယခင်က လုံးဝ မပေါ်ပေါက်ခဲ့ဖူးကြောင်းလည်း ၎င်းက ပြောကြားသွားသည်။
 
Ref: Bangkok Post

No comments

Powered by Blogger.