ဂျပန်ခေတ် ရထားသံလမ်းဟောင်း၊ ဗိုလ်ချုပ်အောင်ဆန်း 3Dပြခန်း၊


မြန်မာ-ထိုင်း သေမင်းတမန် ရထားလမ်းနှင့် ပြတိုက်ကို တွေ့ရစဉ်
ဂျပန်ခေတ် ရထားသံလမ်းဟောင်း၊ ဗိုလ်ချုပ်အောင်ဆန်း 3D ပြခန်း၊ ဒုတိယကမ္ဘာစစ် ဓာတ်ပုံ၊ ခေတ်ဟောင်း ရေနွေးငွေ့ ရထားစက်ခေါင်းတို့ဖြင့် မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြတိုက်ကို သံဖြူဇရပ်မြို့တွင် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ဖွင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဦးနိုင်မင်းအောင် (ဥက္ကဋ္ဌ ပြတိုက်ဖြစ်မြောက်ရေး ကော်မတီ) က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

“ရည်ရွယ်ချက်ကတော့ အရင်မီးရထား ပြတိုက်နေရာကို ဒေသဖွံ့ဖြိုးရေးနဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ မြို့နယ်စည်ပင်နဲ့ ပူးပေါင်းကာ မြေနှစ်ဧကကို ပြတိုက် တည်ဆောက်ခဲ့တာပါ၊ ပြတိုက်အပေါ်ထပ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း စစ်သင်္ချိုင်းဖွင့်ပွဲတုန်းက မိန့်ခွန်း ပြောနေတဲ့ပုံကို၊ 3D ပုံရေးဆွဲထားပါတယ်၊ နောက်ပြီး ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်တဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ချိတ်ဆွဲပါမယ်၊ အောက်ထပ်မှာတော့ သေမင်းတမန်ရထားလမ်း 3D ပုံရေးဆွဲထားပါတယ်။ ပြတိုက်အ၀င်မှာ ဖားပြရွာက လှူထားတဲ့ ဂျပန်ခေတ် သံလမ်းဟောင်းကိုထားရှိပြီး၊ ချွေးတပ်သားတွေ ရဲ့ အလုပ်လုပ်နေပုံ ရုပ်တုတွေ လုပ်ထားပါတယ်၊ ပြတိုက်ရဲ့အ၀င် ဘယ်ဘက်မှာ နိုင်ငံတကာ သုံ့ပန်းတွေရဲ့နိုင်ငံအလံထားဖို့ ရှိပါတယ်၊ ကွက်လပ်မှာ သင့်တော်မယ့် 3D ပုံဆွဲ ဖို့ရှိပါတယ်”ဟု ဦးနိုင်မင်းအောင်က ပြောကြားသည်။

အဆိုပါပြတိုက်ကို ၂၀၁၅ခု ဧပြီလက စတင်၍ တလမွန်ကုမ္ပဏီက ကျပ်သိန်း၁၅၀၀ ကျော်ဖြင့် တည်ဆောက်ခဲ့ပြီး၊ နှစ်ဧက ပန်းခြံပြုပြင်မှုကို ကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း၊ ဖွင့်ပွဲနေ့တွင် ပြတိုက်ပန်းခြံမှ ဂျပန်များ တည်ထားသည့် ဂျပန်ဘုရားနားထိ ရထားလမ်းတွင် ရေနွေးငွေ့သုံး ရတားစက်ခေါင်းဖြင့် အပျော်ခရီး ပြေးဆွဲမည်၊ ဒုတိယကမ္ဘာစစ် သမိုင်းရုပ်ရှင်ကားများလည်း  ပြသမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း  ပြတိုက်ဖွင့်လှစ်ပြီးပါက မြို့နယ် စည်ပင်နှင့် ညှိနှိုင်းကာ အခကြေးငွေဖြင့် ပြသရန် ရှိကြောင်း သိရသည်။

Writer: 
မောင်မောင်ရွှေမြိုင် (မော်လမြိုင်)

No comments

Powered by Blogger.