ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးကျ
ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းလာမှုကြောင့် မြန် မာ့ရွှေဈေးနှုန်းလည်း လိုက်ပါကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် အောက်တိုဘာလလယ်တွင် တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်းအထက်သို့ ရောက်ရှိခဲ့ပြီး ထိုစဉ်က ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၁၈၆ ရှိခဲ့ရာမှ နိုဝင်ဘာလ ၆ ရက်နေ့တွင် အမေရိ ကန်ဒေါ်လာ ၁,၁၀၇ သို့ ကျဆင်းသွားချိန်တွင် မြန်မာ့ရွှေဈေးလည်း ကျဆင်းလာခြင်း ဖြစ်သည်။ မြန်မာ့ရွှေဈေးနှုန်း မှာ နိုဝင်ဘာလ ၁ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ၇၈၄,၀၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် ဈေးကွက် အဖွင့်ဈေး ၇၆၉,၀၀၀ ကျပ်ရှိကြောင်း ရန်ကုန်ဈေးကွက်အတွင်းမှ သိရသည်။ အမေရိကန်ဒေါ်လာ တန်ဖိုးခိုင်မာမှုနှင့် ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်မည့် အစီအစဉ်တို့ကြောင့် ကမ္ဘာ့ရွှေဈေး မှာ ကျဆင်းလာခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ “ပြီးခဲ့တဲ့လတုန်းက ကမ္ဘာ့ရွှေဈေးတက်တော့ မြန်မာ့ရွှေဈေးလည်း လိုက်တက်တယ်၊ အခုကမ္ဘာ့ရွှေဈေး ကျတော့ မြန်မာ့ရွှေဈေးပါ လိုက် ကျတယ်။ ဒါက မြန်မာ့ရွှေရဲ့ မခိုင်မာမှုကို ပြတာပေါ့။ အခုက ကမ္ဘာ့ရွှေဈေး အတက်အကျပေါ် မူတည်ပြီး မြန် မာ့ရွှေဈေးက လိုက်ဖြစ်နေတာ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က ဆိုသည်။ လက်ရှိ မြန်မာ့ရွှေဈေးကွက် အတွင်း အနေအထားမှာလည်း အရောင်းအဝယ် အေးစက်နေကြောင်း တိတ်စိန်ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။ သီတင်းပတ် သုံးပတ်အတွင်း မြန်မာ့ရွှေဈေးမှာ ၄ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်း သွားပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရှိခဲ့သော ရွှေဈေးနှုန်းအောက် ကျပ်သုံးသောင်းခွဲဝန်းကျင် ပြုတ်ကျ သွားကြောင်း ပြည်တွင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။"
No comments